Tuesday, February 24, 2009

ဆရာတစ်လှည်း




ခမ်းကီးက သူများကို ဆရာလို့ခေါ်လိုက်။
သူများတွေကလည်း ခမ်းကီးကို ဆရာလို့ ခေါ်လိုက်နဲ့။
ဆရာပေါင်း တစ်သောင်းခြောက်ထောင် ဖြစ်ကုန်ရော။
ဟိုခေါ်ဒီခေါ်နဲ့ ခမ်းကီးတို့ရွာ ဒေါ်နန်းပေါက်ကို သွားသတိရမိတယ်။

ဒေါ်နန်းပေါက်နဲ့ ဦးကျော်လင်မယားက သာမန် တောသူတောင်သားပါ။ လယ်လုပ်မယ်၊ ယာလုပ်မယ်၊ ကျွဲနွား တွေမွေးမယ်ပေါ့။ သားသမီးအသီးသီးကလည်း အိမ်ထောင်ရက်သားပြုကြကုန်ပါပြီ။ ညနေပိုင်းဆို ဦးကျော်တစ်ယောက် ခပ်ထွေထွေလေးနဲ့ အမြဲတမ်း သိုင်းကွက်နင်းတတ်တဲ့ အကျင့်တော့ရှိတယ်။

“ အွဒါးစွောမ်း ပ့ထာ့ထီနောဝ့်၊ အလင်အလင် ထာ့ရာ့ရာ့စွိုး သူးသေတောဝ်း “
(ဒီအရည် သောက်တတ်တာကလွဲပြီး ဘာမှ မသိ၊ ဘာမှ နားမလည်၊ ဘာမှ သုံးစားလို့ မရတဲ့ လူတုံးကြီး)

ခပ်အေးအေးခပ်ရှင်းရှင်းနေတတ်တဲ့ ဒေါ်နန်းပေါက်ကလည်း ဒီထက်ပိုပြီး ဆဲလေ့မရှိဘူး။
နေ့ဘက်ဆို မရှိဘူးလို့ ထင်ရအောက်အောင် တိတ်ဆိတ်နေတတ်ပေမယ့် မူးလာရင် ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြားအောင် အော်ဟစ်ဆိုဆိုတတ်တဲ့ မကျင့်ရှိတယ်။ သူကြီး သို့မဟုတ် ပြည်သူ့စစ် တစ်ယောက်ယောက်က လာဟောက်မှ ဟုတ်ကဲ့ဆရာ၊ ကျနော် မအော်တော့ဘူးဆရာ၊ ကျနော် ထမင်းမစားရသေးလို့ဆရာ၊ ခဏနေ ကျနော်အိပ်တော့မယ်ဆရာ ဆရာ တစ်ဖွဖွနဲ့ ကြောက်ရွံ့ရိုသေ တဲ့ပုံစံနဲ့ ငြိမ်ကုတ်သွားတတ်တယ်။

သူတို့မှာ လယ်ယာစိုက်ပျိုးရေးက စာရေးတစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ သမီးတစ်ယောက်ရှိတယ်။ သားသမီးတောင်ထွန်းကား နေကြပြီ။ မြေးဦးယောက်ျားလေးကို သူတို့တော်တော်ချစ်တာ ခမ်းကီး သတိထားမိတယ်။ မြို့ပေါ်သာ သွားနေကြပေမယ့် တစ်လတစ်ခါလောက် ရွာကို ပြန်လာလည်ခိုင်းနေတယ်။

နယုန်လ မိုးဦးရာသီတုန်းက ဦးကျော်မြေးလေး သွေးလွန်တုတ်ကွေးဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်။ ဦးကျော်တို့ လင်မယား ပျာပျာသလဲ အဖြစ်သည်း လိုက်တာ ဘယ်ပြောကောင်းမလဲ။ ဟိုပစ္စည်းယူ၊ ဒီအထုပ်သိမ်း၊ ယောက်ျားလုပ်သူက မိန်းမကိုအော်။ မိန်းကလုပ်သူက ယော်ျားကိုအော်ဆဲနဲ့။ ဟိုပစ္စည်းမေ့၊ ဒီပစ္စည်းကျန်လိုက်နဲ့ ရှလပတ်လည်နေရော။

မိုးတွင်းရာသီဆို ခမ်းကီးတို့ရွာကနေ မြို့ပေါ်ရောက်ဖို့ လှေတစ်တန်၊ မြင်းလှည်းတစ်ဆင့်၊ ပြီး ကားတစ်ဆင့်ထပ်စီးပြီးမှ မြို့ပေါ်ရောက်တာ။

အမြန်လိုမို့ ဦးကျော်တို့လင်မယား စက်လှေငှါးပြီး သွားရမယ်။ လှေဆိပ်ရောက်တော့ ဦးကျော်က အရင်လိုပုံစံကြီးနဲ့

“ ဝေး.. စက်လှေဆရာ ငါတို့ကို ဟိုးဘက်ကမ်းပို့ပေးပါ။ ပိုက်ဆံ ဘယ်လောက်ကျကျ အမြန်ဆုံး မောင်းပေးနော်ဆရာ။ ကားမမှီပဲ နေမယ်ဆရာ်။”
“ သုံးထောင်လောက်ကျမယ်နော် ဦးလေး”
“ ဟာ ဆရာကလည်း သုံးထောင်တောင်၊ လျှော့ပေးဦးလေ ဆရာကလည်း၊ နှစ်ထောင်ငါးရာပဲ ယူနော်ဆရာ”
“ လူနာကို သွားကြည့်တာဆရာရယ်၊ လျှော့ပေးနော်ဆရာ” စက်လှေသမားက အိုကေပြီး ထွက်လာခဲ့ကြတယ်။

လှေဆိပ်ရောက်တော့ ဦးကျော်တို့လင်မယား မြင်းလှည်းငှါးဖို့ အလောတစ်ကြီး ပြေးလာခဲ့ကြတယ်။ ကားမမှီမှာ စိုးလို့ပါ။
“ မြင်းလှည်းဆရာ၊ ဝေး… မြင်းလှည်းဆရာ ကားဂိတ်ကိုမောင်းပေး၊ ဘယ်လောက်လဲဆရာ။”
“ သုံးရာပဲပေး ဦးလေး “
“ အာ ဆရာကလည်း လျှော့ပေးလေ၊ နှစ်ရာ့ငါးဆယ်ပဲ ယူနော်ဆရာ”
“ အေး အေး သွားမယ်”
ကားဂိတ်ရောက်တော့ ကားအလာကို လင်မယားထိုင်စောင့်ကြတာပေါ့။ အဲဒီမှာ ခပ်သန့်သန့် လူကြီးတစ်ယောက်ကိုတွေ့တော့
“ ကားမလာသေးဘူးနော် ဆရာ၊ ဘယ်နှစ်နာရီရှိပြီလဲ ဆရာ” စိုးရိမ်စိတ်နဲ့ ဦးကျော် ဟိုလူဒီလူကို လိုက်မေးနေတယ်။ တစ်အောက်လောက်ကြာတော့ မြို့ပေါ်သွားမယ်ကား ရောက်လာတယ်။ လောလောနဲ့ လင်မယား ကားပေါ်ပြေးတက်သွားကြတယ်။ ကားထွက်ခါနီးမှ အထုပ်တစ်ထုပ်ကျန်တာ သူ့မိန်းမ သတိရတယ်။ ဆင်းယူဖို့ သူ့မိန်းလှမ်းအော်လိုက်တယ်။
“ ဟို့ဆရာ ဟို့ ဟို့ အထုပ်ကျန်တယ်၊ အထုပ်ကျန်တယ်”
ဦးကျော် သူ့မိန်းမကို ပူညံပူညံ ဆဲပြီး ပြေးဆင်းယူလိုက်တယ်။ လင်မယားနှစ်ယောက် နင်အသုံးမကျ၊ ငါအသုံးမကျ ကားပေါ်မှာငြင်းခုံနေကြပြန်ရော။
“ ကားခဘယ်လောက်လဲ ကားဆရာ၊ ဆေးရုံထိ သွားမယ်နော်ဆရာ”
“ ကားက ဈေးအထိပဲရောက်တယ်ဦးလေး၊ ဈေးကနေ ဦးလေးဆို့ ဆိုက်ကား စီးသွားရမယ်”
“အော် ဟုတ်လားဆရာ၊ ဈေးရောက်ရင် ပြောနော်ဆရာ”
“ မပြောလဲ ဦးလေးတို့ ဆင်းရမှာပဲ “ ကားစပါယ်ရာက ဘုဆောက်ဆောက်နဲ့ ပြန်ပြောလိုက်တယ်။ ဒေါ်နန်းပေါက်က သူ့ယောက်ျားကို တုံးလိုက်ချည်လား ပုံစံနဲ့ သူ့ယောက်ျားကို ဘုကြည့် ကြည့်လိုက်တော့မှ ဦးကျော် အသံတိတ်သွားတယ်။
ကားပေါ်ကဆင်းပြီးတော့ ဦးကျော် ဆိုင်ကားကို လိုက်ခေါ်နေတယ်။
“ ဆိုက်ကားဆရာ… ဆိုက်ကားဆရာ..၊”
“ ဆေးရုံသွားမယ်။ ဘယ်လောက်လဲ။ နှစ်ယောက် သွားမယ်။ “
“ သုံးရာ ဦးလေး။ “
“အာ များတယ်။ နှစ်ရာပဲနော် ဆရာ။ ဦးတို့ ပိုက်ဆံမရှိလို့ပါ။ လူနာကို သွားပေးရဦးမယ်။”
“ အေး အေး တက်ဦးလေး။”
ဆေးရုံရောက်တော့ အထုပ်အပိုး ကပိုကသီနဲ့ အထဲဝင်မလို့ရှိတုန်း..
“ ဟေ့.. ဦးလေး။ ဘယ်သွားကြမလဲ။ ဒီအချိန် လူနာလာကြည့်တဲ့ အချိန်မဟုတ်ဘူး။”
တံခါးစောင့်ကုလားက ဦးကျော်တို့ကို လှမ်းဟောက်လိုက်တယ်။ ဦးကျော်တို့ လင်မယား မျက်လုံးပြူးသွားတယ်။ ၀င်လို့မရရင် ဒုက္ခပဲပေါ့။
“ ဆရာ.. ဆရာ ဦးတို့ကို ၀င်ခွင့်ပြုပါနော်။ ဦးတို့မြေးက အထဲမှာ အသည်းအသန်ဖြစ်နေတာ။ အရေးကြီးလို့ ဆရာရယ် “
မျက်နှာငယ်လေးနဲ့ တံခါးစောင့်ကုလားကို ဦးကျော်တောင်းပန်နေရှာတယ်။ တံခါးစောင့်ကုလားက ဦးကျော်တို့ လင်မယားကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေတယ်။ ပိုက်ဆံတောင်းမယ် အကြံနဲ့ရယ်။
“ ဦးတို့ လူနာက ဘယ်သူလဲ။ အရေးမကြီးရင် ပေးမ၀င်ဘူးနော်။ အချိန်မဟုတ်ဘူး “
“ ဦးတို့မြေးလေးပါ ဆရာရယ်။ သူ့အဖေက စိုက်ပျိုးရေးက မောင်ကျော်ထွန်းလေ၊ အထဲမှာ ရှိနေလားမသိဘူး။ “
“ အော် ကိုကျော်ထွန်းလူနာလား၊ ကိုကျော်ထွန်းရှိနေတယ်။ လာ လာ ဦးလေး “
တံခါးစောင့်ကုလား အသံပြောင်းသွားတယ်။ ဌါနကလူဆိုတာ သိသွားလို့ထင်တယ်။
ကုလားကြီးကပဲ ဦးဆောင်ပြီး ခေါ်သွားပေးတယ်။ မြေးကိုမြင်တော့ လင်မယားနှစ်ယောက်သား ပြေးဖက်လိုက်ကြတာ အိနြေ္ဒတောင် မထိန်းနိုင်ကြဘူး။
ကလေးအမေကိုရော၊ ကလေးအဖေကိုပါ အပြစ်တင်လိုက်တာ စုံလို့။ တစ်အောက်လောက်ကြာတော့ ခရမ်းရောင်ဝတ်သန့်ရှင်းရေးသမား အဒေါ်ကြီးတစ်ယောက်ဝင်လာတယ်။ ဦးကျော်က ဆရာဝန်ထင်ပြီး
“ ဆရာမ… ဆရာမ ဦးရဲ့မြေးလေးကို ကယ်ပါဆရာမရယ်။ မြန်မြန်ပျောက်အောင် ဆေးထိုးပေးပါနော် ဆရာမ။ ဆရာမတို့ ကျေးဇူးကို မမေ့ပါဘူး။ “
“ အဖေ သူက ဆရာဝန်မဟုတ်ဘူး အဖေရ။ သန့်ရှင်းရေးလာလုပ်တာ။ “
သူ့သမက် ရှင်းပြမှ ဦးကျော် ဟေကနဲ အော်ပြီး ငြိမ်နေလိုက်တယ်။ သူ့မိန်းမက ဘုကြည့်နဲ့။
“ ဆရာဝန်က ညနေလောက်မှ လာမှာအဖေ။ မနက်ကဆေးထိုးပြီးပါပြီ။ သက်သာပြီလို့ ဆရာဝန်က
ပြောတယ်။ “
သမက်စကားကြားပြီးတော့ ဦးကျော်တို့ လင်မယား စိတ်သက်သာပုံရသွားတယ်။ အဲဒီနောက်မှ ဟိုအကြောင်းဒီအကြောင်း မေးမြန်းပြောဆိုနေကြတယ်။ ဆရာဝန်ကို အမြန်လာခိုင်းလို့ မရဘူးလားလို့ သူ့သမက်ကိုတောင် စောဒကတက်လိုက်သေးတယ်။ ဒီမချိန်ကျမှ ဒေါ်နန်းပေါက် လူနာအတွက်စိတ်အေး သွားလို့ထင်ပ။ ဦးကျော်ကို လက်ညိုးထိုးပြီး။
“ ဆရာဝန်က သူ့အချိန်ကျ သူလာမှာပေါ့။ လမ်းမှာ ရှင်ခေါ်လိုက်တဲ့ ဆရာတွေ လှည်းတစ်စီးတိုက်စာ ရှိနေပြီ။ အခုထိ ရှင်မမောသေးဘူးလား “ တဲ့။ ဦးကျော် သူ့မိန်းမကို မျက်လုံးပြူးပြီး ကြည့်လိုက်တယ်။ တစ်ခုခု ပြောချင်နေပြီ။ သမီးနဲ့ သမက်ရှေ့မှာမို့လို့ထင်တယ်၊ မကျေမချမ်းပုံနဲ့ ငြိမ်နေလိုက်တယ်။
သမီးဖြစ်သူက အမေကိုမေးကြည့်တော့မှ
“ ခေါ်လာလိုက်တဲ့ ဆရာတွေ၊ စက်လှေဆရာ၊ မြင်းလှည်းဆရာ၊ ကားဆရာ၊ ဆိုက်ကားဆရာ၊ တံခါးစောင့်ဆရာ ၊ ဆရာဆရာ တွေ လှည်းတစ်စီးတောင် မဆန့်ဘူး “
(နာ့သီဖါ ဟဲ့လွုန်ငါးဆရားနောဝ့် တလေားပါ ကာတောဝ်းဒွုံသွူ)
ဒေါ်နန်းပေါက် တော်တော့ကို အမြင်ကတ်ခဲ့ပုံရတယ်။ သမီးနဲ့သမက်က ပြံး၍ပဲ နေလိုက်တယ်။
ဒါတောင် သူနာပြုဆရာမနဲ့ ဆရာဝန် တောင်မပါသေးဘူး။
အားလုံးကိုပေါင်းလိုက်ရင်တော့…။

No comments: