Tuesday, February 24, 2009

အမေ့အိမ်မုန်းသူ




…. အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့… ကျနော်.. ဟိုး.. အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ….

အားလုံးပဲ ကိုထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းထဲက စာသားကို နားရည်ဝပြီးသား ရှိကြမယ်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီသီချင်းကို နားထောင်ခဲ့တာ အကြိမ်ပေါင်း မနည်းခဲ့ပါဘူး။ အထူးသဖြင့် အိမ်နဲ့ဝေးနေရတဲ့ အချိန်တွေမှာဆို ဒီသီချင်းကို ပိုပြီးနားထောင်ဖြစ်ခဲ့တယ်။ ဘ၀တိုက်ပွဲ ဆင်နွဲနေရတဲ့ အားလုံးသောကျနော်တို့ အမေ့အိမ်ကို မလွမ်းဘယ်သူရှိပါ့မလဲနော်…။

ဒါပေမယ့် မထင်မှတ်ထားပဲ အမေ့အိမ်ကို မုန်းနေသူတစ်ယောက်ကို အံ့သြစွာ တွေ့ပဲတွေ့တတ်ခဲ့ပါတယ်။

ကျနော့်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်တုန်းက အဖြစ်အပျက်လေးရယ်ပါ။

ရွာသားတွေ အလုပ်လုပ်နေကြတဲ့ အလုပ်ရုံတစ်ရုံမှာ ပျော်ပျော်ပါးပါး ပြုစုဧည့်ခံချိန်မှာ ရွာကကောင်းလေးတစ်ယောက်က အပြေးအလွှားနဲ့
“ ဦးထင်ပေါ်.. သတိထားနော်။ ဟိုမှာ လာနေပြီ။ “
သူ့ပုံစံက အလန့်တစ်ကြားနဲ့မို့ ပုလိပ်ဝင်လာပြီလို့ ထင်နေကြတာပေါ့။ ပုလိပ်ဝင်လာတာလားလို့ ဝေးထင်ပေါ်က စိုးရိမ်စိတ်နဲ့ ပြန်မေးလိုက်တယ်။ ဒီအထဲမှာ လက်မှတ်မရှိတဲ့လူတွေ အများကြီး ရှိနေလို့လေ။
“ မဟုတ်ဘူး ဦးထင်ပေါ်။ ဟို လမ်းသရဲကြီး လာနေတာ။”


ထိုင်းလမ်းသရဲတွေ အတင့်ရဲလှချည်လား။ အလုပ်ရုံထဲအထိတောင် လာပြီးသောင်းကြမ်း နေပါလားလို့ ကျနော်က တွေးနေတာ။ ကျနော့်သူငယ်ချင်းကြီး ဝေးထင်ပေါ်က အေးဆေးစွာပဲ …
“ အော် .. အေး .. လာပါစေ။ ငါဒီမှာ ရှိနေတယ်လို့ ပြောလိုက်။ ခမ်းကီးလဲ ဒီမှာ ရှိနေတယ်လို့။ “
“ ဟာ ဝေးပေါ်က လမ်းသရဲနဲ့ သိနေတာလား “ အံ့သြစွာနဲ့ ဝေးထင်ပေါ်ကို ကျနော် မေးလိုက်တယ်။
“ နင့်သူငယ်ချင်းပဲလေ။ သူလည်း နင့်ကို တွေ့ချင်နေတာ။ “
ကျနော့်သူငယ်ချင်း၊ ပြီးတော့ လမ်းသရဲဆိုလို့ ကျနော်ပိုပြီး အံ့သြသွားတယ်။ ပြောနေရင်းက နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးထူထူ၊ ဆံပင်စုတ်ဖွားဖွားနဲ့ လမ်းသရဲဆိုတဲ့လူ ရောက်လာပါလေရော။
သူကအခန်းထဲကလူတွေကို တစ်ချက်ဝေ့ကြည့်ပြီး ကျနော်နဲ့ ဝေးထင်ပေါ်ကြားမှာ ၀င်ထိုင်ပါလေရော။
“ လခမ်း… နင်ငါ့ကို မမှတ်မိတော့ဘူးလား။ ငါက နင့်ကို သတိရလိုက်ရတာ။ နင်တော်တော့ကို ရုပ်ပြောင်းသွားပါလား။ “
“ ဟာ… လအောင်။ နင် နင်လအောင်ပါနော်။”
ဟုတ်ပါတယ်။ သူက ကျနော့်ငယ်သူချင်း လအောင်ပါပဲ။ သူရုပ်ရည်တွေ ပြောင်းသွားတာ ကျနော်မမှတ်မိနိုင်အောင်ပါပဲ။ လမ်းသရဲလို့ သမုတ်ခံရလောက်အောင် သူ့ပုံက ကြမ်းမယ့်ရမ်းမယ့်ပုံ။ ၀မ်းသာအားရစွာ ကျနော်တို့ ဖက်ကြ၊နှုတ်ဆက်မိကြတယ်။
“ နင် ဒီကိုရောက်တဲ့ သတင်းကြား ကြားချင်း နင့်ကို တွေ့ချင်နေတာ။ ဒါပေမယ့် တစ်ခြားလူတွေလိုပဲ နင်ငါ့ကို အဖက်မလုပ်မှာ ငါစိုးရိမ်နေတာ။ “
“ ဟာ မဟုတ်တာ။ နင်နဲ့ငါက ငယ်သူချင်းအရင်းတွေပါကွာ။ နင့်ကိုလည်း ငါအမြဲတမ်းသတိရပါတယ်။ ရွာပြန်ရောက်တဲ့ လူတိုင်းနီးပါး နင့်အကြောင်း ငါအမြဲ စုံစမ်းဖြစ်တယ်။ နင့်ရုပ်ကြီး ဒီလောက်တောင် ပြောင်းလဲမယ်လို့ မထင်မိဘူးဟ။ “
“ ၀မ်းသာပါတယ်ကွာ။ ငါ့ကို အရေးလုပ်တဲ့လူ ရှိသေးလို့။ ငါ့ကို အားလုံးက စွန့်ပစ်၊မေ့ပျောက် ကုန်ကြပြီလို့ ထင်ထားတာ။”
“ မဟုတ်တာကွာ။”
“ နင်သိနင်ကြားနေရတဲ့အတိုင်းပဲလေ။ ငါကလမ်းမယူ။ လူပေလူတေ။ လမ်းသရဲ။ ရွာသားတွေ အဖက်မလုပ်ကြသလို၊ ငါ့ဆွေမျိုးတွေကလည်း ငါ့ကို ဘေးချိတ်ထားလိုက်ကြတယ်။ ငါ့ညီမရော ငါ့အမေကပါ ငါ့ကို မေ့ထားလိုက်ကြတာပဲ။”
“ ဟာ.. နင့်အမေက နင့်ကို မေ့ပါဘူးဟ။ နင့်အကြောင်းကို အမြဲတမ်း စုံစမ်းပါတယ်။”
“ ကဲ နောက်မှ နင့်ကိုငါပြောပြမယ်။ အခုလောလောဆယ် ပျော်ပျော်ပါးပါး သောက်စားကြရအောင်။”
လမ်းသရဲရောက်လာတယ်ဆိုလို့ ရွာကကောင်လေးတွေ တစ်ယောက်ပြီးတစ်ယောက် မသိမသာနဲ့ ထွက်သွားလိုက်ကြတာ နောက်ဆုံး ကျနော်ရယ်၊ ဝေးထင်ပေါ်ရယ်၊ လမ်းသရဲလအောင်ရယ်ပဲ ကျန်တော့တယ်။

အဲဒီညမှာ ကျနော်တို့ ငယ်အကြောင်းတွေရော၊ ရှေးဟောင်းနှောင်းဖြစ်တွေပါ ပြောကြလွမ်းလိုက်ကြတာ သန်းခေါင်ကျော်သွားတယ်။ လအောင်က သူပဲပြုစုချင်ပါတယ်ဆိုပြီး ၀ယ်လိုက်တဲ့ ဘီယာတွေ၊ စားစရာတွေ။ ဝေးထင်ပေါ်က အပြန်လမ်းစရိတ်တောင် ရှိသေးလားဆိုပြီး သတိပေးယူရတယ်။ ဒီကောင်က တစ်ချိန်လုံး ဘိုင်ပြတ်နေတဲ့ကောင်ဆိုပြီး ဝေးထင်ပေါ် တိုးတိုးတိတိတ်လေးပြောပြတယ်။

ဟုတ်လောက်ပါတယ်။ နီရဲတဲ့ သူ့မျက်လုံးတွေက အသောက်အစားများကြောင်းပြနေသလိုပါ။ ပြီးတော့ ကြားနေရတဲ့ သူ့သတင်းအရ ယိုးဒယားလမ်းသရဲတွေနဲ့ ပေါင်းသင်းနေမှတော့ ငွေစုနိုင်မယ် မထင်ပါဘူး။ ရွာသားတွေဆီ၊ သူငယ်ချင်းတွေဆီ ယူပြီး ပြန်မပေးနိုင်တော့ လူတွေ သူ့ကို ခွါကြတယ်ဆိုတာလည်း ဖြစ်လောက်တယ်။

အလုပ်အဆင်ပြေသလားမေးကြည့်တော့လည်း၊ ပြေပါတယ်တဲ့။ သူ့တစ်ရက် လုပ်အားခက သုံးရာကျော်၊ အချိန်ပိုတွေပါဆို တော်တော်လေးရပါတယ်ဆိုပဲ။ အလုပ်ထဲမှာဆို ဆရာအားထားရတဲ့ လူရင်းလို့ သူပြောပြရှာတယ်။ နှစ်ပေါင်းကြာနေမှတော့ လုပ်ငန်းအတွေ့အကြုံ ရင့်လောက်ပြီပေါ့။ ဒါပေမယ့် အလုပ်နားရက်ရောက်ရင် သုံးလိုက်တဲ့ငွေတွေ စားဖို့တောင် အနိုင်နိုင်ချန်ထားရတယ်တဲ့။

ဘာလို့ အဲဒီလောက်ထိ သုံးရသလဲလို့ သူ့ကို မေးမိပါတယ်။ ယိုးဒယားတွေနဲ့ပေါင်းတော့ သူတို့သုံးသလို လိုက်သုံးလိုက်ဖြုန်းတာပေါ့တဲ့။ မကောင်းမှုမှန်သမျှ တစ်ခုမှ မကျန်လောက်တော့ဘူးတဲ့။ ကိုယ့်သူငယ်ချင်းအတွက် တစ်ကယ်ပင် စိတ်မကောင်းဖြစ်မိတယ်။ ဆယ်စုနှစ် နှစ်ခုလောက်တောင် သူများတိုင်းပြည် ရောက်နေပေမယ့် အိမ်ကိုပို့ပြန်တယ်ဆိုတာလည်း မကြားမိဘူး။

ဘယ်တော့မှရွာပြန်မလဲလို့ သူ့ကိုမေးမိပါတယ်။

“ ငါ့မှာ ပြန်စရာ ရွာမရှိဘူး။ ငါ့မှာ နေစရာအိမ်မရှိဘူး” တဲ့။

“ မဟုတ်သေးပါဘူး လအောင်ရာ။ နင့်မှာ အမေရှိပါသေးတယ်။ နင့်ညီမ ရှိပါတယ်။ နင့်ကို ကြိုဆိုမယ့် နင့်အမေအိမ် ရှိပါသေးတယ်ဟာ”

“ အဲဒီ အမေအိမ်ကို ငါ လုံးဝမပြန်ဘူး။ အဲဒီ အမေ့အိမ်ကို ငါမုန်းတာလည်း နင်သိတာပဲဟာ”

လအောင်ရယ်လို့ပဲ ကျနော်တမ်းတနိုင်တော့တယ်။ သူ့ရင်ထဲက နာကျဉ်းမှုတွေ အခုထိ ရှိနေဆဲမှန်း အံ့သြစွာ သိလိုက်ရတယ်။

“ ဘာပဲဖြစ်ဖြစ်ပေါ့ လအောင်ရာ။ ကိုယ့်အမေဟာ အမေပါပဲ။ သားသမီးအပေါ် မေတ္တာကြီးလွန်းလို့ နင်အထင်လွဲလောက်တဲ့ အမှားကို လုပ်မိခဲ့တာပဲ။ နင်နာကျဉ်းလောက်တဲ့ လူတွေကလည်း လူ့လောကထဲ မရှိကြတော့ပါဘူး။ နင့်အမေအိမ်ကိုတော့ နင်ပြန်သင့်ပါတယ်။ နင့်အမေက နင့်ကို ခွင့်လွှတ်မှာပါ။ နင့်အမေကို နင်သနားဖို့ ကောင်းတယ်နော်။”

ကျနော်က သူ့အကြောင်းကို ကောင်းကောင်းသိထားတာမို့ စကားရှည်ကြီးနဲ့ သူ့ကို ဖြောင်းဖြမိပါတယ်။

တစ်ကယ်ဆို လအောင်ဟာ လူကောင်းပါ။ ခါးသီးတဲ့ ဘ၀တစ်ဆစ်ချိုးကြောင့် မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တာပါ။ ဘ၀ကို အရွဲ့တိုက်ပြီး မလုပ်သင့်တာ လုပ်ရင်းက လမ်းသရဲလအောင် ဖြစ်နေရတာပါ။ သူ့ဘ၀နာကျဉ်းချက်က အခုထိတိုင် ဘေးလူကျနော်ရင်ထဲအထိတောင် ခံစားနိုင်စွမ်းခဲ့တယ်လေ။

ခေတ်ဆိုးစနစ်ဆိုးတိုင်းမှာ ထိုခေတ်ထိုလူတစ်ချို့ကို ဆိုးမွေတွေ ပေးခဲ့တာချည်းပဲ။ ထိုထိုသောလူတွေထဲမှာ လအောင်တို့မိသားစုလည်း အလူးအလွန့် ခံစားခဲ့ကြရတာ ကျနော့်မျက်မြင်ကိုယ်တွေ့မို့လေ။

ကျနော်တို့ငယ်ငယ်တုန်း မူလတန်းဖြေပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာ လအောင်တို့အိမ် ရှင်ပြုအလှူပွဲကြီး ကျင်းပခဲ့တယ်။ လအောင်ရှင်ပြုရပြီး ကျနော်မပြုရတော့ အမေ့ကို ရှင်ပြုပေးဖို့ အတင်းပူဆာခဲ့တာ မှတ်မိနေသေးတယ်။ လောလောနဲ့ အစဉ်အစဉ်မရှိတာမို့ ကျနော့်ကို လအောင်တို့နဲ့ရောပြီး အမေတို့ ရှင်ပြုပေးခဲ့တယ်။ အဲဒီအချိန်ကတည်းကထင်တယ် လအောင်နဲ့ ကျနော် စပြီးရင်းနှီးခဲ့ကြတယ်။ လအောင်အမေဘက်က အဖိုးအဖွားတွေက လယ်ရှင်ကြေးရှင် ရွာမျက်နှာဖုံးတွေပေါ့။

ကျနော်က ခုနှစ်ရက်လောက်ပဲ ကိုရင်ဝတ်နိုင်ခဲ့ပြီး အိမ်ကိုလွမ်းလို့ လူထွက်လိုက်တယ်။ လအောင်ကိုကျတော့ သူ့အဖိုးအဖွားတွေက ကိုရင်ဆက်ဝတ်စေခဲ့တယ်။ ဘုရားဒကာကျောင်းဒကာတွေမို့ သူတို့ရဲ့ မြေးဦးလေးကို ရဟန်းပဲ ဖြစ်စေချင်ကြတယ်။ အများအားဖြင့် ကျနော်တို့ ပအိုဝ်းလူမျိုးတွေက သားယောက်ျားတွေကို သာသနဘောင်ရဟန်းဘ၀မှာပဲ နေစေချင်ကြလေ့ရှိတယ်။ ဒါက သာသနာအပေါ် သဒ္ဓါထက်သန်ကြည်ညိုမှုပေါ့။

ကျောင်းပြန်ဖွင့်တော့ ကျနော်က အခြေခံပညာရေး ဆက်သင်ခဲ့ပေမယ့် လအောင်ကိုတော့ သူ့အဖိုးအဖွားတွေ မြို့ပေါ်က စာသင်တိုက်တစ်ခုမှာ ကိုရင်ဆက်ဝတ်ခဲ့တယ်။ ဒါပေမယ့် မြို့နဲ့ရွာ တစ်ချိန်လုံး သွားသွားလာလာရှိနေတော့ ရင်းနှီးမှု လျှော့မသွားပါဘူး။

မှတ်မှတ်ရရ။ ရှင်ပြုပြီး နောက်တစ်နှစ်မှာ ကျနော်တို့ရွာကြီး တိုက်ပွဲကြီး ဖြစ်ဖူးတယ်။ စစ်ဆင်ရေးတစ်ခုနဲ့ သူပုန်တို့ တိုက်ကြတဲ့ တိုက်ပွဲကြီးပါ။ ကျည်ဆံတွေကြား၊ လက်နက်ကြီးတွေကြား အသက်လုပြေးခဲ့ဖူးတာ အခုထိ မမေ့နိုင်ခဲ့ဘူး။ အဲဒီမှာတင် လအောင်တို့အဖိုး ရွာဘေးက သူတို့ကျွဲခြံကြီးက ကျွဲတွေလွှတ်ဖို့ အသွားမှာ ကျည်ဆံမှန်ပြီး ဆုံးသွားတယ်။

အိမ်ခြေရွာလုံးကျွတ်နီးပါး မီးလောင်သွားတာ ရွာထဲပြန်ရောက်မှ တွေ့ရတယ်။ သေသူကသေ၊ ငိုသူကငို၊ လူပျောက်ရှာသူကရှာနဲ့ တစ်ကယ့် ကမ္ဘာကြီးပျက်လေသလား ထင်ရအောင် အဖြစ်ဆိုးရွားခဲ့ကြတယ်။ လအောင်မိဘတွေက သူ့တို့အဖိုးရဲ့ အသုဘကိစ္စကို အရင်ဆုံးစီစဉ်ကြတော့ မီးလောက်ပြာကျတဲ့ သူတို့အိမ်ကို အရင်ဆုံး မရှင်းမိခဲ့ကြဘူး။ ဒီမှာတင် မီးထဲပါသွားတဲ့ သူတို့အိမ်တွင်းရွှေငွေတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ရွှေတွေက မီးလောင်လို့ အရည်ပျော်ကုန်တာလား။ မီးလောက်ပြီး တစ်ယောက်ယောက်က ယူသွားလေသလားဆိုတာ မသိနိုင်ခဲ့ဘူး။ သူ့အဖွားဆို ရူးတော့မလိုလို ဖြစ်သွားတယ်။ ပစ္စည်းဥစ္စာအတော်များများဆုံးရှုံးခဲ့ပေမယ့် လယ်ယာမြေတွေ အများကြီးကျန်နေသေးတော့ အပူအပင်ကြီး သိပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ခေတ်တွေစနစ်တွေ ပြောင်းလို့ ဘ၀တွေလည်း ပြောင်းလဲရတဲ့ လူတွေများစွာထဲမှာ သူတို့မိသားစုလည်း မရုံးသားခဲ့ပါဘူး။ လယ်ရှင်မြေရှင်ခေတ်ကုန်တဲ့ကာလမှာ မိသားစုရေး၊ စီးပွါးရေးအတွက် ခေတ်ကာလအတိုင်း သူတို့မိသားစုတွေလည်း ပြောင်းလဲခဲ့ရတာပေါ့။

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀က အပြောင်းလဲဆုံးအချိန်ပဲထင်ပ။ ဟိုအရင်ကဆို နယ်စပ်ဘက်ထွက်ပြီး အလုပ်သွားလုပ်တဲ့ လူတွေကို ကိုယ့်ရပ်ရွာက အခြေအမြစ်မရှိတဲ့လူ၊ လူမွဲတွေ ဆိုပြီး အထင်သေးတတ်ကြတယ်။ အများအားဖြင့်လည်း ကိုယ်ပိုင်လုပ်ငန်း မရှိတဲ့လူတွေသာ အသွားများကြတာကိုး။

အရှေ့ဘက် ဒေါနတောင်ကြောက တောင်ပေါင်းသုံးတယ့်သုံးလုံးကိုကျော်ပြီး မျက်နှာငယ်နဲ့ သွားပြီး အလုပ်လုပ်ရမှာ ငွေရှင်ကြေးရှင်တို့ ဘယ်စဉ်းစားပါ့လဲ။ ဒါပေမယ့် ခေတ်တွေပြောင်းတော့ လူတွေဘယ်အထောင်း သာနိုင်မလဲ။

အဲဒီအချိန်တုန်းက လအောင်တို့အဖေ နယ်စပ်ဘက်သွားပြီး နွားမှောင်ခိုလုပ်တာ ကောင်းကောင်းမှတ်မိတာပေါ့။ ဘာကြောင့်လဲဆို နယ်စပ်ကပြန်လာတဲ့လူတွေဆီ ယိုးဒယားသကြားလုံး၊ ယိုးဒယားမုန့်တွေ စားကြရတာမို့လေ။ လအောင်တို့အဖေ ပြန်ရောက်တိုင်း ကျနော့်အတွက်လည်း အမြဲတမ်း ပါတတ်တာလေ။

မိုးရာသီဆို မိုးရာသီလုပ်ငန်း၊ နွေဆိုနွေလုပ်ငန်း အမြဲတာဝန်ကျေပြီးမှ လအောင်တို့အဖေ နယ်စပ်သွားထဲ့တာပါ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ သူတို့မိသားစုထဲ မထင်မှတ်တဲ့ မုန်တိုင်းဆိုးကြီး ကျရောက်ခဲ့ပါတယ်။

သင်္ကြန်ကာလတစ်ခုအပြီးမှာ လယ်ယာမ၀င်ခင် နောက်ဆုံးအခေါက်ဆိုပြီး လအောင်တို့အဖေ နွားဆွဲထွက်ခဲ့ကြတယ်။ နောက်ဆုံးအခေါက်နဲ့အတူ လအောင်ဆို့အဖေရဲ့ နောက်ဆုံးခရီးလည်း ဖြစ်ခဲ့တယ်။ ငှက်ဖျားမိပြီး လအောင်တို့အဖေ ဒေါနတောင်ကြောထဲမှာပဲ သေဆုံးခဲ့တယ်။

ဒီမှာတင် ဖခင်တစ်ဦးရဲ့တာဝန်ဆိုတာ လအောင်အပေါ်ရောက်တော့တယ်။ မိုးဦးကျ လယ်ဆင်းချိန်လည်းရောက်ပြီမို့ လူဝတ်လဲပြီး လအောင်ရွာပြန်လာရပြီပေါ့။ မုဆိုးမမိခင်နဲ့ ကိုရင်လူထွက် လအောင်တို့အတွက် ပင်ပန်းခက်ခဲစွာ လယ်လုပ်ငန်းကို လုပ်ခဲ့ရတယ်။ လူနုလအောင် မတတ်နိုင်တဲ့ အလုပ်ကို လူငှါးပြီး လုပ်ယူခဲ့ရတယ်။ နွားမနိုင်ကျွဲမနိုင်တဲ့ လအောင်ကို သူ့အမေတော်တော် သနားပုံရခဲ့တယ်။ နီးစပ်ရာဆွေမျိုးအကူအညီနဲ့ပဲ ပထမတစ်နှစ် လယ်သိမ်းခဲ့တယ်။ ထင်းချိန်၊ အင်းချိန်ရောက်တော့လည်း ယောက်ျားမာနထားပြီး တော်တော်လေး ကြိုးစားယူရတယ်။

ဘုန်းကြီးကျောင်းထွက်လအောင် အိမ်လုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းဆောက်ရွက်ရမှာ သိခဲ့ပုံမပေါ်ဘူး။ အဲဒီအချိန်ကာလမှာ အထူးရေပန်းစားတဲ့ လုပ်အားပေးလုပ်ငန်းက တော်တော်လေး ဒုက္ခပေးခဲ့ပါတယ်။ အိမ်တွင်းအိမ်ပြင်လုပ်ငန်းမက လုပ်အားပေးလည်းသူ့တာဝန်၊ ကင်းစောင့်ကင်းထောက်လည်း သူ့တာဝန်ချည်း ဖြစ်ရတာပေါ့။

ဒါတင်မက ရပ်တိုင်းနယ်တိုင်းမှာ သောင်းကျန်းနေတဲ့ ငှက်ဖျားရောဂါဆိုးက လအောင်တို့မိသားစုကို ချန်မထားခဲ့ပါဘူး။ နောက်ပိုင်းမှာ လအောင်အမေရဲ့ ငွေရေးကြေးရေး အဆင်မပြေတဲ့ညည်းသံကို ကြားသိခဲ့ရတယ်။ အဲဒီနှစ်မှာပဲ လအောင်ညီမလည်း ငှက်ဖျားနဲ့ပဲ ဆုံးသွားပြန်ရော။

ပြီးတော့ မေ့မရတဲ့အကြောင်းက ရှိသေးတယ်။ လအောင်ကရည်းစားစာ ရေးခိုင်းခဲ့ဖူးတာကိုပေါ့။ သူက သူကြီူးသမီး ထွေးငယ်ကို စိတ်ဝင်စားသတဲ့လေ။ အမေတူလူရည်သန့် လအောင်ကို သူကြီးသမီးကလည်း စိတ်ပါသလို ရှိပါတယ်။ နောက်ပိုင်းမှာ ထွေးငယ်က သူ့အမေကြိမ်းမောင်းလို့ လအောင်နဲ့ကျနော့်ကို စကားတောင် မပြောတော့ဘူး။

မိုးရာသီ လယ်ဆင်းချိန်တစ်နှစ်မှာ လအောင်အမေက သူ့သားကို သနားလို့ လယ်မလုပ်တော့ပဲ သူများကို အငှါးလုပ်ခိုင်းဖို့ တောင်ပြောသေးတယ်။ ရေကြီးတဲ့နှစ်မို့ ကျွဲနွားတစ်ဖက်၊ လယ်တစ်ဖက်နဲ့ လအောင် တော်တော်ကို ပင်ပန်းခဲ့တယ်။ ကျွဲတွေကို ရွာအနောက်ဘက် ကုန်းမြင့်ပေါ် သွင်းရာတာလည်းသူ၊ လယ်ထဲက ရေသွင်းရေဖေါက်ရတာကလည်း သူပါပဲ။

အဲဒီမှာတင် မထင်မှတ်ပဲ သူကြီးကတော်က သူ့လူယုံ ဆယ်အိမ်ခေါင်းမီးကတုတ်ကို လအောင်တို့အမေနဲ့ လာစပ်ပေးကြောင်း ရွာတွင်းမှာ သတင်းပျံ့နေတယ်။ မီးကတုတ်လို့ခေါ်ရတာက သူကြီးကိုဖားပြီး ဟိုလူ့ကိုတို့၊ ဒီလူ့ကိုထောင် တတ်လို့ ရွာသားတွေ သမုတ်ထားတဲ့ နာမည်ပါ။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပဲ သူကြီးနားမှာနေပြီး စာရေးလိုလို၊ အတွင်းရေးမှုးလိုလိုနဲ့ ရွာသားတွေ မျက်စိစူးနေတဲ့လူကြီး။ လက်ကြောမတင်းလို့ တစ်ခုလပ်ဖြစ်လိုက်၊ မုဆိုးဖိုဖြစ်လိုက်နဲ့။ အခုတော့ လအောင်တို့အမေကို စိတ်ဝင်စားနေပြန်ပြီ။

သူကြီးကတော်တို့များ ဘယ်လောက်ထိ အဆွယ်ကောင်းသလဲဆိုရင် ကြားရသူတိုင်း အော့နှလုံးနာရလောက်အောင်ပါပဲ။ မီးကတုတ်နဲ့သာ ယူရင် ဟိုအကောက်အခွဲ၊ ဘာကြေးညာကြေးလည်း ထည့်ဖို့မလိုတော့ဘူး။ ဘာကင်းညာကင်း၊ ဟိုအလှည့်ဒီအလှည့်လည်း သွားဖို့ မလိုဘူး။ ဘာလုပ်အားပေးညာလုပ်အားပေးလည်း သွားဖို့ မလိုတော့ဘူးတဲ့။ ပြီးတော့ ဟိုအပျိုလူပျိုဘ၀ကတည်းက လအောင်တို့အမေကို တစ်ဖက်သတ်ချစ်လာခဲ့တာပါတဲ့။

သူ့လူယုံရုပ်က အပျိုမတွေ ဖိနပ်နဲ့ပေါက်ဖို့ ဖိနပ်ကိုတောင် နှမြောရမယ့်ရုပ်ကများ။ ရွာသားတွေ ကြားပျင်းနားကပ်ပေမယ့် စွာကျယ်တဲ့ သူကြီးကတော်မို့ လူတွေက တိတ်တိတ်ပဲ နားထောင်ခဲ့တယ်။
လအောင်ကြားကြားချင်း တော်တော့ကို ဒေါသထွက်တဲ့တယ်။ လအောင်ကို စိတ်ထိန်းဖို့ မနည်းဖြေခဲ့ရတယ်။ သူ့အမေကလည်း စိတ်မ၀င်စားတော့ သူကြီးကတော်ကို နားထောင်မှာမဟုတ်ကြောင်း ပြောယူရတယ်။

ဒီလိုနဲ့ စပါးရိတ်ရမယ့် ဆောင်းဦးရာသီတောင် ရောက်လာခဲ့တယ်။

မိုးလေကင်းတော့ လုပ်အားပေးလုပ်ငန်း အထွေထွေကလည်း ပေါ်လာတာပဲ။ မိုင်နှစ်ဆယ်လောက်ရှည်တဲ့ လမ်းမကြီးဖေါက်ရမယ့် လုပ်အားပေးလုပ်ငန်းကြီး ကျနော်တို့နယ်မှာ တာဝန်ကျလာခဲ့တယ်။ ရက်ပြန်မဟုတ်တဲ့ ညအိပ်ညနေ တစ်ပါတ်လောက်ကြာနိုင်မယ့် အထူးလုပ်အားပေးပွဲကြီးပေါ့။ သူကြီးက တစ်အိမ်တစ်ယောက်နှုန်း ရိက္ခာအပြည့် သယ်သွားဖို့ ဆော်သြနေတယ်။ မသွားနိုင်တဲ့လူအတွက် လူစားငှါးပေါ့၊ မသွားနိုင်တဲ့လူအတွက် ဒဏ်ငွေက ဘယ်နှစ်သောင်း ဆိုလားပဲ။( တစ်ရက် လုပ်အားခ နှစ်ရာမျှ ရတဲ့ခေတ်)

စပါးသိမ်းရတော့မှာမို့ အတော်စိတ်ညစ်ရကြောင်း လအောင်က ကျနော့်ထံ ညည်းငြူခဲ့တာ မှတ်မိနေသေးတယ်။ အကယ်၍ လုပ်အားပေးသာ မသွားရင် သောင်းချီပြီး ငွေကုန်ရမယ်။ သွားပြန်ရင်လည်း စပါးကရိတ်ရတော့မယ်။ သူ့အမေနဲ့ တိုင်ပင်ခိုင်းတော့ စပါးကရက်မလွန်လောက်ဘူးဆိုတော့ လုပ်အားပေးကိစ္စကို အရင်သွားဖို့ ညှိလိုက်ကြတယ်။ ဒီမှာလုပ်စရာရှိတဲ့ စပါးတလင်းကိစ္စ၊ စပါးကျီကိစ္စကို သူ့အမေနဲ့အဖွားကပဲ ကြည့်ပြီး လုပ်ထားနှင့်မှာပေါ့။

လုပ်အားပေးသွားတဲ့ မနက်မှာ လအောင်အဖွားက ဆန်၊ ငါးပိ၊ ငရုတ်သီး စတဲ့ ရိက္ခာတွေ စီစဉ်ပေးခဲ့တယ်။ ကျနော်မေ့မရတဲ့ စကားတစ်ခွန်းကို မှတ်ရမိတယ်။ လအောင် အဖွားက သူတို့ ငယ်စဉ် ဂျပန်ခေတ်က ချွေးတပ်ဆွဲတဲ့ ခေတ်များ ပြန်ရောက်နေပြီလား မသိဘူးတဲ့လေ။ သူတို့ငယ်စဉ်က ဒီမြ၀တီလမ်းမကြီးအတွက် ဂျပန်တွေ ချွေးတပ်ခေါ်ခဲ့ကြသတဲ့။ ကျနော့်အဖွားလိုပဲ ဂျပန်ခေတ်ကို မှီခဲ့ကြတော့ မကြာခဏ ဂျပန်ခေတ်ပုံပြင်ကို ပြောပြတတ်ကြတယ်။

လအောင် လုပ်အားပေးခရီး သုံးလေးရက်အကြာမှာထင်တယ်။ သူကြီးကတော်က သူ့လူယုံအတွက် အောင်သွယ်တော်ပေးဖို့ ရောက်လာကြောင်း ရွာသားတွေ ပြောသံကြားရပြန်တယ်။ ဒီမီးကတုတ်က သူကြီးကိုယ်စား လူထိန်းဖို့ သူကြီးလွှတ်လိုက်ပါရဲ့။ ဘယ်ကနေ သဝေထိုးပြီး ရွာပြန်ရောက်ခဲ့သလဲတော့ မသိဘူး။ လအောင်မရှိတုန်း လအောင့်အမေကို ပြန်လာပိုးတဲ့ အကြံထင်ရတယ်။ သူကဆယ်အိမ်ခေါင်းရာထူးနဲ့မို့ သွားချင်ရာသွား၊ လာချင်ရာလာလို့ ရတာကိုး။

ဒီလိုနဲ့ ကြမ္မာဆိုးလား၊ မိုးနတ်ဒေ၀ါလား မသိနိုင်တဲ့ အဖြစ်အပျက်က မတားသာဆီးမရပဲ လအောင်တို့ မိသားစုထဲ ရောက်လာပါတော့တယ်။

အနီးကပ်ရွာထဲမှာ ကျန်နေတဲ့ ကျနော်တောင် ဘာမှ မသိလိုက်ခင်၊ လုပ်အားပေးခရီးထွက်နေတဲ့ လအောင်က ဒီအဖြစ်အပျက်ကို ဘယ်သိနိုင်မှာလဲ။

မိုးလင်းအချိန်တစ်မနက်ခင်းမှာ တောမီးလောင်သလို သတင်းပြန်နေတဲ့ လအောင်အမေသတင်းကို ကြားရပါတော့တယ်။

လအောင်သာသိရင် ဘယ်လိုခံစားရမလဲ မမှန်းတတ်ပေမယ့်၊ လအောင်ကိုယ်စား ကျနော် အရင်ကြေကွဲနေပြီ။ ညတုန်းက လအောင်အမေနဲ့ မီးကတုတ် ညားသွားကြပြီတဲ့လေ….။

တွေးမရ၊ နားမလည်နိုင်အောင် ဖြစ်ပေမယ့် သူ့မိသားစုအတွက် တစ်ခုခုကို လအောင်အမေ ဆုံးဖြတ်လိုက်တာလို့ ပဲ နားလည်လိုက်ရတော့တယ်။ ဒါမှမဟုတ် သူကြီးကရော၊ သူကြီးကတော်ကပါ ဘယ်လိုများ အယုံသွင်းခဲ့ကြသလဲမှ မသိတာ။

ဒီမီးကတုတ်နဲ့ လအောင်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ ကျနော် အသိဆုံးပါ။ ဒီလူက ရွာထဲက လူပျိုတွေနဲ့ ခဏခဏ ပြသာနာတက်နေတာ။ လူပျိုဝိုင်းမှာ သူ့ကိုယ်သူ လူပျိုလိုလို၊ လူကြီးဝိုင်းမှာကတော့လည်း သူ့ကိုယ်သူ သူကြီးလိုလိုနဲံ့လေ။ တစ်လောကတင် လအောင်အမေကိစ္စနဲ့ ခနဲ့တဲ့တဲ့ လုပ်လို့ လအောင်နဲ့ ရန်ဖြစ်ထားခဲ့တာ။

လအောင်ပြန်လာရင် ဘယ်လိုလုပ်မလဲ။ လအောင်ရော သိပြီလား…။ သူ့အမေ ထင်ထားသလို သူတို့မိသားစုအတွက်တကယ်ပဲ အားထားရမလား။ တစ်နေ့နဲ့ တစ်ညတောင် ကျနော် လိုက်တွေးခဲ့တယ်။

လအောင်ကို သွားပြီး အကြောင်းဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။ မနက်စောစောစီးစီးပဲ စက်ဘီးနင်းပြီး ရွာကနေထွက်လာခဲ့တယ်။ ရွာအပြင်နား အထွက်မှာပဲ လအောင် ပြန်လာတာကို တွေ့လိုက်ရတယ်။

သူ့အမေသတင်းကြားရလို့ လအောင်ပြန်လာတာလို့ ကျနော် ထင်နေတာ။ သိပြီးပြီမို့ ဘာမှ မပြောချင်တော့လို့ ကျနာ် ငြိမ်နေလိုက်တယ်။ သူ့အမေကို စိတ်မချလို့ ပြန်လာတာလို့ သူပြောမှပဲ သူ ဘာမှ မသိသေးမှန်းသိရတယ်။ ကျနော်က ဘာမှ ပြောမထွက်လို့ ငြိမ်နေလိုက်တယ်။

“ ငါ့အမေနဲ့ အဖွားနေကောင်းကြလားဟ။”
“ ကောင်းပါတယ်၊”
“ ဟိုလူ မီးကတုတ် ရွာပြန်လာတယ်ဆို။ ဘာတွေ လုပ်သေးလဲ။”
“ အင်း …. ရှိတယ်။ တွေ့သေးတယ်။”
“နင် ဘယ်သွားမလို့လဲ။ ငါ့ကို အရင်ပြန်ပို့လေ။”
သူ့ရဲ့ စိုးရိမ်ပူပန်စိတ်က အခါနှောင်းမှန်း မသိသေးတဲ့လအောင်ကို သနားရုံကလွဲပြီး ကျနော် ဘာမှ မတတ်နိုင်တော့ပါ။ သူ့ကို စက်ဘီးတင်ပြီး အိမ်ဆီအမြန်ဆုံး နင်းလာခဲ့တယ်။

အိမ်ရောက်တော့ သူ့အဖွားတစ်ယောက်တည်း အိမ်နောက်ဖေးဘက်မှာ စပါးလုံးကောက်နေတာတွေ့ရတယ်။ အပြေးတစ်ပိုင်းနဲ့ လအောင် အိမ်ပေါ်ပြေးတက်လေရဲ့။ သူ့အမေကို ရှာနေပုံရတယ်။
“ အဖွား.. အမေတို့ရော။’”
“ တလင်းထဲမှာ ထင်တယ်။”
အဖွားလေသံက တုန်နေတယ်။ ကျနော် မသိမသာနဲ့ ခိုးကြည့်တော့ လအောင့်အဖွား ငိုနေမှန်းတွေ့ရတယ်။
“ ဘာတွေ ရှိလဲ အဖွား။ ကျနော် ဗိုက်ဆာတယ်။ လုပ်အားပေးမှာက စားမ၀၊ အိပ်ရေးမ၀နဲ့ အဖွားရာ။”
“ ကျနော် မနိုင်တော့ဘူးအဖွား၊ ဒါဏ်ရိုက်ချင်လည်း ရိုက်ပါစေတော့။ မနက်အစောကြီးက ခိုးပြန်လာတာ။ ဘာမှ မစားခဲ့ရဘူး။”
ပြောရင်းနဲ့ လအောင်က မီးဖိုဆောင်ထဲ စားစရာတွေ လိုက်မွှေနေတယ်။ သူ့အဖွား ဖေါင်းမမော့ရဲတာ လအောင် သတိထားမိပုံ မရသေးဘူး။
“ ငါ ဘာမှ မချက်ရသေးဘူးဟဲ့။ နင်ဆာနေရင် ဟို ငှက်ပျောသီးမှည့်တွေ အရင်စားလိုက်ပါလား။ ဘုရားစင်အောက်မှာရှိတယ်။”
အလျင်အမြန်ပဲ လအောင်က ငှက်ပျောသီး ဆွဲစားနေတော့တယ်။
“ အဖွားတို့က ဘာပွဲတွေ တင်ပြန်ပြီလဲ။ ကျနော်လုပ်အားပေး သွားတာလေများ ပွဲတင်ပြီး ဆုတောင်းနေရသေးလား အဖွားရ။”
သူ့အဖွား မနေသာတော့လို့ထင်ပ။ ရှိုက်သံကြီးနဲ့ အော်ပါလေရော။
“ နင့်အတွက် မဟုတ်ဘူးဟဲ့။ နင့်အမေအတွက် အိမ်ဦးနတ်ကို ပူဇော်ထားတာ။”
“ ဘာ … အမေက ဘာဖြစ်လို့လဲ။ အမေ.. အမေ .. ဘာတွေလုပ်လို့လဲ အဖွား။ “
သံသယမျက်လုံးနဲ့ အလန့်တစ်ကြား သူ့အဖွားကို ပြန်မေးတော့တယ်။
“ နင့်အမေ လင်ရတာ နင်မသိသေးဘူးလား ဟဲ့။ အဟီး.. ဟီး။ ဂျပန်ခေတ်မို့ ဂျပန်နဲ့ညားသူညား၊ သူပုန်ခေတ်မို့ သူပုန်နဲ့ညားသူက ညားတာပဲရှိတယ်။ အခုတော့ ဆယ်အိမ်ခေါင်းခေတ်ရောက်မှတော့ ဆယ်အိမ်ခေါင်းနဲ့ ညားမှ ဘ၀ချမ်းသာမှာကိုး…။“
“ ဘာ…. ။ အဖွားတစ်ကယ်ပြောတောလား။”
လအောင်က ကျနော့်မျက်နှာကို လှမ်းကြည့်လိုက်တယ်။ တစ်ကယ်လား ဆိုတဲ့ အဓိပ္ပါယ်နဲ့။ ကျနော် ဘာမှ မပြောသာလို့ ခေါင်းတစ်ချက်ပဲ ညိတ်နိုင်တော့တယ်။
“ သွားဟာ… သွားဟာ။”
လအောင်က သူ့လက်ထဲက ငှက်ပျောသီးရော၊ ကန်တော့ပွဲထဲက ငှက်ပျောသီးကိုပါ ယူပြီး ပေါက်ပစ်နေတော့တယ်။ ငိုကြီးချက်မနဲ့..
“ ကျနော်ပြောပါတယ်၊ နောက်ယောက်ျား မယူပါနဲ့တော့။ ကျနော် လုပ်ကျွေးပါ့မယ်ဆို…။ “
“ တောက်…”
“ စိတ်ထိန်းပါဟာ..။ ယူပြီးနေပြီပဲ။ နင့်အမေကို နင့်ကို သနားလို့။ နင် ပင်ပန်းတာ မကြည့်ရက်တော့လို နေမှာပေါ့။”
“ တော်စမ်းပါ လခမ်းရာ။ ဒီအိမ်မှာ ငါမနေတော့ဘူး။ ငါတောဝင်မယ်။”
“ ငါ အဖွားတစ်ယောက်လုံးရှိပါသေးတယ်။ နင် ဘယ်မှ မသွားရဘူး။ ငါ ရင်ကွဲအောင် မလုပ်ပါနဲ့ လအောင်ရယ်။ ”
ရှိုက်ကြီးတစ်ငင်နဲ့ မြေးအဖွား ဖက်ပြီး ငိုနေကြတယ်။
ပြောပြောဆိုဆို လအောင် ဓါးကိုပြေးယူနေတယ်။
“ အဲဒီ မီးကတုတ်ကို ငါသတ်မယ်။ ငါ့ ပထွေးအဖြစ် လုံးဝ လက်မခံနိုင်ဘူး။”
လအောင် အိမ်အောက် ဆင်းပြီး၊ တလင်းဘက် ပြေးသွားတော့တယ်။ သူ့အဖွားရော ကျနော်ပါ တားဖို့ ပြေးလိုက်ခဲ့ကြတယ်။ တော်တော့ကို ဖြေသိမ့်ချော့မော့ ခဲ့ကြရတယ်။

ရွာအပြင်ဘက်က တလင်းထဲကို လှမ်းကြည့်တော့ သူ့အမေရယ်၊ မီးကတုတ်ရယ်၊ သူကြီးလင်မယားရယ်ကို တွေ့လိုက်ရတယ်။

သူက အိမ်မှာမနေချင်လို့ တောထဲဝင်ဖို့ပဲ ပြောနေတော့တယ်။ တောတွင်းသူပုန်အဖွဲ့ထဲ ၀င်ပြီး မီးကတုတ်ကို ပြန်လာသတ်ဖို့ ကြိမ်းဝါးနေလေရဲ့။

လောလောဆယ်ဆယ် ကျနော်နဲ့ နေဖို့ ချော့ပြီး အိမ်ကို ခေါ်လာခဲ့တယ်။ သူ့အဖွားလည်း လိုက်လာပြီး အမျိုးမျိုး ချော့လေတယ်။ သူပိုင်ဆိုင်သမျှကို အကုန်လုံး အမွှေလွဲဖို့နဲ့ ပထွေးရန်က အသက်နဲ့လဲပြီး ကာကွယ်ဖို့ တစ်တွတ်တွတ် ပြောနေတော့တယ်။

ထမင်းစားချိန်လောက်မှ လအောင်အမေ လအောင်ပြန်ရောက်မှန်း သိပုံရတယ်။ ကျနော့်အိမ်အထိ လိုက်လာပြီး အိမ်ပြန်ဖို့ လအောင်ကို ခေါ်နေတော့တယ်။ ချော့မရလို့ မျက်ရည်စက်လက်နဲ့ သူ့အမေပြန်လှည့်ခဲ့ရတယ်။ ညနေရောက်မှ ကျနော့် မိဘရော၊ ကျနော်ပါ၊ ပြီး သူ့အဖွား ကပါ လာခေါ်ပြီး အိမ်ပြန်ပို့ခဲ့ရတယ်။

အမေဘေးမှာ ၀င်အိပ်လိုအိပ်၊ တစ်ခါတစ်လေ အဖွားဘေးမှာ အိပ်လိုအိပ်တတ်တဲ့ လအောင်တစ်ယောက် အခုတော့ တစ်ကိုယ်တည်း အိပ်ရတော့မှာတွေးပြီး လအောင် ၀မ်းနည်းနေမိတယ်။ နောက်နေ့တွေမှာ လအောင်တစ်ယောက် တစ်ခြားကာလသားလူပျိုတွေလို အဆင်ပြေတဲ့ အိမ်မှာ ၀င်အိမ်နေတော့တယ်။ မိုးလင်းလို့ သူ့အလုပ်သူလုပ်၊ ပြီး.. ညနေ စားသောက်ပြီးတာနဲ့ အိပ်ဖို့ တန်းထွက်တတ်တော့တယ်။

လယ်ထဲရောက်တော့လည်း သူလုပ်စရာရှိတာ သူ့ဘာသာ သူလုပ်ပြီး။ သူ့အမေကသာ လင်တော်မောင်အသစ်ကို အလုပ်သင်ပေးခဲ့တယ်လို့ ပြန်လာပြောပြခဲ့တယ်။ ဒါပေမယ့် သူ့အမေထင်ထားတဲ့ လုပ်အားအကူအညီက မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ဆယ်အိမ်ခေါင်းရာထူးနဲ့မို့ သူကြီးက တစ်ချိန်လုံး အခေါ်လွှတ်နေတော့တယ်။ လယ်ထဲရောက်တဲ့အထိတောင် ကင်းသမားလွှတ်ပြီး ခေါ်ခိုင်းတတ်တယ်။ မီးကတုတ်အကြံလား၊ သူကြီးအကြံလားတော့ ဘယ်သိနိုင်မှာလဲ။

စပါးရာသီပြီးပေမယ့် လအောင် မသက်သာခဲ့ပါဘူး။ တစ်မိုးစာအတွက် ထင်းချိန်ရောက်လာခဲ့ပြန်တယ်။

တောထဲသွားဖို့ အချိန်မရှိဘူးလို့ ဆယ်အိမ်ခေါင်းက သူ့မိန်းမကို ဆင်ခြေပေးနေတော့တယ်။ သူကြီးလူယုံမို့ သူကြီးအနားမှာ အမြဲရှိနေရမှာပေါ့။ ရွာသားတွေနဲ့ သူ့အလှည့် ကိုယ်အလှည့်နဲ့တင် လအောင်ထင်းကိစ္စ ပြတ်နိုင်တော့တယ်။

နေ့ပူညချမ်း ရာသီကြမ်းတဲ့ လပေါင်းကိုရောက်တဲ့ တစ်ရက်မှာ ပြသာနာက ပေါ်ပါလေရော။

ထင်းပိုင်း၊ ထင်းခွဲ အလုပ်လောက်တော့ ကျနော်တို့ရွာသားတွေ အေးအေးလူလူနဲ့ ညဦးပိုင်းမှာ လုပ်လေ့ရှိတယ်။ နေ့ခင်းက ပူလွန်းတော့ ညအချိန်မှာသာ စကားပြောရင်း၊ အလုပ်လုပ်ရင်းပေါ့။ ပြီးတော့ လာဝိုင်းလုပ်တဲ့ လူတွေကို တစ်ခုခု လုပ်ကျွေးရင်းနဲ့ ပျော်စရာတောင် ကောင်းလွန်းလို့။

တစ်ရက်မှာ လအောင်အမေက သူ့ယောက်ျားကို ထင်းလုပ်ခိုင်းပုံရတယ်။ ဟေးလားဝါးလားနဲ့ သူများတွေ အလုပ်လုပ်နေတဲ့ ထင်းပုံနား မီးကတုတ်ရောက်လာတယ်။ လအောင်အမေကပါ ရောက်လာပြီး ပိုင်းပြီးသား ထင်းတွေကို စီပေးခဲ့တယ်။ ဒီမှာတင် လာဝိုင်းလုပ်နေကြတဲ့ လအောင်သူငယ်ချင်းတွေ မသိမသာနဲ့ တစ်ယောက်ပြီး တစ်ယောက် လစ်ပါလေရော။

လအောင်အမေ တစ်ခုခုယူဖို့ အိမ်ပြန်နေချိန်မှာ ပြသာနာပေါ်ပါတော့တယ်။

ဝုန်းဒိုင်းကြဲသံ၊ ဆဲဆိုသံ၊ တိုးကြိတ်သံတွေ ကြားခဲ့တယ်။ အမေနှမ ဆဲသံတွေလည်း မကြားဝံ့မခံသာ။ ပထွေးနဲ့ မယားပါသားတို့ ရန်ဖြစ်သံကြားတော့ အိမ်နီးနားချင်းတွေ ပြေားလာကြတာပေါ့။ ကျနော်ရောက်သွားချိန်မှာ မီးကတုတ်ကြီးမေ့လဲ နေပြီ။ လအောင်လက်ထဲမှာ ထင်းပိုင်းရှည်ကြီးနဲ့။ သူ့အမေကလည်း အော်ဟစ်ငိုကြွေးလို့။ အိမ်နီးနားချင်းတွေ တောတော့်ကို ဖျန်ဖြေခဲ့ရတယ်။

လအောင်အမေက လူမိုက်၊ လူသတ်သမားဆိုပြီး အော်ဆဲနေတော့ လအောင်အဖွား မခံရပ်နိုင်လို့ ထင်ပ။ သူ့အမေပါးကို နှစ်ချက်သုံးချက်လောက် ရိုက်မိသွားတယ်။ သတိလစ်နေတဲ့မီးကတုတ်က ဘယ်အချိန်ကတည်းက သတိရလည်း မသိဘူး။ လအောင်ကို ၀င်ရုန်းလိုက်တယ်။ ထင်းပိုင်း မချရသေးတဲ့ လအောင်ကလည်း အားရပါးရ ရိုက်ပြန်လေရော။ အဲဒီအချိန်မှာ သူကြီးရောက်လာတော့ ကျနော်နဲ့ သူငယ်ချင်းတစ်ချို့ လအောင်ကို ဆွဲပြီး လစ်လာခဲ့ကြတယ်။ သူကြီးရဲ့ သတ်မယ်ဖြတ်ဆိုတဲ့ ကြိမ်းသံကနေ မနည်းပြေး ခဲ့ရတယ်။ ကျနော်အားလုံးပဲ မီးကတုတ်သေပြီလို့ ထင်ထားခဲ့ကြတာ။ သက်ဆိုးရှည်တဲ့ မီးကတုတ် မသေခဲ့ဘူး။

လအောင်ကိုတော့ ရွာအရှေ့ဘက် ဂျိုင်းဖြစ်ဘေးက ခြံတစ်ခြံထဲမှာ ၀ှက်ထားခဲ့ကြတယ်။ ရွာထဲ ပြန်ရောက်တော့ ကျနော်တို့အဖွဲ့ကို သူကြီး စစ်ပါလေရော။ အားလုံးပဲ မသိဘူး၊မတွေ့ဘူးလို့ပဲ ငြင်းခဲ့ကြတယ်။

နောက်နေ့ မနက် ရွာကလူ မသိအောင် ကျနော်ရွာကနေ ခိုးထွက်လာခဲ့တယ်။ လအောင်အခြေအနေ ကြည့်ဖို့ပါ။ ဒါပေမယ့် လအောင် မရှိတော့ဘူး။ ကူးတို့ဆိပ်တွေမှာ မသိမသာနဲ့ သွားစုံစမ်းပေမယ့် ဘာမှ မသိခဲ့ရဘူး။

နောက်တစ်ပတ်အကြာလောက်မှ လအောင်တစ်ယောက် ယိုးဒယားနယ်စပ်ဘက် ရောက်သွားမှန်း သိရတော့တယ်။ မီးကတုတ်လည်း အတွင်းကြေဒါဏ်ရာနဲ့ အိပ်ရာထဲ လှဲနေတော့တယ်။ လအောင်အမေလည်း ကိုယ်ဝန်ဆောင်နေကြောင်း ရွာသားတွေဆီက ကြားခဲ့ရတယ်။

တစ်ရက်မှာ လအောင်အမေ ကျနော်တို့အိမ် လာလည်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရင့်ချိန်တောင် ဖြစ်နေပြီ။ ကျနော့်အမေဆီ ငွေချေးဖို့ လာကြောင်း အမေပြောပြခဲ့တယ်။ သူ့အိမ်ထောင်ပြုမှားကြောင်း အမေဆီ ညည်းခဲ့တယ်။ လအောင်ကိုလည်း ရွာပြန်လာရင် သူကြီးက တစ်ခုခုလုပ်လိမ့်မှာကိုလည်း စိုးရိမ်ကြောင်း ငိုယိုပြီး ပြောပြခဲ့တယ်။

ကြံရာမရတဲ့ မုဆိုးမရဲ့ မေတ္တာတရားက သားကို သတ်တဲ့ အမှားဖြစ်လေသလားပဲ။ လအောင်အဖွားလည်း သူ့မြေးအတွက် ရင်နာလို့ ဘာပစ္စည်းကိုမှ ထုတ်မပေးတော့ကြောင်းလည်း သိလာခဲ့ရတယ်။ လအောင်ကို မြစ်ဘေးက ခြံထဲ သွားဝှက်ခဲ့တုန်းက ပြသာနာအစကို မေးမိခဲ့ပါတယ်။ မီးကတုတ်က ထင်းဝိုင်းသိမ်းရတာကို နေ့မသိ၊ညမသိ သူ့အမေ ခိုင်းစားတယ်ဆိုပြီး တစ်တွန်တွန်ညည်းနေလို့တဲ့။ သူ့လိုရာထူးရှိတဲ့ လူကိုများ ကျွန်မှတ်နေသလား ဆိုပြီး ရန်ရှာခဲ့လို့ ပြသာနာ ဖြစ်ခဲ့ရကြောင်း လအောင် ပြောပြခဲ့တယ်။

မိုးဦးကျရာသီမှာပဲ အတွင်းကြေဒါဏ်ရာနဲ့ မီးကတုတ် ဆုံးခဲ့တယ်။ လအောင်အမေလည်း ဒုတိယအကြိမ် မုဆိုးမဘ၀ ရောက်ပြန်ရော။ ဒီအချိန်မှာ လအောင်အဖွားကလည်း သူ့သမီးကို ဘယ်လိုစိတ်ဆိုးရက်မဦးလဲ။

နောက်ပိုင်းမှာ လအောင်အမေက လအောင်ပြန်လာဖို့ လူကြုံရှိတိုင်း မှာခဲ့ပါတယ်။ လအောင်နဲ့ တွေ့သူတိုင်းက သတင်းဆိုးပဲ ကြားခဲ့ရတယ်။ လအောင်တစ်ယောက် တောကအဖွဲ့အစည်းတစ်ခုထဲ ၀င်သွားသလိုလို။ အရက်တွေချည်း ဖိသောက်လို့ ထုတ်ခံထိသလိုလို။ တစ်ချို့ကပြောတော့ ယိုးဒယားဘက်မှာ အလုပ်လုပ်သလိုလို၊ မူးလာရင် သွေးရူးသွေးတန်းနဲ့ သူ့အမေကို မုန်းကြောင်း၊ စိတ်နာကြောင်း လိုက်အော် နေတတ်ကြောင်း ပြန်ပြောပြခဲ့ကြတယ်။

နှစ်တွေကြာလာလို့ ဘန်ကောက်ခေတ်ဖြစ်တော့ လအောင်လည်း ဘန်ကောက်ရောက်ကြောင်း ကြားရပြန်တယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေနဲ့ လအောင်မပေါင်းခဲ့ရဘူး။ ယိုးဒယား ကလေကချေတွေနဲ့ ပေါင်းပြီး ပျက်စီးနေတဲ့ သတင်းဆိုးချည်း ကြားခဲ့ရတယ်။ သူများတွေက ရသမျှ၊ စုမိသမျှတွေ အိမ်ကို ပို့တာ တွေ့ရပေမယ့် လအောင်က မိဘမရှိ၊ အိုးအိမ်မရှိ သလို ပျောက်ချက်သား ကောင်းနေတော့တယ်။

လအောင်အမေလည်း သမီးတစ်ယောက်နဲ့ တစ်ဝမ်းတစ်ခါးပြည့်ရုံ ရွာထဲမှာ အဆင်ပြေသလို ရုန်းကန်ခဲ့ကြပါတယ်။ သူ့အဖွားလည်း ရှိတဲ့လယ်မြေတွေ လအောင်အတွက်ဆိုပြီး ထားခဲ့တာ ယခုထိတိုင်ပဲ။ သေတဲ့အထိ မှာကြားနေတော့ လအောင်အမေလည်း ဒီအတိုင်းပဲ ထားပစ်လိုက်တယ်။ အခုလို လယ်ခေတ်မရှိတော့သလို လယ်သမားတွေ အဖြစ်ဆိုးနေကြတော့ လယ်လုပ်သူနည်းပြီး လယ်ခင်းတွေ ပစ်ထားလိုက်ကြတာ ကိုင်းတောကြီးတွေ ဖြစ်လို့။

သူ့အဖွားရဲ့ နောက်ဆုံးခရီးကို လအောင် မမြင်ခဲ့ရရှာဘူး။ အဲဒီအချိန်က ပင်လယ်ထဲ ငါးဖမ်းသင်္ဘောလိုက်နေတယ်လို့ ပြောတယ်။ လအတော်ကြာပြီးလို့ ရွာကလူနဲ့ဆုံမှ သူသိခဲ့ရတယ်ဆိုပဲ။ ကြားကြားချင်း ရင်ကွဲမတတ်ခံစားရပါတယ်တဲ့။ အခန်းအောင်းပြီး ကလေးငိုသလို အားရပါးရ ငိုပစ်လိုက်တယ်လို့ ပြောပြလေရဲ့။

လအောင်နဲ့ တစ်ညလုံး စကားပြောလိုက်တာ မူးလွန်းလို့လား၊ အိပ်ငိုက်လို့လား မပြောတတ်ဘူး ပြဇာတ်ကြည့်နေရသလို ဇဝေဇ၀ါနဲ့ ခေါင်းလည်နေတော့တယ်။

မနက်မိုးလင်းတော့ အလုပ်ပြန်ဆင်းရမယ်ဆိုလို့ လအောင်အစောကြီး ထပြီးရေချိုးနေတယ်။ သူရေချိုးနေတုန်း သူ့ပိုက်ဆံအိတ်ကို မွှေကြည့်လိုက်တယ်။ သူ့အတွက် လမ်းစရိတ် ထည့်ပြန်ပေးမလို့ပါ။ ဘတ်နှစ်ဆယ်တန် နှစ်ရွက်ပဲ ကျန်တာတွေ့ရတယ်။ ကျနော်က ရာတန်သုံးရွက် ထည့်ပေးလိုက်တယ်။ သူမသိအောင် ထည့်ရတာ။ အကောင်းပေးရင် ငြင်းနေဦးမှာမို့။ သူ့အိတ်ထဲ ဘာတွေရှိသေးလဲ သိချင်စိတ်နဲ့ ကျနော်ထပ်မွှေကြည့်တယ်။

မထင်မှတ်တဲ့ ဓါတ်ပုံကို ကျနော်တွေ့လိုက်ရတယ်။ ကျနော် ရင်တုန်သလို ခံစားမိသွားတယ်။ ၀မ်းသာလွန်းလို့ ဆိုပါတော့။ ဓါတ်ပုံလေးက ကြားကနေညှပ်ယူထားတဲ့ပုံပါပဲ။ အုပ်စုထဲကနေ ခွဲပြီး ညှပ်ယူထားခြင်းပါ။

လအောင်အမေရဲ့ ဓါတ်ပုံလေးပါ။ ဒီလူ သူများဆီကနေ ခိုးယူပြီး ညှပ်ယူသိမ်းထားပုံပဲ။ ဒါဆို သူ့အမေကို သူသတိရလို့ပေါ့။ ဟုတ်ပါပြီ လအောင်ရင်ထဲမှာ သူ့အမေကို ခိုးပြီးသတိရနေမှာပါ။ သူ့အမေသိရင် တော်တော့်ကို ၀မ်းသာမှာပါလို့ တွေးမိလိုက်တယ်။

သူရေချိုးမပြီးခင် သူ့အိတ်လေးကို နေရာအတိုင်း ကျနြော်ပန်သိမ်း ပေးလိုက်တယ်။ သူပြန်မယ်ဆိုလို့ ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ပေးခဲ့တယ်။

လိုင်းကားရောက်လာလို့ အဆင်သင့်ပေးဖို့ ပိုက်ဆံအိတ်ဖွင့်တော့ ပိုက်ဆံတွေ့သွားပုံရတယ်။ ပြီးတော့ ကျနော်ပြန်ထည့်ထားတဲ့ သူ့အမေရဲ့ ဓါတ်ပုံက ဘေးဘက်မှာ ပေါ်နေတာ သူတွေ့လိုက်တယ်။

လအောင်က ကျနော်မျက်နှာကို လှမ်းကြည့်လိုက်တယ်။

“ ဟေ့လူ မြန်မြန်သွား။ ကားထွက်တော့မယ်။”

ကျနော်သူ့ကို အမြန်ဆုံးဖြစ်အောင် ပြန်လွှတ်လိုက်တယ်။

“ ငါ့အတွက် မပူနဲ့။ ငါ့မှာ လမ်းစရိတ်ရှိသေးတယ်။ နင့်အမေအတွက်လည်း ဘာမှ မပူနဲ့။ ရွာရောက်ရင် နင်သတိရနေသေးကြောင်း ပြောပြပေးပါမယ်။ သွား .. သွား မြန်မြန်။”

လအောင် ကားပေရောက်မှပဲ ကျနော် စိတ်အေးတော့တယ်။ မဟုတ်ရင် ဘာတွေ ဂျီကျဦးမလဲ မသိ။ ဒါပေမယ့် ကျနော် အရမ်းပျော်သွားတယ်။

ရွာရောက်ရင် သူ့အမေကို ဖုန်းဆက်ခိုင်းရမယ်။ သူ့အမေရဲ့ အသံလေးကြားမိရင် လအောင်တစ်ယောက် အိမ်ပြန်ချင်စိတ်လေးများ ပေါ်နိုင်ကောင်းပါရဲ့……။

အမေအိမ်သီချင်းထဲကလို လအောင်တစ်ယောက် သူ့အမေအိမ်လေးကို လွမ်းနေပါစေတော့….။

ခမ်းကီး

No comments: