Friday, November 11, 2011

ရေကူးတတ်သူများ










ရေရောက်ပြီလား။ မပြန်သေးဘူးလား။

မပြန်ဘူး၊ ရေကူးတတ်တယ်ဟေ့…။



အခုတော့ နှုတ်ဆက်စကားအသစ် ပေါ်နေတယ်။



ဒါက ဘန်ကောက်ရောက် မြန်မာပြည်သားတွေ ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့ကြရင်ပဲဖြစ်ဖြစ် မမေးမဖြစ်၊ မေးနေကြ၊ နှုတ်ဆက်နေကြတဲ့ စကားလုံးတွေပါ။



စက်တင်ဘာလ လဆန်းကတည်းက ရွာက တစ်ချို့မိဘတွေ ကိုယ့်သားသမီးကို ပြန်လာခိုင်းကြတာ တွေ့နေရတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းက ရေစကြီးကတည်းကပေါ့။



ဘန်ကောက်မှာရေကြီးတော့မယ်၊ နင်တို့တွေ မပြန်လာနိုင်ပဲဖြစ်ဦးမယ် အစုံပါပဲ။ သားသမီးတွေဘက်လည်း ဘာမှ မဖြစ်ဘူး၊ သူဌေးတွေ အာမခံတယ်၊ ထိုင်းတွေတောင် ဘာမှ မကြောက်ပဲ အဖေအမေတို့ ဘာလို့ ကြောက်နေရတာလဲပေါ့လေ…။



ခမ်းကီးတို့အဖွဲ့နေတဲ့ တိုက်ခန်းမှာလဲ တစ်နေ့ထက်တစ်နေ့ မြန်မာပြည်က ဖုန်းအထိုးပိုများလာတယ်။ တစ်ချို့မိဘတွေဆို သားသမီးမပြန်ကြလို့ ငိုနေကြတယ်။ ပိုက်ဆံမရလည်း လူပဲပြန်လာကြ၊ ငွေက အရေးမကြီးဘူး၊ လူပဲ အရေးကြီးတယ်။ အဲလောက်ထိ စိုးရိမ်နေကြတယ်။



ခမ်းကီးအပါအ၀င် တစ်ချို့ယောင်္ကျားတွေက မပြန်ဘူးဟေ့..၊ ငါတို့ ရေကူးတတ်တယ် လို့ ကြုံးဝါးလို့လေ။



အယုဓ္ဒယအထိ ရေကြီးလာတော့ တစ်ချို့လူတွေ မပြန်လို့ မဖြစ်တော့ဘူး။ မိဘတွေက တစ်နေ့လုံး ဖုန်းထိုးနေတော့တာ။ ဒါနဲ့ မိန်းမတွေ၊ ကလေးတွေကို အရင်ပြန်ခိုင်းလိုက်တယ်။ ဘန်ကောက်ရေကြီးမယ်လို့ လုံးဝ မထင်တဲ့ ယောင်္ကျားသားတွေက ငါတို့ရေကူးတတ်တုန်းပဲပေါ့…။



နယ်စပ်မှာလည်း အရစ်တွေ၊ အညစ်တွေ သတင်းကလည်း ကျယ်လောင်လာတယ်။ ယာယီပတ်စပို့မရှိသေးတဲ့ ခမ်းကီးတို့ရွာသားတွေ အားလုံးထိကြတယ်။



အောက်တိုဘာလကုန်ခါနီးမှာ ခမ်းကီးတို့အဖွဲ့ ဆယ်ယောက်ကျော်လောက်ပဲ ကျန်တော့တယ်။ ရေကူးတတ်တဲ့ လူတွေပေါ့…..။



လေဆိပ်ဟောင်းမှာ ရေ၀င်နေပြီဆိုတဲ့ သတင်းမြင်လိုက်ရတော့မှ.. မဖြစ်ဘူး။ ရိက္ခာတွေစု၊ ရေကူးတတ်သူတစ်ချို့လည်း ပြန်ဖို့ပြင် ဖြစ်ကုန်ရော။ ပြီးတော့ ဟိုလူ၊ဒီလူတွေဆီ ဖုန်းလိုက်ဆက်တော့ ပြန်တဲ့လူတွေ ပြန်ကြပြီ။



မပြန်နိုင်တာက ခမ်းကီးတို့ရယ်လေ…….။



သူငယ်ချင်းတွေက ခမ်းကီးကိုမေးနေကြတယ်။ မပြန်သေးဘူးလားပေါ့…။ မပြန်ဘူးဟာ..။ ငါရေကူးတတ်တယ်..လို့။



အမှန်အတိုင်းပြောရရင် ခမ်းကီးလည်း ပြန်ချင်နေတာပါ။ ကိုယ်က လာတာမှ မကြာသေးတော့ လမ်းခရီးစရိတ် မကြေသေးဘူးလေ။ ပြီးတော့ အိမ်ကလူကလည်း ဖုန်းမလာသေးဘူး။ သူမက ခမ်းကီးကို စိတ်ဆိုးနေတာလေ။

တစ်ရက်ပြီးတစ်ရက် သူမဆီကဖုန်းကို မျှော်လိုက်ရတာ။ အော် သူများတွေများ အသီးသီးစိတ်ပူကြလို့ ခေါ်လိုက်ကြတာ။ သူမက ဘယ်လိုပဲ…။ ကမ္ဘာကြီးပျက်ချိန်ကျရင် ဒီလိုပဲ ခမ်းကီးကို စိတ်ဆိုးပြီး အသေထားမယ့်ပုံရတယ်…။ (!--!)



သူငယ်ချင်းမောင်သန်းကို မေးကြည့်တယ်။ မပြန်သေးဘူးလားပေါ့။ သူကျတော့ လင်မယားနှစ်ယောက် အလာလမ်းစရိတ်က ဆယ်သိန်းကျော်တော့။ ဘာနဲ့ပြန်ဆပ်မလဲတဲ့။ မပြန်ဘူးဟာ.. ရေကူးတတ်တာပဲတဲ့လေ။



လှဦးကျတော့.. မပြန်သေးဘူးကွာ။ ပြန်ရင် သူများအိမ်မှာပဲ ကပ်နေရဦးမယ်။ အိမ်တစ်လုံးဆောက်နိုင်မှ ပြန်မယ်တဲ့။ ရေကြီးလည်း အခန်းမှာပဲ မာမား(ခေါက်ဆွဲ)ပဲစားမယ်တဲ့၊ လုံးဝမပြန်ဘူး ရေကူးတတ်တယ်တဲ့။



ကျန်တဲ့ လူအချင်းချင်း သူ့အကြောင်း၊ ကိုယ်အကြောင်း လိုက်မေးကြည့်တော့..။ အကြွေးရှိတဲ့လူနဲ့၊ အိမ်ယာမရှိတဲ့လူနဲ့၊ မိဘမရှိတော့တဲ့လူနဲ့ …။ အားလုံးက ရေမကူးလို့မဖြစ်၊ ရေကူးနိုင်ရမယ်လူတွေချည်းပဲ…။



အခုတော့ တီဗွီသတင်းကြည့်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်နဲ့..။ ရေကလည်း အလုပ်ရုံနဲ့ နီးသထက်နီးလာနေတယ်။



ရေက ၀င်လာပြီးရင် တစ်ရက်နှစ်ရက်နဲ့ မကျဘူး။ လနဲ့ချီကြာမယ်လို့ သတင်းမှာ ကြော်ညာနေတယ်။



ဒါဆို ငါတို့ လမ်းစရိတ်က လွယ်လွယ်နဲ့ကြေဦးမလား…။



အသေးအမွှားဘန်ကောက်ရေဘေးကများ ဘာဆန်းလဲ ခမ်းကီးရာ..။ ငါတို့က တစ်သက်လုံး ဘ၀ပင်လယ်ကို ကူးနေရမယ့်ဟာ……တဲ့။



လှဦးစကားကြားမိတော့……



အင်း… ဘန်ကောက်ရေကြီးတာလေးများ အသာလေးကူးလိုက်ရုံပေါ့..။



ခမ်းကီး

10/11/2011

ဆက်လက်ဖတ်ရှူရန်...

Thursday, November 10, 2011

ဝမ်းသာလိုက်တာ

မင်္ဂလာပါ ဘလော့ဂ်ရေင်းရင်းတို့ရေ...

ခမ်းကီးအရမ်းပျော်တယ်ဗျာ။

ဒီနေ့မှ ခမ်းကီးရဲ့ဘလော့ဂ်စာမျက်နှာကို ဖွင့်လို့ရတာလေ။

၂နှစ်ကျော် ဝေးကွာသွားတော့ password ကို မေ့သွားတယ်။

အကြိမ်ကြိမ်ကြိုးစားဖွင့်လာတာ ဒီနေ့မဗရတော့တယ်။

အားလုံးနဲ့ပြန်ဆုံရတော့ဆိုတော့ ပျော်လိုက်တာဗျာ။

အားလုံးကို အစဉ်သတိရနေတဲ့

ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...