Tuesday, February 24, 2009

ဘ၀တစ်ခု (သို့မဟုတ်) အလွှာသစ်လူတန်းစား




အရင်တစ်ခေါက်က ပြောပြဖို့ကျန်တဲ့ ခရီးသွားအတွေ့အကြုံလေးတွေ ရေးမယ်ဆိုပြီး အချိန်ဆွဲခဲ့တာ အခုမှရေးဖြစ်တယ်။
အမြဲတမ်း အလုပ်များချင်ဟန်ဆောင်တတ်တဲ့ ခမ်းကီးရဲ့ အကျင်ပါ့။ (ကြော်ငြာ) ဒီလိုပါ။ ထိုင်းနိုင်ငံရောက်တုန်း ရွာသားတွေရဲ့ မင်္ဂလာပွဲ သွားဖို့ရယ်၊ ကွမ်းယာဝါးချင်တဲ့ အကြောင်းရယ်ပါ။

သတို့သားကလည်း ခမ်းကီးမသွားမှာစိုးလို့ တစ်ချိန်လုံး ဖုံးဆက်နေရော။ သူ့ခမျှာ ခမ်းကီးလိုဧည့်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ဧည့်ခံပြုစု ချင်ပုံရတယ်။ သူတို့ရွာသားလည်း လေယဉ်ပျံနဲ့ နိုင်ငံခြားကို လာနိုင်ကြောင်း သူ့အပေါင်းအသင်းတွေကို ကြွားချင်ပုံရတယ်။ (မိမိအထင်) စနေနေ့ညနေမှာပဲ လူပျိုကြီးဦးထင်ပေါ်ကို လွှတ်ပြီး လာကြိုခိုင်းလေရဲ့။

ကိုထင်ပေါ်က ရဟန်းလူထွက် လူပျိုကြီး။ ဒီကိုရောက်တဲ့လူတွေ သူ့ကို ဆရာတစ်ဆူလို အားထားနေကြလေရဲ့။ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီဖို့ပဲဖြစ်ဖြစ်၊ အလှူအတန်းလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ ရန်ပွဲကို ဖြေရှင်းဖို့ပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး လင်မယားရန်ဖြစ်လို့ ကြောင်းကျိုးကြီးငယ် ဖြေရှင်းဖို့အထိ သူမပါရင် မပြီးတတ်ဘူး ဖြစ်နေတာ။ တိုင်းတစ်ပါးရောက်နေတဲ့ ရွာသားတွေ လူကြီးအရာအဖြစ် အားကိုးကြတာပါ။ သူကလဲ အားလုံးအတွက်ကို စိတ်ရှည်ရှည်ထား၊ စေတနာအပြည့်နဲ့ ကူညီခဲ့ပါတယ်။ ဘန်ကောက်ရောက်တာ ကြာပြီလားလို့ မေးရင်တော့ ဆယ်နှစ်လောက် ရှိပြီဆိုပေမယ့်၊ အိမ်ကို ဘယ်လောက်ထိ ပို့ပေးလဲ့ပြီလဲလို့ မေးရင် ခပ်ပြုံးပြုံးလေးနဲ့ ဘာမှ မပို့နိုင်သေးဘူးဟာ လို့သာ ကြားရတော့တယ်။ သူ့ရဲ့ လူမှုရေးစိတ်ဓါတ်နဲ့ စေတနာကိုတော့ ချီးကျူးမိပါတယ်။


ခမ်းကီးနဲ့က ရွာမှာကတည်းက ရင်းနှီးခဲ့တာမို့ ဒီအထိ ခမ်းကီးအလည်ရောက်တော့ သူဝမ်းသာမဆုံး ဖြစ်နေတယ်။ မေးလိုက်တဲ့ ရွာအကြောင်း၊ လူတွေအကြောင်းတွေ၊ ဖြေရတာ မောဟိုက်သွားတယ်။ အဝေးရောက် လူတိုင်း ဒီလိုပဲ ဖြစ်ကြမယ် ထင်ပါရဲ့။

“ ခမ်းကီး.. မနက်ဖြန် မင်္ဂလာပွဲကို ဖြစ်အောင်သွားရမယ်နော်။ တိုင်းတစ်ပါးရောက်နေတဲ့ ငါတို့ရွာသားတွေရဲ့ မင်္ဂလာပွဲကို နင့်ကို မြင်စေချင်တာ။ ကလေးတွေကိုလဲ သွားအားပေးပေါ့။”

“ သွားချင်ပါတယ်။ ဒါပေမယ့် ဖရမ်ဆောင်(Rama 2)က အဝေးကြီးဆို။ တနင်္ဂနွေဆို ပုလိပ်တွေ အရမ်းရှုပ်တယ်ဆို။ “
“ နင့်လက်မှတ်ပါတာပဲ ဘာမှကြောက်စရာ မလိုပါဘူး။ တနင်္ဂနွေနေ့က ကားသိပ်မကြပ်ပါဘူးဟ..။ သတို့သားရော သတို့သမီးရော နင့်ဆီ သကြားလုံး မပို့ပေမယ် ငါ့ကို အရခေါ်ခိုင်းတာ။ “
“ သကြားလုံးက ဘာအဓိပ္ပါယ်လဲ ဝေးပေါ်ရ..။ “
“ ဒီလိုဟ…။ ဒီမှာက ရွာလို ဘယ်တူနိုင်မလဲ။ ဖိတ်စာပို့ဖို့၊ ဆေးလိပ်ကမ်းဖို့က မဖြစ်နိုင်ဘူးလေ။ ဒီမှာက ထုံးစံတစ်မျိုးထွင်ရတာပေါ့။ ကိုယ်အလုပ်ရုံတစ်ရုံထဲကလူတွေ၊ နီးစပ်တဲ့ အလုပ်ရုံကလူတွေကို သကြားလုံးပေးပြီး အကြောင်းကြား ဖိတ်ရတယ်လေ။ တနင်္ဂနွေနေ့ အားရက်ပဲ ရကြတော့ အချိန်လုပြီး လှုပ်ရှားနေရတာ။ ကိုယ့်အချင်းချင်း သိဖို့က အဓိကပဲလေ”

အော်.. ဒီလိုလားလို့သာ ပြောနိုင်ပြီး တိုင်းတစ်ပါးရောက် သူတို့လေးတွေရဲ့ ဘ၀ကို နားလည်သဘောပေါက်ရတော့တယ်။ ရွာမှတုန်းက မြင်ဖူးတဲ့ အဝေးရောက်သူတို့လေးတွေရဲ့ မင်္ဂလာဆောင် ဗွီဒီယို ကြည့်ရတာ ပျော်ဖို့တောင်ကောင်းသေးတယ်။ အင်း.. မနက်ဖြန်ကျရင် သွားဖြစ်အောင် သွားရမယ်။

ခမ်းကီးတည်းတဲ့နေရာနဲ့ သူတို့အလုပ်ရုံက တစ်နာရီကျော်တောင် လိုင်းကားစီးရတယ်။ ဒါတောင် ကားရှင်းတဲ့ တနင်္ဂနွေနေ့မို့တဲ့။ အင်း တစ်ခြားရက်တွေဆို ဘယ်လောက်ထိ ကြာမလဲ မပြောနိုင်။ မြို့လယ်နဲ့ ဖရမ်ဆောင်(Rama 2) လမ်းမကြီးအထိရောက်ဖို့တောင် မိနစ်လေးဆယ် ကျော်ကြာနေပြီ။ အဲဒီ ဖရမ်ဆောင်(Rama 2) လမ်းမကြီးက မြန်မာပြည်သား အများဆုံး အလုပ်လုပ်နေကြတဲ့ မဟာချိုင်းမြို့အထိ ရောက်တယ်ဆိုပဲ။ ဒီလမ်းမတစ်လျှောက် ဘေးဝဲယာက အလုပ်ရုံတွေမှာ မြန်မာပြည်သားတွေ တစ်ပုံကြီးလို့ ဝေးပေါ် ရှင်းပြပါတယ်။

“ ခမ်းကီး… ကားပေါ်ကနေ ကားမှတ်တိုင်တွေမှာ သတိထားပြီးကြည့်။ တောကြောင်တွေ၊ မြေခွေးတွေ သားကောင်တွေ လိုက်ဖမ်းတာ နင်တွေ့ရမယ် “
“ ဗျာ “ ဝေးပေါ်စကားကို ခမ်းကီးနားမလည်လို့ ကြောင်သွားတယ်။ ဘာအဓိပ္ပါယ်ပါလိမ့်။ ခမ်းကီးမမေးခင်မှာပဲ ဝေးပေါ် ပြန်ရှင်းပြလေတယ်။
“ ဒီလိုဟ… အမဲရောင်ပုလိပ်ကားတွေ၊ အ၀ါရောင် ဦးထုပ်နဲ့ ဆိုင်ကယ်စီးနေတဲ့ ပုလိပ်တွေကို သတိထားမိလား။ ဒီလို တနင်္ဂနွေနေ့မှာ သူတို့ ရီုက်စားပဲ။ လူဆိုးလူမိုက်တွေကို လိုက်ဖမ်းဖို့ လှည့်နေတာမဟုတ်ဘူး။ မြန်မာပြည်သားတွေကို ရိုက်စားထုစားဖို့ လိုက်လှည့်နေကြတာ။ “
“ ဟေ.. “ နားမလည်နိုင်အောင်ဖြစ်လို့ ဟေကနဲ ခမ်းကီးဖြစ်သွားတယ်။ လက်မှတ်မရှိတဲ့လူတွေကို လိုက်ဖမ်းတာလားလို့ မေးကြည့်တော့
“ လက်မှတ်ရှိရော၊ မရှိရော အကုန်ဆွဲတာ၊ ပြီးမှ ပိုက်ဆံကုန်နည်းတာနဲ့ များတာပဲ ကွာတာ။ နင်ကြည့်နေ အခန်းရောက်မှ နင့်ကို ငါရှင်းပြမယ်။ “ ခမ်းကီးနှုတ်ဆိတ်ပြီး ဝေးပေါ်ပြောသလို ကားမှတ်တိုင်တွေမှာ လိုက်ကြည့်ခဲ့တယ်။

တစ်အောင့်လောက်အကြာမှာ လူရှင်းတဲ့ ကားမှတ်တိုင်တစ်ခုမှာ ပုလိပ်ကားတစ်စီးရပ်နေတာတွေ့ရတယ်။

ခုံးကျော်တံတားတိုင်အကွယ်မှာ ပုလိပ်တစ်ယောက် လူငယ်လေးနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေတာ တွေ့လိုက်ရတယ်။ သူငယ်နှစ်ကောင် မျက်နှာသေလေးတွေနဲ့..။ သေချာပါပြီ။ ဒီကောင့်သားနှစ်ယောက် မြန်မာပြည်သားမှ မြန်မာပြည်သားစစ်စစ်။ ၀တ်စားပုံက အချိုးမပြေတဲ့ ဒီဇိုင်းတွေနဲ့။ ပုလိပ်က သူတို့ ပိုက်ဆံအိတ်ကို မွှေနှောက်နေတာ တွေ့ရတယ်။ ဝေးပေါ်ပြောတဲ့ သားကောင်ဆိုတာ အခုမှ သေသေချာချာကို တွေ့ရတော့တယ်။ ကြောက်လန့်ပြီး ငြိမ်ကုပ်နေတဲ့ သူတို့ရုပ်က တစ်ကယ့်သားကောင်ရယ်ပါ။

လိုင်းကားကျော်လွန်သွားတော့ သူတို့ဘာတွေ ဆက်ပြီး ဖြစ်ပျက်နေကြမလဲဆိုတာ မပြောနိုင်တော့ဘူး။ ရွာမှာနေတုန်းက ကြားနေရတဲ့ ပုလိပ်ရှုပ်တယ်တယ်ဆိုတဲ့ နေရာကို ရောက်နေမှကိုး။ ရောက်ခါနီးပြီလားလို့ ဝေးပေါ်ကို မေးကြည့်တော့။ လိုသေးတယ်၊ နင်ဆက်ြ့ပီးကြည့်နေ ထပ်တွေ့ရဦးမယ်တဲ့။ သူကပြုံးစိစိနဲ့။

အိနြေ္ဒရရသွားလာနေကြတဲ့ ထိုင်းတွေကြားမှာ မြန်မာပြည်သားကိုမှ ဘယ်လိုရွေးပြီး ဖမ်းတတ်ကြသလဲလို့ တွေးမိသား။ ရွာသားတွေ ပြောပြဖူးတဲ့ သူတို့အတွေ့အကြုံကို နားထောင်ခြင်းဖြင့် ဒီထိုင်းပုလိပ်တွေ ၀ါရင့်မုဆိုးဖြစ်ကုန်မှန်း ခန့်မှန်းမိတယ်။

Express Way တံတားတစ်ခု အကျော်မှာ ဦးထုပ်ဝါဆိုင်ကယ်စီး ပုလိပ်နှစ်ယေက် ကောင်းမလေးနှစ်ယောက်ကို စစ်ဆေးနေတာ တွေ့ရပြန်ရော။ ကောင်မလေးတွေက အ၀တ်အိတ်တွေနဲ့။ သူတို့ပုံစံက အခန်းပြောင်းဖို့လား၊ အလုပ်ရုံပြောင်းဖို့လား တစ်ခုခုဖြစ်ပုံရတယ်။ ဒီတောကြောင်နှစ်ကောင်ရဲ့လက်ထဲက လွှတ်လမ်းမရှိတဲ့ သားကောင်တွေ။ သူတို့ရုပ်ရည်က ပအိုဝ်းမလေး မဟုတ်ရင် ကရင်မလေးဖြစ်ဖို့များတယ်။ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူလေးတွေ။ အို… သူတို့ပိုက်ဆံကို ယူသွားတာထက် သူတို့ တစ်ခုခုများ ဖြစ်သွားမလား ဆိုပြီး ခမ်းကီးရင်ထဲ ဒိတ်ကနဲဖြစ်သွားတယ်။

သူတို့ကိုယ်စား ခမ်းကီးရင်ထိတ်လာရင်းက စင်ထရယ်ရ်(Central Rama 2) ဆိုတဲ့ ကုန်တိုက်ကြီးရှေ့တောင် ရောက်လာခဲ့တယ်။ ဝေးပေါ်က ရောက်ခါနီးပြီဆိုပြီး ဆင်းဖို့ လက်ကုတ်လိုက်တယ်။ မနက်ကုန်တိုက်ဖွင့်ချိန်ထင်ပ။ လူတွေ လှုပ်လှုပ်ရှားရှား စည်စည်ကားကားနဲ့ရယ်။ ဝေးပေါ်က နေ့လယ် မင်္ဂလာပွဲပြီးမှ ကုန်တိုက်ပေါ် လာလည်ကြမယ်လို့ ပြောနေတယ်။ မင်္ဂလာပွဲရှိတဲ့ အလုပ်ရုံက ကုန်တိုက်အနောက်ဖက်ခြမ်း ဆိုင်ကယ်တစ်ဆင့် ထပ်စီးပြီးမှ ရောက်တော့တယ်။

ရှစ်ထပ်အမြင့်ရှိ တိုက်ခန်းကြီးတစ်လုံးရှေ့ရောက်ခဲ့တယ်။ အခန်းပေါင်း ငါးရာကျော်ရှိတယ်လို့ ဝေးပေါ်ရှင်းပြတယ်။ အိမ်ခြေအနေနဲ့တွက်ရင် ရွာကြီးတစ်ရွာစာလောက်တောင်ရှိတယ်။ ခမ်းကီးရွာသားချည်းက အခန်းပေါင်း သုံးဆယ်ကျော်နေပြီတဲ့..။ ရွာကလူတွေ ဒီကို ရောက်ကုန်ပြီထင်ပ။ သွားလာနေကြတဲ့ ရွာက ကလေးတွေကို အရင်တွေ့လိုက်တယ်။

‘ ဟယ် ဝေးခမ်းကီး။ ဘယ်တုန်းကရောက်လာတာလဲ၊ ဘယ်သွားမလဲ၊ ကျမတို့မခန်းကို လာလည်နော်။ “
“ ဦးခမ်းကီး … ကျနောတို့အခန်းကိုလဲ လာလည်နော်၊ ဦးခမ်းကီးကို ကောင်းကောင်း ပြုစုမှာ၊ ခဏနေ ကျနော် လာကြိုမယ်နော်။ “

‘ မင်းတို့ကောင်တွေ တယ်ထွားနေကြပါလား၊ မှတ်တောင် မမှတ်မိဘူး၊ “

ရွာက ကလေးတွေ သူတစ်ခွန်းငါတစ်ပေါက်နဲ့ ခမ်းကီးကို နှုတ်ဆက်လိုက်ကြတာ။ ကြည့်စမ်း. ရွာမှာတုန်းက ပိစိကွေးလေးတွေ၊ ဒီမှာရောက်မှ ထွားလိုက်ကြတာ။ သူတို့ကို ကြည့်ရတာ ပျော်လို့၊ ရွှင်လို့။ သူတို့ ရပ်ရွာလို မှတ်နေကြသလား မဆိုနိုင်။

ကိုထင်ပေါ်က ဦးဆောင်ပြီး မင်္ဂလာဆောင်တဲ့ အခန်းပေါ် တက်လာခဲ့ကြတယ်။ ခြောက်ထပ်မြောက်မှာဆိုလို့ ဓါတ်လှေကားနဲ့ တက်လာခဲ့ကြတယ်။ တော်တော်ညစ်ပတ်တဲ့ ဓါတ်လှေကားရယ်ပါ။ သာမန်ရပ်ကွက်က သာမန်အလုပ်သမားများ နေကြတဲ့ တိုက်ခန်းမို့လား မဆိုနိုင်။ အမှိုတ်တွေ၊ ရေးရာခြစ်ရာတွေနဲ့၊ ကွမ်းတံထွေးရည်တောင် ပါလိုက်သေးတယ်။

အပေါ်ရောက်တော့ လူတွေ အတော်များများတောင် ရောက်နေတာတွေ့ရတယ်။ ခမ်းကီးရွာသားရော၊ တစ်ခြားအရပ်ဒေသက လူတွေရော စုံလို့။ သောက်စားတတ်တဲ့ ယောက်ျားလေးတွေအတွက် အခန်းသုံးလေးခန်း၊ မိန်းကလေး ဧည့်သည်တွေအတွက် ကျွေးမွေးဧည့်ခံတဲ့ အခန်းတွေနဲ့။ သတို့သား၊ သတို့သမီး လက်ချည်တဲ့ အခန်းကို ရောက်လာခဲ့ကြတယ်။
“ ဦးထင်ပေါ်တို့ ဦးခမ်းကီးတို့ ရောက်လာပြီဟေ့..။ လာ.. လာဦးတို့ သတို့သားသတို့သမီးက မျှော်နေတာ။ “
“ ဝေးခမ်းကီး လာမှလာပါ့မလားလို့ မျှော်နေတာ။ ဦးထင်ပေါ်အတွက် ကျနော်တို့ အလယ်တိုင် ကိုချန်ထားပေးတယ်၊ ဆုကောင်းကောင်းလေးနဲ့ လက်ချည်ပေးနော်ဦးပေါ် “
အလယ်တိုင် ဆိုတာက လက်ချည်ပေးမယ့် မော်ဆရာအတွက်ထားလေ့ရှိတဲ့ အရက်ကိုပြောတာပါ။ ကန်တော့ပွဲတင်တဲ့ အရက်ပါ။ သူတို့လေးတွေက လက်ထပ်ထိမ်းမြှားခြင်းဆိုတဲ့ ထုံးစံအပြည့်နဲ့ရယ်။ သတို့သားက ရခိုင်ပုဆိုးအင်္ကျီအဖြူနဲ့၊ သတို့သမီးကလည်း မြန်မာဆန်ဆန် ၀တ်စုံလေးနဲ့ပါ။ မြန်မာပစ္စည်းလာရောင်းတဲ့ လူတွေဆီက အော်ဒါမှာထားရတယ်လို့ ပြောတယ်။ ကောင်လေးတစ်ယောက်က စာအိတ်တစ်လုံးနဲ့ သကြားလုံး၊ ဆေးလိပ်ကို လာကမ်းပေးတယ်။ လက်ခံဧည့်ခံခြင်းပေါ့။ စာအိတ်က သူတို့ကို ကူညီဖို့ လက်ဖွဲ့စာအိတ်လေးပေါ့။

ခမ်းကီးလည်း တတ်နိုင်သလောက် အနီရောင်(ရာတန်) သုံးလေးရွက်လောက် ထည့်လိုက်ပါတယ်။ (စရိတ်နည်းနေလို့)။ လူတွေများလို့ လုပြီးတောင် လက်ချည်ပေးခဲ့ရတယ်။ သူတို့က မရိုးနိုင်တဲ့ မုန့်ဟင်းခါးနဲ့ ဧည့်ခံရှာပါရဲ့။ ဘီယာပေါတဲ့အရပ်မို့ သောက်စရာတွေ ဖာပေါင်းမနည်းဘူး။ လူပျိုတစ်ချို့ ရေချိန်ကိုက်လို့ အသံကျယ်ကျယ် လောင်လောင်နဲ့ အော်လို့ဟစ်လို့။ ခမ်းကီးတို့ကိုတော့ လူရှင်းတဲ့ အခန်းတစ်ခန်းမှာ ဧည့်ခံလိုက်တယ်။

ခမ်းကီးနဲ့ ဝေးထင်ပေါ်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် သူတို့တွေ လက်ထပ်ကြရသလဲဆိုတာ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အဓိကကတော့ မိဘတွေနဲ့ဝေးနေကြလို့ပေါ့။ ထိန်းသိမ်းပေးမယ့်လူမရှိဘူး။ သွန်သင်ဆုံးမမယ့် လူကြီးမရှိဘူး။ ပညာဆို ဝေလာဝေးပေါ့။ အများအားဖြင့်က လေးငါးတန်းနဲ့တင် ကျောင်းထွက်ပြီး တိုင်းတစ်ပါးကို ရောက်လာကြရတာ။ ဆိုးဆိုးရွားရွားထိ ဘ၀မပျက်စီးအောင် နေနိုင်ကြတာက ပတ်ဝန်းကျင်ကပေးတဲ့ အသိတရားနဲ့ရယ်။ ပတ်ဝန်းကျင် အပေါင်းအသင်းကောင်းလို့ လိမ်လိမ်မာမာ ထိန်းထိန်းသိမ်းသိမ်း နေနိုင်တဲ့သူတွေ ရှိသလို၊ အပေါင်းအသင်းမကောင်းလို့ ပျက်စီးနေတဲ့ လူတွေ တစ်ပုံကြီးပေါ့။ နေ့စဉ် သိရှိသင်ကြားလာခဲ့တာတွေက တီဗွီ၊ ဗွီဒီယို စတဲ့ သူတို့နဲ့ အနီးစပ်ဆုံးအရာမျှသာ။ အခုလို လူသိရှင်ကြား အကြင်လင်မယားဖြစ်ဖို့ တွေးမိတာကလည်း ရွာမှာတုန်းက ဖြင်ဖူးတွေ့ဖူးတဲ့ ဓလေ့ထုံးစံ မို့သာပေါ့။ ဘ၀ရဲ့တန်ဖိုးကို နားလည်တတ်ကြသေးလို့ တော်ပါသေးရဲ့။

ဘီယာလေးငါးလုံးလောက် ကုန်ပြီးချိန်မှာ ကွမ်းယာစားချင်တယ်လို့ ခမ်းကီးညည်းတော့ အခန်းကိုင်ရှင်ရဲ့သမီးလေးက အောက်ထပ်မှာရောင်းတယ်ဆိုလို့ ဆင်းပြေးဝယ်ရှာတယ်။ ဒီမှာက မြန်မာပြည်ပစ္စည်းဆို မရှိတာက မိနဲ့ဖဆိုပဲ။ အခန်းထဲမှာ ဆိုင်ခန်းဖွင့်ပြီး ရောင်းတာရှိသလို ကားနဲ့လာရောင်းကြတာလဲ ရှိတယ်လို့ပြောတယ်။ အခန်းပိုင်ရှင် ကိုထွန်းလူကလည်း လင်ရောမယားရော ကလေးပါ ဒီကို အကုန်ရောက်နေကြတာ။ သူ့တို့သမီးငယ်က လေးတန်းအောင်ပြီးလို့ အလယ်တန်းတက်ရမှာ။ ဆက်မထားနိုင်တာလား၊ စိတ်မချတာလား မသိနိုင်။ အခုတော့ တိုင်းတစ်ပါး ရောက်နေလေရဲ့။ အဖေအမေတွေ အလုပ်ဆင်းရင် ဒီမှာပဲမွေးတဲ့ မောင်ငယ်လေးကို ထိန်းဖေါ်ရတယ်လို့ ကိုထွန်းလူက ပြောတယ်။ ခမ်းကီးတို့ရွာသားတွေများ နိုင်ငံခြားထွက်မယ့် လက္ခဏာတွေ ပါလာကြလေသလား မဆိုနိုင်။ ဘာဗေဒင်၊ ဘာယတြာမှ မလိုပဲ အသက်တစ်ဆယ်စွန်းစွန်းနဲ့တင် အော်တိုမစ်တစ်ကို နိုင်ငံခြားရောက်လာကြပြီ။ မြေလျှိုးလို့ပဲဖြစ်ဖြစ်၊ မိုးပျံလို့ပဲ ဖြစ်ဖြစ်၊ တောင်ကျော်လို့ပဲ ဖြစ်ဖြစ် သူများနိုင်ငံရောက်သွားမှတော့ နိုင်ငံခြားပဲပေါ့နော။

စကားပြောလို့ အရှိန်ကောင်းတုန်း ကောင်းလေးတစ်ယောက် အပြေးအလွှားနဲ့ ရောက်လာတယ်။

“ ဦးထင်ပေါ်.. ဦးထင်ပေါ်.. ပုလိပ်တွေ ၀င်လာတယ်နော်။ လက်မှတ်မရှိတဲ့လူတွေကို ရှောင်နေခိုင်းလိုက်ပါ။ တိုက်ရှေ့မှာ လက်မှတ်မရှိတဲ့ လူ သုံးလေးယောက်ကို ဆွဲသွားပြီတဲ့။ “
ကောင်လေးက အထိတ်တလန့်နဲ့ ဝေးထင်ပေါ်ကို လာတိုင်နေတယ်။
“ အပေါ်တက်လာမလို့ တံခါးမှူးနဲ့ စကားပြောနေတယ်။ “
“ အင်း.. ယိုဒယားတွေ တိုင်ပြန်ပြီထင်တယ်။”
ဝေးပေါ်က သာမရိုးကျ ပုံစံနဲ့ညည်းနေတယ်။ ခမ်းကီးကို အေးအေးဆေးဆေးနေခိုင်းပြီး သူက မင်္ဂလာဆောင်တဲ့ အခန်းကို ဆင်းသွားတယ်။ ခမ်းကီးလဲ မနေသာလို့ လိုက်ဆင်းသွားခဲ့တယ်။ ဓါတ်လှေခါးထဲမှာ လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးလွှားတက်ဆင်းကြတာ တွေ့လိုက်တယ်။ အမကြီးတစ်ယောက်က တုန်တုန်ရီရီနဲ့
“ ငါပြောတာပဲ၊ အလှူပွဲ မလုပ်ကြပါနဲ့လို့။ လက်မှတ်မရှိတဲ့ သူတွေကို နဲနဲမှ မထောက်ကြဘူး။ ဖြစ်လာရင် ငါတို့ပဲ ဒုက္ခရောက်တယ်။ ငါက လမ်းစရိတ်တောင် မကျေသေးဘူး။ “
သူ့ပုံစံက ဒီကိုရောက်တာ သိပ်မကြာသေးပုံရတယ်။ ခမ်းကီးရောက်သွားတော့ မင်္ဂလာဆောင်တဲ့ အခန်းရှေ့မှာ ပုလိပ်ရောက်နေပြီ။ တံခါးမှူးရယ်၊ သတို့သားရယ်၊ သတို့သားရဲ့ဦးရယ်၊ ဝေးပေါ်ရယ် ပုလိပ်တွေနဲ့ စကားပြောနေတာတွေ့ရတယ်။ သတို့သားမျက်နှာပျက်နေပုံက တကယ့်သနားစရာ။ တစ်အောင့်လောက်မှာ ဝေးပေါ်က ပုလိပ်တစ်ယောက်ကို ထောင့်တစ်နေရာမှာ ခေါ်သွားတာ တွေ့ရတယ်။ တစ်ခုခုသွားညှိကြပုံရတယ်။

ခဏလေးအကြာမှာ မှိုရတဲ့မျက်နှာနဲ့ ပုလိပ်ပြန်လာတာတွေ့ရတယ်။ အဆင်ပြေသွားပြီ ထင်ပါရဲ့။ ဘာဘာညာညာတွေပြောပြီး ပုလိပ်တွေ ပြန်ဆင်းသွားကြတယ်။ သတို့သားသတို့သမီးမျက်နှာတွေ ငိုမဲ့ငိုမဲ့နဲ့ရယ်။
“ ကဲ ကဲ အေးဆေးပဲ။ လုပ်စရာရှိတာဆက်လုပ်ကြ။ မြန်မာပြည်သားတွေ ဆူညံကြတယ်ဆိုပြီး ယိုးဒယားတွေတိုင်လို့ ပုလိပ်လာစစ်တာ။ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးနေကြပါ။ သိပ်ပြီး မဆူညံစေနဲ့ပေါ့။ ပုလိပ်ခေါ်သွားတဲ့ လူတွေကို ဦးတို့ လိုက်ရွေးပေးမယ်။ ဘာမှ စိတ်မပူကြနဲ့ “
ဝေးပေါ်က သူ့လူတွေကို လိုက်ထိန်းနေလိုက်တယ်။ ပြီးတော့ ခမ်းကီးကိုခေါ်ပြီး အခန်းဟောင်းပေါ် ပြန်တက်လာခဲ့တယ်။

“ ဒီလိုပဲ ခမ်းကီးရာ၊ သူများနိုင်ငံမှာနေရတာ ဒုက္ခအမျိုးမျိုးပဲ ကြုံရတယ်။ မျက်နှာငယ်လည်း ခံရတယ်။ ပိုက်ဆံလည်း ကုန်ရတယ်။ စိတ်လည်းဆင်းရဲရတယ်။ ကလေးတွေကို တားဆီးပိတ်ပင်ဖို့က မဖြစ်နိုင်ဘူးလေ။ သူတို့အကြောင်းနဲ့ သူတို့ ရှိသေးတာကိုး။ သူတို့တွေက အထိန်းအကွတ် မရှိတော့ လက်လွန်ခြေလွန် တာတွေရှိမှာပေါ့။ ရွာနဲ့ဝေးပြီ ဆိုပေမယ့် ဒီကဖြစ်တဲ့ ပြသနာကို ရွာက အကုန်လုံးသိကြတာပဲ။ ဒီမှာ တစ်ခုခုဖြစ်ရင် ရွာကလူတွေ ချက်ချင်းသိတယ်။ ဒီမှာက အသိအမှတ်ပြုသဘောနဲ့ မင်္ဂလာပွဲ လုပ်နေတာ။ သူတို့ အဆင်ပြေတဲ့တစ်နေ့ကျရင် ရွာပြန်ပြီး မိကောင်းဖခင်သားသမီးပီပီ၊ ထုံးတမ်းစဉ်လာအတိုင်း မင်္ဂလာပြန်ဆောင်မှာပါ။ ဂုဏ်သိက္ခာတစ်ခု အတွက် အတူတူနေနိုင်ဖို့ရယ်ပါ။ “
“ ယိုးဒယားတွေကလည်း လွန်လွန်းတယ်၊ သူတို့ အချင်းချင်းဆို ဆောင်းဘောက်တွေ အကျယ်ကြီးဖွင့်ကြ၊ အော်ကြီးဟစ်ကျယ်နဲ့ မူးရူးနေပေမယ့် တစ်ယောက်မှ မညည်းရဲကြဘူး။ မြန်မာပြည်သားတွေ နည်းနည်း ဖြစ်ပြီဆို ဟိုတိုင်ဒီတိုင်နဲ့။ ခုနက ပုလိပ်တွေတွေ့လား၊ ငါးထောင်ပေးလိုက်ရတယ်။ တစ်သောင်းတောင်းတယ်။ မနည်းဘူး တောင်းပန်ယူရတယ်။ တံခါးမှူးကိုလည်း အလှူရှင်တွေ တစ်ထောင်တောင် ပေးထားတယ်။ ပုလိပ်ကို စောင့်ကြည့်ဖို့လေ။ အခုဟာက ဒီထဲက ယိုးဒယားတွေ ရဲစခန်းထိ တိုင်လို့တဲ့။ ဒါကြောင့် ကားနဲ့လာကြတာ။ “
ဝေးပေါ်ရှင်းပြတာတွေ နားထောင်ရင်း ခမ်းကီးတောင် ခေါင်းကိုက်လာတယ်။ အဲဒီအချိန်မှာပဲ ကိုထွန်းလူမိန်းမ ပြန်ရောက်လာတယ်။ အကြောက်မပျယ်သေးဘူးထင်ပ။ တုန်တုန်ရီရီနဲ့။
“ ဒီမှာ ပွဲတစ်ခါခါလုပ်ရင် ငါသေတောင်သေချင်တယ်။ ပုန်းရပြေးရနဲ့။ “
“ အမက လက်မှတ်မရှိဘူးလား။”
မိသားစုလိုက်နေကြပြီး လက်မှတ်မရှိဘူးဆိုလို့ ခမ်းကီးအံ့သြသွားတယ်။
“ မရှိဘူး။ နင့်အကိုထွန်းလူပဲ ရှိတယ်။ “ ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ရသလဲ မေးကြည့်တော့။ မန်နေဂျာကို ပိုက်ဆံပေးပြီး အလုပ်ဝင်ခဲ့တာတဲ့။ ပွဲလုပ်တော့မယ်၊ လူရှုပ်တော့မယ်ထင်တဲ့ တနင်္ဂနွေနေ့ဆို လူးရှင်းတဲ့ အခန်းတစ်ခန်းမှာ၊ ဒါမှမဟုတ် အသိယိုးဒယား အခန်း တစ်နေရာရာမှာ သွားပြီးနေလိုက်တယ်လို့ ထပ်ပြီး ရှင်းပြတယ်။ ပုလိပ်မိသွားရင် မိသားစုလိုက် ပြန်ပို့ခံ ထိမှာမို့ မလွယ်ဘူးတဲ့လေ။
ခမ်းနားထယ်ဝါတဲ့ ဘန်ကောက်မြို့ထဲက သူတို့ဘ၀က မလွယ်ပါလား။

စကားပြောလို့ ကောင်းတုံး ဝေးပေါ်ဖုန်း မြည်လာတယ်။ ကြည့်ရပုံက တစ်နေနေရာမှာ ပုလိပ်ဝင်ဖမ်းနေပြီဆိုတာ သိလိုက်တယ်။ ဝေးပေါ်မျက်နှာ မသာမယာနဲ့ ဖုန်းချလိုက်တယ်။
“ သံကြိုးရုံက မင်္ဂလာဆောင်မှာ ပုလိပ်ဝင်ဖမ်းတယ်လို့ ကလေးတွေ ဖုန်းဆက်လာတာ။ နယ်ကျော်လာတဲ့ ဧည့်သည်တွေ အများကြီးပါသွားတယ် “
“ ဒီမှာ စားသောက်ပြီးရင် နင့်ကို အဲဒီအလုပ်ရုံဆီ ခေါ်သွားမလို့ ခမ်းကီး။ နင်လိုက်ဦးမလား။ “
“ ပုလိပ်တွေ အရမ်းရှုပ်ရင်လဲ မသွားတော့ဘူးလေ ဝေးပေါ် ‘
“ မသွားရင် ကလေးတွေ စိတ်မကောင်းဖြစ်နေဦးမယ်။ ငါ့နဲ့လဲ ဆွေမကင်းမျိုးမကင်းထဲကဆိုတော့ မသွားရင် မကောင်းဘူး။ ရောက်ဖူးသည်ရှိအောင် နင်လဲလိုက်ခဲ့လေကွာ။ “
ဝေးပေါ်အတင်းခေါ်နေမှ ခမ်းကီးလိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သတို့သားသတို့သမီးကို နှုတ်ဆက်ပြီး နောက်မင်္ဂလာပွဲတစ်ခုကို ထွက်လာခဲ့ကြတယ်။ ဘန်ကောက်မြို့ပြင်ဘက်တောင်ရောက်လာပြီ။ နောက်ထပ်နည်းနည်းဆက်သွားရင် မဟာချိုင်းကို ရောက်သွားပြီလို့ ဝေးပေါ် ရှင်းပြပေးတယ်။ ဆိုင်ကယ်၊ ကား၊ ဆိုင်ကယ် အဆင့်ဆင့်စီးပြီးမှ သံကြိုးရုံဆိုတာရောက်တယ်။ အလုပ်ရုံရောက်တော့ လူတွေရှင်းနေပြီ။

ဒီရုံက အလှူရှင် သတို့သားက မရွှင်မပြတဲ့ မျက်နှာနဲ့ ကြိုဆိုနေလေရဲ့။ သူ့မင်္ဂလာပွဲလေး ရုတ်ရုတ်သဲသဲဖြစ်သွားတာ ဘယ်စိတ်ကောင်း နိုင်မလဲလေ။ အထဲရောက်တော့ ငိုသူကငို၊ ပုလိပ်ကို ကျိန်ဆဲသူက ဆဲနဲ့။ မသန့်မရှင်းတဲ့ သူတို့နေတဲ့ အလုပ်သမားတန်းလျားဘက်မှာ ဘီယာကောက်ဖို့ ခမ်းကီးတို့ကိ ခေါ်လာခဲ့တယ်။ နေရာ သပ်သပ်ရပ်ရပ်မရှိတာ အားနာပါတယ်တဲ့။ ဘာမှ မဖြစ်ပါဘူး။ ကိုယ့်အိမ်ကိုယ့်ရာမှ မဟုတ်တာ။ ပိုက်ဆံလာရှာတာပဲ။ အလုပ်အဆင်ပြေဖို့သာ အရေးကြီးကြောင်း ခမ်းကီး အားပေးလိုက်ရတယ်။

အခန်းတစ်ခုမှာ ကောင်လေးတစ်ယောက်ကို ဆေးလူးပေးနေတာတွေ့တော့ ဘာဖြစ်တာလဲလို့ မေးကြည့်တော့။
ပုလိပ်ဝင်ဖမ်းတုန်းက ထွက်ပြေးတာ။ အလုပ်ရုံအနောက်ဘက်က အုတ်တံတိုင်းကို ကျော်တက်တာ။ ဘာနဲ့ရှပ်ထိသွားမှန်း မသိဘူး။ အလုပ်ရုံအနောက်က မြက်တောထဲ သွားပုန်းခဲ့ကြတာတဲ့လေ။ ဗွက်တောလား၊ ဆူးတောလား မသိဘူး။ ကိုယ်လွှတ်ရုန်း ပြေးခဲ့ကြတယ်။ အခုမှ နာမှန်းသိတာတဲ့။

ဒီမှာတင် ခမ်းကီးတို့အိမ်ဘေးက မပုနဲ့ လာတွေ့နေတယ်။ ခမ်းကီးကိုတွေ့ရတာ ၀မ်းသာကြောင်း၊ ဟင်းကောင်းကောင်းနဲ့ ဧည့်ခံပြုစုလိုကြောင်း တစ်တွတ်တွတ် ပြောနေတော့တယ်။ ခမ်းကီးပြန်ရင် သူရဲ့ သုံးလသားကလေးကို ထည့်ပြန်လို့ မရဘူးလားလို့မေးနေတယ်။ ဘုရားရေလို့ ခမ်းကီးတမိတယ်။ နယ်စပ်ဘက် ပြန်တဲ့လူကြုံလို ထင်နေပုံရတယ်။ အများအားဖြင့် မွေးပြီး သုံးလေးလ ရပြီဆို ရွာပြန်မယ့်လူကြုံ ဒါမှမဟုတ် ယိုးဒယား အဖွားကြီးကို ငှါးပြီး နယ်စပ်အထိ ပို့လိုက်တယ်။ နယ်စပ်မှာ အိမ်က လူကြီးတစ်ယောက်ယောက်ကို စောင့်ခိုင်းထားတာပေါ့။ မွေးကင်းစကလေးကို ပါဆယ်ထုပ်ပို့သလို ပို့ရက်ရတာကလဲ သူ့အကြောင်းနဲ့သူကိုး။ သူတို့ရဲ့ ဘန်ကောက်ရောက် နေထိုင်နေရတဲ့ ဘ၀ကိုကြည့်ပြီး ဘာမှကို သောက်ချင်စားချင်စိတ်တောင် မရှိတော့ဘူး။ သတို့သားက သူ့အခန်းမှာ သောက်စရာ၊ စားစရာနဲ့ ဧည့်ခံပါတယ်။

မကြာဘူး။ ဖမ်းမိသွားတဲ့ ကလေးတွေ သူတို့ကို သွားရွေးဖို့ ဝေးပေါ်ကို ဖုန်းထိုးလာကြတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေဆီက ပိုက်ဆံတွေ လိုက်ကောက်ရတာပေါ့။ ပုလိပ်တွေကများ ရာဇသံနဲ့။ ညနေငါးနာရီထိုးလို့ လာမရွေးရင် လ၀က လက်ထဲအပ်မယ်တဲ့။ လ၀က လက်ထဲရောက်ရင် ရွာကို တန်းရောက်ပြီပေါ့။ ရွာရောက်ပြီး နောက်ပြန်လာဖို့က လမ်းစရိတ်က မနည်းဘူးလေ။ ဒါကြောင့် အတတ်နိုင်ဆုံး ပုလိပ်တွေကို ညှိပြီး ရွေးယူရတယ်လို့ ဝေးပေါ် ရှင်းပြရှာတယ်။

အင်း… မလွယ်ပါလား ဘန်ကောက်မြို့ကြီးရယ်။

မိုးမျှော်တိုက်ကြီးတွေ၊ ကောင်းကင်ရထားတွေ၊ နောက်ဆုံးပေါ် ကားလှလှတွေ၊ ကုန်တိုက်အကြီးကြီးတွေအနောက်က လူမကူ နတ်မင်း မ မစလေတဲ့ လူတန်းစားတစ်ရပ်ကို ဖုံးကွယ်နိုင်ပါပေ့..။ လူသားဆိုတဲ့ အခွင့်အရေးအပြည့်နဲ့ ကြော့ကြော့မော့မော့ လှုပ်ရှားသွားလာနေတဲ့ သူတို့နိုင်ငံသားကြားမှာ စွန်ရဲ၊ မြေခွေးတွေကို တစ်ထိတ်ထိတ် သတိထားနေရတဲ့ ယုန်ငယ်လေးပမာ ရုန်းကန်ရှင်သန်နေရတဲ့ ဘ၀များစွာကို ဘယ်သူများ သိမြင်နိုင်လေမလဲ…။

နတ်သမီးမြို့တော်ထဲမှာ ငရဲမချစ်၊ လူစွန့်ပစ်တဲ့ အလွှာသစ်လူတန်းစားတစ်ရပ် အနေတတ်လို့ လူဖြစ်ရကျိုးနပ်ပါလေတော့…..။


(ကိုထင်ပေါ် ပို့ဆောင်ပေးခဲ့တဲ့ ဘန်ကောက်မြို့ထဲ တစ်ခြားလည်ပတ်ရောက်ရှိဖူးတဲ့ နေရာကို ထပ်ရေးဦးမယ်။)

No comments: