Tuesday, February 24, 2009

ဘ၀တစ်ခု(၂) သို့မဟုတ် အမေ့အိမ်သို့အပြန်




ခမ်းကီးရဲ့ ဘန်ကောက်အတွေ့အကြုံ၊ ဒုတိယ တနင်္ဂနွေခရီးစဉ်ကို ရေးဖို့စဉ်းစားတာ ကြာပြီ။ စာရေးတော့မယ်ဟေ့ဆို အိပ်ငိုက်လာတတ်တဲ့ ခမ်းကီးအကျင့်ကြောင့် အခုမှ ရေးဖြစ်တယ်။

လူမသိနတ်မမြင်တဲ့ ကိုယ့်ရွာသားတွေရဲ့ဘ၀ကို ပြောပြချင်လွန်းလို့ ကြိုးစားပြီးရေးလိုက်တယ်။

စနေနေ့ညနေမှာပဲ လူပျိုကြီးဝေးထင်ပေါ်က မလိုက်မှာစိုးလို့ ကြိုပြီးလာကြိုလေရဲ့။ မနက်ဖြန်ကျရင် စက်ချုပ်ရုံမှာ မွေးနေ့ပွဲရှိလို့တဲ့။ ဒီလောက်တောင် ကြပ်ကြပ်တည်းတည်းနေကြရတာ မွေးနေ့ပွဲတောင် ကျင်းပနိုင်သေးလားလို့ ပူပန်စိတ်နဲ့ ခမ်းကီး ဝေးပေါ်ကို စောဒက တက်ပြီးမေးလိုက်တယ်။ လူကြီးမဟုတ်ဘူး၊ ကလေးလေးရဲ့ပွဲလို့ ဝေးပေါ်ပြန်ပြောတယ်။ မနက်ဖြန်သွားမှ အကြောင်းစုံသိရမယ်လို့ ပြောတော့ ခမ်းကီး ငြိမ်နေလိုက်တယ်။ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးစုံအောင် စကားပြောလိုက်ကြတာ ညသန်းခေါင်တောင် ကျော်သွားတယ်။

အလှူရှင်က အစောကြီးလာခဲ့ပါ၊ တက္ကစီခထုတ်ပေးမယ်ဆိုလို့ အမြန်ဆုံးထလာခဲ့ကြတယ်။ Express way ပေါ် တက္ကစီသမား မောင်းလာခဲ့တော့ ဘန်ကောက်မြို့အလှကို ကောင်းကောင်းကြီး မြင်နိုင်ခဲ့တယ်။ အေးစက်တဲ့အဲယားကွန်းနဲ့ အိညက်နေတဲ့ သူတို့တက္ကစီကို စီးရတာ မိုးတွင်းဆိုရေယိုပြီး လမ်းမှာလူကြိုတတ်တဲ့ ရန်ကုန်က တက္ကစီကကို ပြေးပြီး သတိရမိသေးတယ်။ လမ်းတွေကို ယှဉ်မိရင် အမေကျော် ဒွေးတော်လွမ်းလို့ ပြောခံထိနေဦးမယ်၊ မယှဉ်တော့ဘူး။


စကားတွေပြောလာကြတော့ တက္ကစီသမားက ဘာလူမျိုးတွေလဲလို့ မေးတယ်။ မြန်မာပြည်ကပါလို့ပြောတော့ ဘတ်(လက်မှတ်)ရှိကြလားတဲ့။ ရှိတယ်လို့ ဝေးပေါ်ပြန်ဖြေတယ်။ သေချာတယ်နော် တဲ့။ သူ့ပုံက မြန်မာပြည်သားတွေကို ရိုက်စားလုပ်တတ်တဲ့ ပုံပဲလို့ ဝေးပေါ် တိုးတိုးလေးပြောပြတယ်။ ခဏနေတော့ တက္ကစီသမား ဖုန်းဆက်တာသတိထားမိလိုက်တယ်။ ခမ်းကီးကတော့ ကြိုးတံတားကြီးအလှ၊ တိုက်မြင့်မြင့်ကို ငေးရင်းနဲ့ပါပဲ။ ဟော.. express way ဆင်းပြီး တစ်မှတ်တိုင်စာ အရောက်မှာ ပုလိပ်ကားတစ်စီး ခမ်းကီးတို့ကားကို တားနေတာ တွေ့လိုက်ရတယ်။ ကားရပ်ပြီး ချက်ချင်းပဲ မီဘတ်မိုင်… မီဘတ်မိုင် ဆိုပြီး ကားတံခါးကို ဆွဲဖွင့်တော့တာပဲ။ ဝေးပေါ်က သူ့လက်မှတ်ကို ယူထုတ်ပြလိုက်တယ်။ ခမ်းကီးလဲ စာအုပ်ကို ထုတ်ပြလိုက်တယ်။ သူတို့က မပြီးဘူး။ ကားပေါ်ဆင်းခိုင်းနေတယ်။ ခရီးဆက်ဖို့ ရှိကြောင်း ဝေးပေါ်ရှင်းပြပေမယ့် မရဘူး။

တက္ကစီသမားကလည်း ဇွတ်ကြီး ဆင်းခိုင်းနေတယ်။ ပြီးတော့ ပုလိပ်က သူတို့ကားပေါ် တက်ခိုင်းလိုက်တယ်။ တစ်ယောက်က ကားမောင်းပြီး ကျန်တစ်ယောက်က ဝေးထင်ပေါ်ရဲ့ လက်မှတ်နဲ့ ခမ်းကီးစာအုပ်ကို စစ်ဆေးနေတယ်။ သူတို့ကားထဲမှာရှိတဲ့ ကွန်ပြုတာငယ်ကို နှိပ်ပြီး ဘာတွေ လိုက်စစ်မှန်း မသိတော့ဘူး။ မြို့ပြင် လူသူရှင်းတဲ့ လမ်းဘေးတစိနေရာမှာ ကားကိုရပ်လိုက်တယ်။ ဝေးပေါ်ကို ဘာတွေမေးမှန်း မသိဘူး။ တော်တော်ကြာတယ်။ ခမ်းကီးကိုလည်း ဘာလာလုပ်လဲ၊ ဘယ်မှာတည်းလဲ၊ အလုပပ်လုပ်လား စုံအောင်ရစ်နေတယ်။ ဘာမှမလုပ်ဘူး၊ လာလည်တာ၊ တစ်ရက်နှစ်ရက်ဆို ပြန်ပြီလို့ ပဲပုပ်သံဝဲတဲ့ အင်္ဂလိပ်လို ပြန်မှုတ်လိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်ကို တောင်းကြည့်တော့တယ်။

တော်သေးတာပေါ့ ခမ်းကီးက ရာတန်သုံးရွက်နဲ့ အကြွေတွေသာ ထည့်လာခဲ့လို့။ ဝေးထင်ပေါ် အိတ်ထဲမှာ ရာတန်နှစ်ရွက်သာ ရှိတယ်။ ပုလိပ်က ယူမယ်လုပ်တော့ ဝေးထင်ပေါ်က မရဘူး၊ မပေးဘူးလို့ ပြန်ငြင်းလိုက်တယ်။ သွားဖို့ရှိကြောင်း၊ စားစရိတ်မရှိတော့ကြောင်း ပုလိပ်တွေကို ရှင်းပြနေတယ်။ ခမ်းကီးကလည်း မပေးနိုင်ဘူး၊ ယူသွားရင်တော့ တိုးရစ်စ်ပုလိပ်ကို ပြန်တိုင်မယ်လို့ ပြောလိုက်တယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ညှိနေကြတယ်။ အဆင်မပြေဘူးဆိုတဲ့ မျက်နှာထားတွေနဲ့။ သူတို့ မိနေကျ သားကောင်လို မဟုတ်မှန်းသိတော့ မအီမလည်ပုံစံတွေနဲ့။ ပြီးတော့မှ တက္ကစီဖိုးပေးပြီးပြီလားဆိုပြီး မေးတော့တယ်။ ဘယ်ပေးရမတုန်း တက္ကစီသမားကလည်း အချဉ်ရဖို့ မှန်းထားတာနေမှာပေါ့။ ဝေးထင်ပေါ်က တက္ကစီဖိုး နှစ်ရာပေးလိုက်တယ်။ အမှန်က တစ်ရာ့ငါးဆယ်ကျော်ပဲ ကျသေးတယ်။

ဝတ်ထားတဲ့ ယူနီဖေါင်းနဲ့ ပုခုံးပေါ်က ဘားတွေ၊ ရင်ဘတ်မှာထိုးထားတဲ့ တံဆိပ်တွေ၊ ကားပေါ်က ဌာနဆိုင်ရာ အမှတ်တံဆိပ်ကိုမှ အားမနာလေတဲ့ ပုလိပ်စုတ်တွေလို့ ဝေးထင်ပေါ် ကျိန်ဆဲနေတော့တယ်။ တော်တော်ကို ခံပြင်းပုံရတယ်။ ယူနီဖေါင်းဝတ် ဓါးမြတွေ..တဲ့။ ခမ်းကီးတို့ တက္ကစီးထပ်ခေါ်ပြီး အလှူပေးတဲ့ အလုပ်ရုံဆီ ဆက်လာခဲ့တယ်။

ဟိုရောက်တော့ လူတွေတော်တော်စုံနေပြီ။ အမှန်က မွေးနေ့ပွဲ မဟုတ်တဲ့ ကလေးကင်မွန်းတပ်ပွဲရယ်ပါ။

ဒီလောက်ကြပ်ကြပ်တည်းတည်းနေကြရတဲ့ကြားက ကလေးကင်မွန်းတပ်ပွဲ လုပ်အားသေးတယ်လို့ မသိရင်တော့ ဝေဖန်ရက်မှာပါ။
ဘာဖြစ်လို့လဲဆိုတာ ဝေးထင်ပေါ် ရှင်းပြခဲ့ပါတယ်။ လူ့လောကထဲက လူသားပီပီ အချိန်တန်ရင် ချစ်မယ်ကြိုက်မယ်ပေါ့။ သဘာဝက တောင်းဆိုတာကိုး..။ သူတို့ဘ၀၊ သူတို့အချစ်၊ သူတို့စိတ်ကူးယဉ်အိပ်မက်အတိုင်း သူတို့မှာရှိတဲ့ တွေးတောတတ်တဲ့ အတိုင်းအတာထိ သူတို့ ရှင်သန်နေကြမှာပဲ။ ဘ၀က သင်ယူမှတ်သား ထားတဲ့ အတွေးအခေါ်အထိ ဘ၀သစ်တည်ဆောက်ကြတယ် ဆိုပါတော့.. တဲ့။

သူတို့အတွက် အဆင်ပြေခြင်း၊ မပြေခြင်းတိုတာက ကြာလာတော့ နေသားကျနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သွားပြီလေ…။ အဆင်ပြေမှ လက်ထပ်ကြမယ်ဆိုတဲ့ အတွေးမျိုး တွေးကောင်းတွေးမိကြမှာပေါ့။ ဒါပေမယ့် အဆင်ပြေမယ့်ရက်ကို သူတို့ မမျှော်စွမ်းသာကြဘူးလေ…။

နီးစပ်ရာက အတုမြင်အတတ်သင်ကြပြီး သူလိုကိုယ်လိုပဲ ဘ၀အတွက် ဆုံးဖြတ်ကြတော့တာပဲ..။

ကလေးကင်မွန်းတပ်ဆိုပေမယ့် ဗွီယိုရိုက်ပြီး မှတ်တမ်းတင်နေလေရဲ့။ ဖေါဖေါသီသီသုံးစွဲနိုင်လို့ မဟုတ်ပါဘူး။ ဒီဗွီဒီယိုက အလွမ်းပြေ ကြည့်ဖို့ပါတဲ့…။ ဒီကလေး သုံးလကျော်ရင် ရွာကိုပို့တော့မှာ။ ဟုတ်ပါတယ်။ သူတို့ကလေးတွေကို နို့ဖြတ်အရွယ်ထိ ပြုစုစောင့်ရှောက်ချိန် မရှိကြဘူး။ အလုပ်လုပ်ရဦးမယ်၊ ငွေရှာရဦးမယ်လေ..။

ခမ်းကီးတို့ရွှာကို လာလည်ရင်တော့ အပျိုမချောချောလှလှကို တွေ့ရမှာ မဟုတ်ဘူးနော်။ ကလေးငယ်ကို ထိန်းနေတဲ့ အဖိုးအဖွား၊ အဒေါ်ကြီး၊ အမေကြီး ဒါမှမဟုတ် ခရီးထွက်ဖို့ လမ်းစရိတ်မရှိတဲ့ ငမူးသမားတွေကိုပဲ တွေ့မှာ။

ခမ်းကီးတို့လည်း ကလေးကို လက်ချည်ဆုတောင်းပေးပြီးတာနဲ့ အပေါ်ထပ်မှာနေကြတဲ့ လူပျိုလေးတွေ အခန်းဆီ တက်လာခဲ့ကြတယ်။ သူတို့ အားရက်မို့ ဟင်းကောင်းတွေ ချက်စားကြမယ်။ ယမကာတွေနဲ့ ပျော်မြူးကြမယ်ပေါ့။ ဧည့်သည်ခမ်းကီးတို့ လာမယ်ဆိုတော့ စုံနေအောင် ချက်ပြုတ်နေကြတယ်။ အလုပ်လုပ်တဲ့ ရက်တွေမှာ ဆယ်ဘတ်တန် ဟင်းထုပ်ကို မ၀တစ်ဝ ၀ယ်စားကြရတာ ခုလိုအားလပ်ရက်မှာ တစ်ဝတစ်ပြဲ စားဖို့လဲပါမှာပေါ့။

အခန်းကျဉ်းကျဉ်းလေးထဲမျာ ငါးယောက်ခြောက်ယောက်တောင် စုပြီးနေကြတယ်ဆိုလို့ ခမ်းကီး အံ့သြသွားတယ်။ ရေချိုးအ၀တ်လျှော်နိုင်ဖို့၊ ခေါင်းချအိပ်စက်ရဖို့ပဲ အရေးကြီးတာပါတဲ့လေ…။ အင်းပေါ့လေ… ငွေများများစုရဖို့ အရေးကြီးတာကိုး။ အခန်းထဲရောက်တော့ ဘီယာအသင့်၊ အမြည်းတွေ အဆင်သင့်ပဲ။ သူတို့လူအုပ် မစုံကြတော့ ဝေးထင်ပေါ် မေးကြည့်လိုက်တယ်။ တစ်ယောက်က ကောင်မလေးအခန်းဆီလိုက်လည်၊ တစ်ယောက်က ကုန်တိုက်မှာ လမ်းသလား၊ တစ်ယောက်က အမျိုးတွေဆီလိုက်လည်နဲ့၊ ကိစ္စအသီးသီးနဲ့ရယ်။ လက်မှတ်မရှိလို့ ပုလိပ်ကြောက်တတ်တဲ့ လကျော်လည်း မတွေ့ပါလားလို့ ဝေးပေါ် ငဖြိုးကို မေးလိုက်တယ်။

‘ လကျော်တို့ကို သနားပါတယ် ဦးပေါ်ရာ၊ သူ့ညီမကို သွားအားပေးနေပြီထင်တယ်။ “
“ လကျော်တို့က ဘာဖြစ်နေကြလို့လဲ ‘ ဝေးထင်ပေါ် နားမလည်လို့ ငဖြိုးကို ပြန်မေးလိုက်တယ်။
“ ဟာ.. ဦးပေါ် မသိသေးဘူးလား။ လကျော်တို့ အဖေ ညတုန်းက ဆုံးသွားပြီလေ။ “
“ ဟေ …. တစ်ကယ်ပဲလား၊ “ ဝေးထင်ပေါ် အံ့သြသလို မယုံသလိုနဲ့။ ခမ်းကီးလည်း မယုံနိုင်အောင်ပဲ၊ ခမ်းကီး ခရီးမထွက်လာခင်က လကျော်တို့အဖေနဲ့ လမ်းမှာဆုံလို့ နှုတ်ဆက်ခဲ့သေးတယ်။
“ အရက်သောက်များသွားလို့လား၊ လေဖြတ်တာလား မသိဘူး။ သူတို့အမေ မနက်က ဖုန်းဆက်ကြောင်းကြားတာ။ ကျနော်တို့ မနည်းဘူး အားပေးဖြေသိမ့်ကြရတာ။” “ သူများတွေ ပြောကြတာက လကျော်တို့အဖေ စိတ်ညစ်လွန်းလို့ အရက်ကိုချည်း ဖိသောက်နေတာ။ သူ့မိန်းမကြောင့် စိတ်ဓါတ်ကျပြီး အရွဲ့တိုက်လိုက်တာတဲ့။ “
ဟာ… နှမြှောလိုက်တာကွာ လို့ ဝေးပေါ်ညည်းနေတယ်။ ဟုတ်ပါရဲ့။ လကျော်တို့အဖေ ဦးထွန်းဖြုက တစ်ကယ့်လူရိုးလူအေးကြီးပါ။ အလုပ်ကို ကြိုးစားပြီး မိသားစုကို တစ်ကယ်ဂရုစိုက်တဲ့လူ။ နောက်ပိုင်း သူ့မိန်းမ ဒေါ်သိန်းနှစ်လုံးထီလောင်းကစားလို့လား၊ အကြွေးတင်လို့ဆိုလား ရန်တစ်ဖြစ်ဖြစ်နဲ့။ ရှိမဲ့စုမဲ့ ရွှေရောင်း၊ ပြီးတော့ လယ်ပေါင်ယာပေါင်တဲ့အထိတောင် နှစ်လုံးထီလောင်းကစားခဲ့တယ်လို့ ကြားမိတယ်။

ခမ်းကီးတို့ဆီမှာ နှစ်လုံးထီအလောင်းကစားက ယဉ်ကျေးမှုအသစ်တစ်ရပ်လို ဖြစ်နေပြီလေ။ ဘယ်သူဘယ်ဝါကစလို့၊ ဘယ်လိုဘယ်လမ်းကနေ ပြန့်ပွါးလာသလဲ မသိဘူး။ အခုတော့ တောကြိုတောင်ကြားကရွာတွေအထိ ပျံ့နှံ့လို့။ လောင်းကစားဝါသနာပါ လူရင်းတွေ မဆိုထားနဲ့၊ ရိုးရိုးအအ လယ်သမားယာသမား အဖိုးကြီးအဖွားကြီးတွေဆီထိ ကူးစက်လို့ပဲ။ မနက်မိုးလင်းချင်း လူချင်းတွေ့ရင် ပထမဆုံး ဆွေးနွေးကြရတာက သူ့အိပ်မက်ကိုယ့်အိပ်မက်အကြောင်းတွေ။ တစ်ချို့က ပြာပြာသလဲ အချိန်လုပြီး ပြေးလွှားလှုပ်ရှားနေရတာက ဟိုဘိုးတော်၊ ဒီဘုန်းကြီးဆီက အတိတ်တောင်းကြဖို့။ တစ်ကယ့် စီးပွါးရေးသမားကြီးတွေလိုပါပဲ။ ဟိုရွာဒီရွာ ကူးလူးသွားလားနေတဲ့ ကော်မရှင်စားတွေကလည်း စည်ကားသိုက်မြိုက်လို့ရယ်။

အိပ်မက်ကောင်းလို့လား၊ ကော်မရှင်စားက အဆွယ်ကောင်းလို့လားတော့ မသိဘူး။ စာမတတ်ပေမတတ်တဲ့ ဖိုးဖိုးဖွားဖွားတို့ နှစ်လုံးထီထိုးကြတာ ဟုတ်လို့။ ရာဖိုးလောက်ပေါက်ဖူးပြီးရင် ထောင်ဖိုးရှိ နောက်ထပ်တစ်ကြိမ် ပေါက်ဦးမယ် ဆိုတဲ့ အိပ်မက်တွေနဲ့။ တစ်နေ့နှစ်ကြိမ်၊ တစ်ပါတ်ကိုဆယ်ရက်တောင်မှ မင်းဘယ်ပြေးမလဲ ဂဏန်းလေးနှစ်လုံးရယ်ပေါ့…။ ဒါပေမယ့် ရက်တွေကြာလာတော့ အကြွေး မိတ္တုတွေသာ ထပ်ကြပါလေတယ်။ အခုတော့ အိုးကွဲအိမ်ကွဲ၊ ဘ၀တွေပါကွဲလို့။

လကျော်တို့အမေက ရိုးရိုးအအ အိမ်ထောင်ရှင်မပါ။ နောက်ပိုင်းဘယ်လိုကနေ ဘယ်လောက်ထိတောင် ကစားခဲ့သလဲမသိဘူး။ သူ့ယောက်ျားသိတဲ့အချိန်မှာ အတွင်းပစ္စည်းကုန်လို့ လယ်ကိုပေါင်ရတဲ့အထိ လွန်နေပြီ။ ကော်မရှင်ချုပ်ဆီမှာ သိန်းငါးဆယ်နီးပါး မိတ္တုရှင်းဖို့ ကျန်သေးတယ်လို့ ကြားရတယ်။ ဒီမှာတင် ဦးထွန်းဖြူ စိတ်ထိခိုက်သွားပုံရတယ်။ လယ်ပစ်နွားပစ်ပြီး အရက်အိုးထဲ နှစ်နေတော့တာပဲ။ ငါးတန်းတက်နေတဲ့ သမီးကို ကျောင်းထုတ်ပြီး ဒီကိုအရင်ရောက်နေတဲ့ လကျော်ဆီ ပို့လာခဲ့တယ်။

ဒီလို ဦးထွန်းဖြူဒေါ်သိန်းတို့လို အဖြစ်မျိုးကို ခမ်းကီးတို့ရွာတင်မက နယ်တိုင်းမှာလည်း ဖြစ်ပျက်နေကြမှာပါ။ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုသစ်တောင် ဖြစ်နေပြီပဲ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာ ဗွီဒီယိုခွေမှာ ကျော်သွားလေ့ရှိတဲ့ တောသူတောင်သားတွေအဖို့ တွက်နည်းကောင်းရဖို့အရေးနဲ့ တည့်တိုးပေးတတ်တဲ့ ဘိုးတော်ကို ပသရေးက အရေးပါဦးမည်သာ…။

ဝေးထင်ပေါ်နဲ့ ခမ်းကီးလဲ စိတ်မချမ်းသာလွန်းလို့၊ လကျော်တို့ကို အားပေးဖို့ လကျော်တို့အခန်းဘက် ထွက်လာခဲ့တယ်။

ဝေးထင်ပေါ်ကို မြင်တာနဲ့ ငိုကြီးချက်မနဲ့ ပြေးဝင်ဖက်ပါလေရော။ တစ်ရှိုက်ရှိုက်ငိုနေတဲ့ သူ့ညီမလေးကို မြင်ရတာ ရင်တို့စရာရယ်ပါ။
“ ဦးပေါ်.. ကျနော်တို့ကို ကယ်ပါဦး ဦးပေါ်ရယ်။ ကျနော့်အဖေမရှိတော့ဘူး၊ ကျနော့်အဖေကို ကျနော်မမြင်ရတော့ဘူး.. “
ဝေးထင်ပေါ်ကို ဦးအရင်းလို၊ လူကြီးအရင်းတစ်ဦးလို အားထားကြတာမို့ ကလေးငယ်ပမာ အားကိုးတစ်ကြီးနဲ့ ဖက်ငိုနေတော့တယ်။ အဖေ့အသုဘအမှီပြန်မလို့ စီစဉ်နေကြတယ်။ ဦးထင်ပေါ်ကို ကားဂိတ်ဆီ လိုက်ပို့ဖို့ အကူအညီတောင်းတော့တယ်။ ခမ်းကီးတို့လဲ မနည်း ဖျောင်းဖျရတယ်။ သေချာစီစဉ်ကြဖို့ပေါ့။

ခဏအကြာမှပဲ လကျော်ဖုန်းမြည်လာတယ်။ အမေ့ဆီကတဲ့။
“ အမေ မကောင်းဘူး၊ အမေရက်စက်တယ်။ အမေ့ကြောင့် အဖေသေရတာ။ သားတို့ ဒီညပဲ ပြန်လာကြမယ်။ သားတို့ကို စောင့်ပါနော် အမေ။ အဖေ့ကို သားမြင်ချင်သေးတယ် အမေရယ်.. ဟီး .. ဟီး..” လကျော်က ပြောရင်းငိုရင်းနဲ့။
“ ….. … … .. “
“ ဘာ… ပြန်မလာနဲ့တော့။ မရဘူး။ အဖေ့ကို သား မြင်ချင်တယ်။ သား ပြန်လာမယ်။”
ကြည့်ရတာ သူတို့အမေ ပြန်မလာခိုင်းပုံရတယ်။
“ … … .. …. “
“ ဘယ်လောက်ပဲ ကုန်ကုန် သားပြန်လာမှာပဲ။ သားစရိတ်ကို သားဘာသာ သားရှာယူမယ် “
“ ….. .. … .. “
ဝေးထင်ပေါ် မနေသာလို့ထင်ပ။ လကျော်ရဲ့ဖုန်းကို လှမ်းယူလိုက်တယ်။ ပြီးတော့ ဖုန်းစပီကာကို ဖွင့်လိုက်တယ်။
“ နင်တို့ ပြန်လာလည်း ဘာထူးတော့မှာလည်း၊ သေတဲ့လူက ပြန်ရှင်လာမှာမှ မဟုတ်တာ…။ အမေ့အကြွားတွေ ကြေအောင် ဆက်နေပါဦး သားတို့ရယ်….။ အမေလည်း ရင်ကွဲမတတ် ခံစားရပါတယ်။ “
ငိုရှိုက်နေတဲ့ ဒေါ်သိန်းအသံကို အတိုင်းသားကြားနေရတယ်။ အဖေ့ရဲ့ နောက်ဆုံးမျက်နှာတောင် မြင်ခွင့်မရကြတော့ပြီလားကွယ်…။
“ မနက်ဖြန်ကျရင် အသုဘရောအလှူပါ တစ်ပါတည်း တရားနာရေစက်ချမယ်။ မွန်းလွှဲတစ်နာရီလောက်ကျရင် နင်တို့ မောင်နှမ အာရုံပြုပြီး သာဓုခေါ်ပေး၊ အမျှဝေပေးကြ.. ကြားလား…..”
အဖေ့ရဲ့ နောက်ဆုံးခရီးကို အဝေးကနေပြီး နှုတ်ဆက်ရတော့မှာလား။ ဘယ်လိုဘ၀ကံကြမ္မာ ကြောင့်လည်း ကလေးတို့ရယ်..။
ငိုနေတဲ့ လကျော်ညီမ မိနှင်းလည်း သူ့အမေစကားကြားပြီး သတိလစ်တော့တယ်။
“ အစ်မသိန်း ကလေးတွေကို သနားဦးလေ..။ အငယ်မ မေ့မြှောနေပြီ..။ “
ဂရုဏာဒေါသကြောင့် ဝေးထင်ပေါ် ဒေါ်သိန်းကို လှမ်းအော်နေတယ်။ ခမ်းကီးတို့လည်း မိနှင်းကို အလျင်အမြန် ပြုစုယူရတယ်။
“ ထင်ပေါ်ရယ် အစ်မကလေးတွေကို ၀ိုင်းစောင့်ရှောက်ပေးပါကွယ်။ အစ်မ စိတ်ထိခိုက်လွန်းလို့ ထင်ပေါ်ရယ်….”
ရှိုက်သံတွေက ဖုန်းထဲကရော၊ အပြင်ကရော ကမ္ဘာပျက်မတတ် ဆူညံသွားတာပဲ။ ရွာမှာ ခမ်းကီးတွေ့ဖူးတာက ကြေကွဲစရာ သားသမီးမရှိတဲ့ အသုဘပွဲတွေ၊ သားသမီးအမှီ ပြန်မရောက်နိုင်တဲ့ အသုဘပွဲတွေ။ အခုတော့ မိဘရဲ့ နာရေးကိုတောင် ပြန်ခွင့်မရတဲ့ သားသမီးတွေ….။

ဖုန်းထဲကနေ ဘေးလူတွေရဲ့ သူတစ်ခွန်းငါတစ်ပေါက် ပြစ်တင်သံတွေ၊ အကြံပေးသံတွေကို ကြားနေရတယ်။ ကျွန်မ ဘာမှ မသိတော့ဘူး၊ ကျွန်မ ဘာမှ မလုပ်တတ်တော့ဘူး.. ဟီး… ဟီး…။ အော်ဟစ်ငိုကြွေးနေတဲ့ ဒေါ်သိန်းအသံကို ကြားနေရတယ်။
ခဏနေတော့ ဒေါ်သိန်းအစ်မက မိနှင်းကို အမှီပြန်လာဖို့ ဝေးထင်ပေါ်ကို လှမ်းမှာနေတယ်။

မိနှင်းပြန်ရမယ် ဆိုပေမယ့် ပြသာနာက မပြီးသေးဘူး။ အဖေါ်ရဖို့ လူကြုံကို ထပ်ရှာရသေးတယ်။ အလာတုန်းကတော့ ရှယ်ကားဆိုပြီး ဟင်းသီးဟင်းရွက်ကြားမှာ ငါးချဉ်သိပ်သလို စီးလာနိုင်ပေမယ့်၊ အပြန်လမ်းက တစ်ယောက်တည်းမို့ ဘယ်စိတ်ချနိုင်မလဲ။ ဝေးထင်ပေါ်တစ်ယောက် ဟိုအလုပ်ရုံဒီအလုပ်ရုံက ရှိသမျှအသိတွေကို လိုက်မေးရတော့တာပေါ့။ ကံကောင်းလို့ ခမ်းကီးတို့ရွာအနီး ရွာတစ်ရွာက အစ်မကြီးတစ်ယောက်ကိုတွေ့တော့တယ်။ သူကလည်း သားသမီးနေမကောင်းကြလို့ အမြန်ပြန်ရမယ်ဆိုပဲ။

မိနှင်းပြန်ဖို့ စီစဉ်ထုပ်ပိုးစရာတွေကို အမြန်ဆုံး ၀ိုင်းလုပ်ရတာပေါ့။ ပိုက်ဆံဘယ်လောက်စုမိပြီလဲ မေးကြည့်တော့ အင်း.. ရွာရောက်တဲ့အထိတော့ လောက်နိုင်ပါရဲ့။ အလာလမ်းစရိတ်တော့ မကြေသေးဘူးလို့ လကျော်ပြောပြတယ်။ ရောက် ရောက်ချင်းလဲ အလုပ်မရခဲ့ဘူးလေ။ အကောင်သေးလွန်းတော့ အလုပ်ရှင် မလိုခဲ့ဘူး။ အသက်လိမ်ပြီး အတင်းကို အလုပ်သွင်းခဲ့ရတာတဲ့။ အတော်များများက အလုပ်ရဖို့အရေး အသက်လိမ်ခဲ့ကြရတယ်ဆိုပဲ။

ကားဂိတ်ထိလိုက်ပို့ဖို့က ဝေးထင်ပေါ်ရဲ့ တာဝန်ပါ။ ရွာပြန်မယ့် ခမ်းကီးတို့ ရွာသားတွေ ဝေးထင်ပေါ်ကို အကူအညီခေါ်နေကြပဲတဲ့။ ခမ်းကီးကိုလည်း ဘန်ကောက်ရဲ့ကားဂိတ်ကြိးကို ရောက်ဖူးသည်ရှိအောင် ခေါ်ခဲ့တယ်။ ညနေပိုင်းမှာ တက္ကစီငှါးပြီး မော်ချစ်လို့ခေါ်တဲ့ ကားဂိတ်ကြီးကို ထွက်လာခဲ့ကြတယ်။

ကားဂိတ်က အတော်ကြီးပြီး သားသားနားနားရယ်ပါ။ ကားဂီတ်ထဲရောက်တော့ လူတွေနားနေတဲ့ အလယ်နားလောက်က ခုံလွတ်မှာ မိနှင်းနဲ့ အဖေါ်အစ်မကြီးကို ဝေးထင်ပေါ် ထိုင်ခိုင်းလိုက်တယ်။ ဘေးနားမှာထိုင်ရင် တောကြောင်တွေ ချီသွားမယ်တဲ့။ ဟုတ်သားပဲ။ ပုလိပ်တွေ လမ်းသလားနေတာတွေ့ရတယ်လေ။ လုံခြုံရေးအတွက် ကင်းလှည့်တာလား၊ အချဉ်ရနိုင်မယ့် ရွြှေ့မန်မာကို လိုက်ချောင်းနေတာလားတော့ မသိဘူး။ အတွေ့အကြုံရှိတဲ့ ဝေးထင်ပေါ်က သတိရှိပုံရတယ်။ သူတို့ကို ထားခဲ့ပြီး ကားလက်မှတ် သွားဝယ်ပေးလိုက်တယ်။

ကားလက်မှတ်ဝယ်ပြီး စားသောက်ဆိုင်ဘက်မှာ ခမ်းကီးတို့ အနားယူကြတယ်။ ဝေးထင်ပေါ်က မော်ချစ်ကားဂိတ်ကြီးရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ ကားလက်မှတ်ရလည်းမပြီး၊ ကားပေါ်ရောက်လည်း စိတ်မချရ၊ ကားထွက်ပြီးမှ စိတ်အေးရတယ်လို့ ညည်းရှာတယ်။ ဘန်ကောက်မြို့နယ်နိမိတ်အတွင်းက လက်မှတ်ကိုင်သူတွေအတွက် စိတ်ချရပေမယ့် တစ်ခြားနယ်က ပြန်လာတဲ့သူတွေ ဒုက္ခရောက်ကြတယ်။ နယ်ကျော်ဆိုပြီး ပုလိပ်တွေ ရိုက်စားကြတယ်။ ကိုယ့်ရွှေမြန်မာတွေကလည်း ထိုင်းတွေကြားမှာ သိသာလွန်းတယ်လေ။ အိမ်အပြန်လက်ဆောင်လား၊ စုဆောင်းထားတဲ့ ရိက္ခာလား မဆိုနိုင်။ လူတစ်ယောက်ကို အနည်းဆုံး မြွေခွံအိတ်ကြီး နှစ်လုံး၊သုံးလုံးက ပါနေကြ။

ကားထွက်ခါနီးပြီမို့ မိနှင်းတို့ကို နယ်စပ်ထွက်ဂိတ်အမှတ်ဆီ ခေါ်လာခဲ့တယ်။ ကားကလွယ်လွယ်နဲ့ ဂိတ်မထိုးတော့ ကို့ယိုးကားယားနဲ့ မတ်တပ်ရပ်နေရတယ်။ တောကြောင်တွေ လမ်းသလားနေတော့ မိနှင်းအတွက် စိတ်ပူမိတယ်။ အဲဒီမှာတင် ခမ်းကီးအသိမိတ်ဆွေ လင်မယားနဲ့ တွေ့ခဲ့တယ်။ ဘာလာလုပ်ကြတာလဲလို့ မေးတော့ သူငယ်ချင်းတစ်ယောက်ကို အဖေါ်လိုက်လာတာတဲ့။ ကလေးလာပို့တာတဲ့။ ခမ်းကီးလှမ်းကြည့်တော့ မျက်ရည်ရွဲနေပြီး ကလေးသိပ်နေတဲ့ ကလေးအမေတစ်ယောက်ကိုတွေ့လိုက်တယ်။ ကလေးအမေက မပြန်ဖြစ်ဘူး။ လူကြုံနဲ့ ထည့်ပြန်မှာတဲ့…။ မခွဲရက်ပေမယ့် ခွဲရမှာ ဘယ်ဖြေသာမလဲလေ..။

ကားဝင်လာပြီးလို့ မိနှင်းတို့ အထုပ်တွေကို ၀ိုင်းတင်ပေးကြတယ်။ ကားပေါ်အထိလိုက်ပို့နေချိန်မှာ ပုလိပ်တွေ ကားပေါ်အထိ လာစစ်နေတယ်။ အားလုံးပဲ မှတ်ပုံတင် အသီးသီး ထုတ်ထားကြပါတဲ့။ သွားပြီ မိနှင်းတော့..။ စိတ်အေးအေးထားဖို့ ဝေးထင်ပေါ် မိနှင်းကို အားပေးလိုက်တယ်။ မိနှင်းမျက်ရည်ဝဲပြီ။ ကြောက်လွန်းလို့ လက်တွေတောင် တုန်ရီနေတယ်။ လက်မှတ်မရှိတဲ့လူ ကားပေါ်ဆင်းလာခဲ့..တဲ့။ ပုလိပ်နောက်လိုက်သွား။ နောက်ကနေ လိုက်ရွေးပေးမယ်လို့ မိနှင်းကို အားပေးလိုက်တယ်။

ဝေးထင်ပေါ်လည်း အပြေးအလွှားနဲ့ သွားရွေးနေတယ်။ ကားနောက်ကျရင် ပိုပြီး ဒုက္ခရောက်မှာ။ ကားတန်းအမှီ ပြန်ဆင်းရမှာ။ ကားတန်းအစောကြီးဆင်းရင် သူ့အဖေကို မိနှင်းမြင်ရမှာပါ။ ကားတန်းနောက်ကျရင်တော့ ….။

နာရေးကိစ္စနဲ့ ဒုက္ခရောက်နေကြောင်း ဝေးထင်ပေါ်ခမျှာ ကြိုးစားပြီး ရှင်းပြပေမယ့် ပုလိပ်တွေက မလွှတ်နိုင်ဘူးတဲ့။ နောက်ဆုံးတော့ ဘတ်တစ်ထောင်ကေးလိုက်ရတယ်။ ငိုယိုပြီးတောင်းပန်နေတဲ့ ရွှေမြန်မာတွေ တစ်အုပ်ကြီး ရှိနေတာတွေ့မိလိုက်တယ်။ ငါတို့ ကံကြမ္မာ ဘယ်ကလာပါလိမ့်…။

ကားထွက်တော့မှာမို့ အပြေးအလွှား ပြန်လာခဲ့ရတယ်။ လိုအပ်တာတွေ ဝေးထင်ပေါ် ရှင်းပြလိုက်တယ်။ လမ်းမှာ ဘယ်ဂိတ်ရောက်ရင် ဘယ်လိုရှင်း၊ ဘယ်လိုပေးဖို့ပါ။

လူမသိနတ်မမြင်တဲ့ ခမ်းကီးတို့ ရွာသားဖြစ်အင်မျိုး ဘယ်တော့မှ အဆုံးသတ်လေမလဲ …။ ဘယ်လောက်ထိ ရင်ဆိုင်နေကြရဦးမလဲကွယ်…။

မိနှင်းရယ်… နင့်ရဲ့ချွေးစက်၊သွေးစက်တွေကို ဂိတ်အသီးသီးမှာ ရေစက်ချပြီး နင့်အဖေရဲ့ နောက်ဆုံးမျက်နှာကို မြင်နိုင်ပါစေ.. လို့။


ခမ်းကီး

No comments: