Tuesday, April 7, 2009

ပိတောက်ကတိ




ညတုန်းက သင်္ကြန်အကြိုမိုးလေး ရွာခဲ့လို့ အိမ်ခေါင်းရင်း ပိတောက်ပင်ကြီး ၀ါထိန်အောင် ဖူးပွင့်နေလေရဲ့။

သူတစ်ခက်၊ ငါတစ်ကိုင်း လုနေကြတဲ့ ကလေးမလေးတွေ၊ မိန်းမကြီးတွေ ပိတောက်ပင်အောက်မှာ စည်းကားလို့ရယ်။

ယောက်ျားဆိုပေမယ့် လေးအေးအေးဖြတ်အတိုက်မှာ မွေးပျံ့ပျံ့ရနံ့ကို အသိအမှတ်မပြုပဲ မနေနိုင်အောင်ပါပဲ။


အပင်ပေါ်တက်နေကြတဲ့ ယောက်ျားလေးတွေကို ကြည့်ပြီး ကိုယ့်ငယ်ဘ၀ကို ပြန်ပြီး သတိရမိတယ်။ အကိုင်းလှလှ၊ အခက်လှလှရဖို့ အပင်ဖျားထိ တက်ပြီးခူးခဲ့တာ၊ ကောင်မလေးချောချောတွေကို လိုက်ပေးပြီး မျက်နှာယူခဲ့ဖူးတာကို မှတ်မိသေးတာပေါ့။ ကိုယ်ကြိုက်တဲ့မိန်းကလေးကများ ကိုယ်ပန်းလှတယ်လို့သာ ချီးမွန်းလို့ကတော့ ဆယ်ပြန်မကအောင် ပိတောက်ပင်ပေါ် တက်လိုက်ချင်သေး။ သူတို့လေးတွေလည်း ကိုယ့်တုန်းကလိုပဲ အူမြူးနေကြရောပေါ့လို့ တွေးပြီး ပြုံးမိတယ်။

သင်္ကြန်ထမင်းအလှူကျွေးမှာမို့ မီးဖိုဖို့၊ ထမင်းအိုးတည်ဖို့ အိမ်နောက်ဖေးရေတွင်းဘက် ဆင်းလာခဲ့တယ်။ အိမ်ရှင်မနဲ့ ယောက္ခကြီးတို့ရဲ့ သရက်သီးစိပ်သံ၊ ပဲပြုတ်နေကြတဲ့အသံတွေ မီးဖိုချောင်မှာ ဆူညံလို့ရယ်။

တစ်အောက်လောက်မှာ သမီးငယ်လေးက ငိုမဲ့မဲ့မျက်နှာနဲ့ ပိတောက်ပန်းခူးပေးဖို့ လာပြီးပူဆာနေတော့တယ်။ သူ့လက်ထဲက အပွင့်ကျဲကျဲပိတောက်ခက်က မလှဘူး။ ကောင်လေးတွေက အပျိုမတွေကို အခက်ကြီးကြီးတွေပေးပြီး သူတို့လိုကလေးတွေ တောင်းတော့ မလှတဲ့ဟာတွေပဲ ပေးကြောင်း ငြီးငြူနေလေရဲ့။ ပန်းလှလှ တက်ခူးပေးဖို့ အတင်းပူဆာနေတော့တယ်။

အလုပ်များနေကြောင်း၊ ၀မ်းကွဲတူလေးတစ်ယောက်ကို ခူးခိုင်းမှာဖြစ်ကြောင်း ပြောပေမယ့် သမီးလေးက ငိုပြီး အခုပဲ ခူးပေးဖို့ ဂျီကျနေတော့တယ်။

သမီးလက်ထဲကပန်းကလည်း လှပါတယ်လို့ ပြောနေတုန်းမှာပဲ။ သူ့အမေ ဘယ်တုန်းက အနားရောက်လာမှန်း မသိ။

“ ဘာလှလို့လဲ..။ ဒီလောက်အပွင့်ကျဲကျဲကိုများ။ ရှင်သွားခူးပေးလိုက်ပါ။ “
“ ကျမတို့လည်း ဘုရားမတင်ရသေးဘူး။ သူများအိမ်တွေမှာ ၀ါထိန်ကုန်နေကြပြီ။”

“ ခဏနေပါဦးဟ..။ အထွန်းပြန်လာရင် ငါခူးခိုင်းလိုက်မယ်။”
ကျနော့်ရဲ့ ဆယ်ကျော်သက်တူလေး အထွန်းကို ခိုင်းဖို့ ပြောလိုက်မှပဲ……။

“ ဘာ…. ရှင့်ကိုပန်းခူးခိုင်းတာ သူများကို စောင့်ရဦးမယ်။ ရှင့်သမီးလည်း ငိုနေပြီ။ ကျမလည်း ပန်ချင်လွန်းလို့ နေမထိ၊ထိုင်မထိဖြစ်လို့”

“ အေးပါဟ။ ဒီကောင်က သစ်ပင်တက်ကျွမ်းတော့ ဟိုအဖျားက အကိုင်းလှလှတွေကို ခူးခိုင်းမှာ။ “

“ ဒီမယ် ဝေးခမ်း… ပိတောက်ပန်းခူးဖို့များ ဟိုလူ့ကိုဒီလူ့ကို ခိုင်းရဦးမှာလား။ ရှင်ပဲ ဒီပိတောက်ပင်ကို လှေခါးမှတ်ပြီး တက်ဆင်းဖူးတာပဲ။”
“ ငါက သစ်ပင်တက်ချင်စိတ်၊ ပန်းခူးချင်စိတ် မရှိတော့လို့ပါဟ…။”

“ ဘာ… ဝေးခမ်း။ ရှင်နော်ရှင်….။ ရှင်ဘာတွေပြောဖူးသလဲဆိုတာ မှတ်မိလား။”

“ဘာလည်းဟ…။ ငါအလုပ်လုပ်နေတယ်လေ။”
“ရှင်မမှတ်မိရင် ကျမပြောမယ်။ ကျမကို ရှင်ပိုးတုန်းကလေ…။ ကျမပန်ချင်တယ်ဆိုရင် တစ်နေ့ကို အပြန်တစ်ရာလည်း တက်ခူးနိုင်တယ်ဆို။ ပြီးတော့ ရှင့်စာထဲမှာပဲ.. ကျမ ဆံဖြူသွားကျိုးတဲ့အထိ ပိတောက်ပန်းကို နှစ်စဉ်နှစ်တိုင်း ခူးပေးပါ့မယ်ဆို…။’”

“ အားပါးပါး…. မိန်းမတို့ မှတ်ညာဏ်များ လန့်စရာပါလား။ အေးပါဟာ အခုပဲ ငါသွားခူးလိုက်မယ်။”

ကျနော့်မိန်းမစကားကြားရတာ ကျနော်ဖြင့် နားခါးသလား၊ နားရှက်သလား မပြောတတ်အောင်ပါပဲ။ ရင်ထဲမှာလည်း အူမြူးသလား၊ အရည်ပျော်သလား ပြောပြမတတ်အောင်ပါပဲဗျာ။

မိန်းမတို့ ပန်းကြိုက်တတ်ပုံများ ကျနော်ဖြင့်ယုံသွားပြီ။

အမြန်ဆုံး သွားပြီးခူးဦးမှ။

ဒါမှမဟုတ်ရင် ကျနော့်မိန်းမ သုဘဒ္ဒါလို အငြိုးပွါးသွားရင် ဒုက္ခ….။

ကျနော်ပေးဖူးတဲ့ ပိတောက်ပန်းကတိက ဟို…လူပျိုဘ၀မှာ ကျန်ခဲ့ပြီမှတ်နေတာ။

ကျနော့်မိန်းမရင်ထဲမှာ ထာဝရ တည်နေပါရောလား။

ဒီ ပိတောက်ကတိကြောင့် ကျနော့်ကို သူမ………. ။


ပျော်ရွှင်ကြည်းနူးသော ပိတောက်ရာသီကို ရယူနိုင်ကြပါစေ
လေးစားလျှက်
ခမ်းကီး

1 comment:

Anonymous said...

ဟဟဟဟဟဟ ... ဆိုးပြီဗျို့ ကိုခမ်းတီး ခဗျာလည်း ဒီနေ့တောင် ပိတောက်ပန်း တက်ခူးနေရမလား မသိ ??? စာနာ၏ သနား၏ သို့သော် ... မိန်းမ သမီးဟူသော ထိုစကားကြောင့် နေမထိထိုင်မသာ ဖြစ်ကုန်၏ ... မိန်းမလွန်စွာ လိုချင်လှ၏ :D