Tuesday, February 24, 2009

ပန်သစ္စာပြုဖူးသည်




ဆောင်းဦးရာသီရဲ့ ချမ်းအေးခြင်းအောက်မှာ စောင်ထူထူကြီးနဲ့ ကွေးနေအောင် အိပ်ရတာ အရသာရှိလှပါဘိ။

အိမ်နောက်ဖက်မှာ မေမေတို့ဆွမ်းချက်နေကြတာ သိပေမယ့် အိပ်နေဟန်ဆောင်ပြီး နှပ်နေလိုက်တယ်။

အော်… ဘာလိုလိုနဲ့ တန်ဆောင်မုန်းလပြည့်ပြန်ပြီ။

ကထိန်သင်္ဃန်းအလှူရှင် အိမ်တွေက အသံချဲ့စက်သံတွေ ကျယ်ကျယ်လောင်လောင် ဖွင့်နေကြလေရဲ့။

အောင်ခြင်းရှစ်ပါးသီချင်း၊ လင်းကြက်တွန်သံသီချင်း အာရုံဦး မင်္ဂလာသီချင်း အို စုံလို့။

အာရုံနည်းနည်းလင်းလာတော့ ရှေးဟောင်းသီချင်းတွေ ပြန်ဆိုတေးတွေ…။

… ရှေးကပြုဖူးတဲ့ ပန်သစ္စာလည်း ရှိခဲ့ဖူးသည်… မောင်ကမေ့ကို ခွင့်လွှတ်ခြင်းနဲ့ ချစ်၍လာခဲ့သည်… မေက မောင့်ကို ခွင့်လွှတ်ခြင်းနဲ့ ချစ်၍ လာခဲ့သည်… ဒါပေမယ့် မေတ္တာရေစက် သွေပျက်ခဲ့ပြီ….


နည်းနည်းလင်းလာတော့ သီချင်းကြီးကြိုက်တဲ့ ကိုထွန်းလူအိမ်ကနေ အနိုင်ပြန်လည်သီဆိုထားတဲ့ သီချင်းကြီးကို ကြားလိုက်ရတယ်။ ဒီမှာတင် ပန်သစ္စာပြုဖူးသည် သီချင်းကို ကြားလိုက်ရတယ်။ ဒီသီချင်းကို ကြားတိုင်း ဖိုးမောင်ပေကို ခမ်းကီး အမြဲသတိရမိတယ်။ သစ္စာဆိုတဲ့ ဒီစာသားကို ကြားတိုင်း ဖိုးမောင်ပေကို သတိရနေတတ်တာ နှစ်ပေါင်း မနည်းတော့ဘူး။ သူ့အကြောင်း လူတွေကို ဖွင့်ပြောချင်လိုက်တာ ခမ်းကီး ယားနေတာ။ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြောပါဆိုတဲ့ ကတိသစ္စာပေးထားတော့ ခမ်းကီးရင်ထဲမှာပဲ အတတ်နိုင်ဆုံး ထိန်းနေရတယ်။ (အခုတော့ အွန်လိုင်းမှာ ခိုးရေးမိပြီ)

သူ့အကြောင်းရေးချင်နေရတာက သူ့ကိုလေးစားမိလို့ပါ။ သူ့ရဲ့ ကတိသစ္စာကို ဂုဏ်ယူမိလို့ပါ။ ဖိုးမောင်ပေ နားလည်နိုင်ပါစေလို့။ ဒီပ်ု့စ်လေးကို ဖတ်မိရင် ခမ်းကီးကို ခွင့်လွှတ်ပါဗျာ။ (စိတ်ထဲက ကိုယ့်အသိတရားနဲ့ ကိုယ်သာ တောင်းပန်လိုက်ရတာ။ ဖိုးမောင်ပေက ဒေါနတောင်ခြေအနီး ပအိုဝ်းရွာငယ်က အသက်ခုနှစ်ဆယ်ကျော် အဖိုးကြီးဆိုတော့ ဒီအွန်လိုင်းပို့စ်လေးကို မြင်နိုင်လိမ့်မယ် မထင်တော့ဘူး)

ဖိုးမောင်ပေကို သိနေ၊ရင်းနှီးနေတာ ခမ်းကီး ငယ်ငယ်ကတည်းကပါ။ ခမ်းကီးတို့အဖွားနဲ့က မောင်နှမတွေလို ရင်းနှီးကြတယ်။ ခမ်းကီးအဖွားထက် အသက်ကြီးတယ်။ အဖွားရဲ့အစ်မ အဖွားမယ်သင်နဲ့ ရွယ်တူလို့ အဖွားပြောပြဖူးတယ်။ အစက သူ့ကို ခမ်းကီးတို့ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ကျွန်းကလေးရွာကလို့ ထင်တာ။ အမှန်က ခမ်းကီးတို့ရွာ ဇာတိ၊ ကျွန်းကလေးသူနဲ့ အိမ်ထောင်ကျပြီး အခြေချသွားတာ။ ဒါပေမယ့် သုံးလေးရက်တစ်ခေါက်တော့ ခမ်းကီးတို့ရွာကို ရောက်တတ်တယ်။ သူက သစ်ကုလားထိုင်တွေ၊ ခြင်းတောင်း၊ ပလိုင်း၊ ခမောက်တွေ လာပြီးရောင်းနေတာ။ တစ်ခါတစ်လေလည်း ရာသီပေါ် သစ်သီးတွေ လာရောင်းတတ်တယ်။ သူ့ရဲ့ထင်ရှားမှုက ယောက်ျားစီး စက်ဘီးအိုနဲ့ ဥပသကာလို ၀တ်စုံဖြူ အဖိုးပါ။

သူ့စက်ဘီးအိုက ခေါင်းလောင်းသံပေးပြီး ရွာတစ်ကာ ဈေးလိုက်ရောင်းနေတာ ဖိုးမောင်ပေဆိုတာ ဒီဝန်းကျင် ရွာတစ်ဝိုက် အကုန်သိနေတဲ့ လူကြီးပေါ့။ ရဟန်းဝတ်ဖူးတော့ ဗေဒင်လေးယတြာလေးလည်း ကြည့်တတ်သေး။ ဈေးရောင်းရင်း ဗေဒင်တွက်ရင်းနဲ့ သူသူငါငါ လေးစားနေတဲ့ လူလည်းဖြစ်တယ်။ ခမ်းကီးတို့အဖွားရော အမေပါ သက်ရောက်အဟော၊ ရှားမီးယတြာဆို သူ့ဆီပဲ မကြာမကြာ ကြည့်လေ့ရှိတယ်။ အဖွားတွေနဲ့ မောင်နှမရင်းလို ခင်နေတော့ ရှိတာဝင်စား၊ မရှိရင် ချက်စား ၀င်ထွက်သွားလာ နေတာပါ။

အဖွားပြောပြဖူးတာက အဖွားတို့ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာ ဖိုးမောင်ပေ စာရင်းငှါး(လူငှါး) လုပ်ဖူးတယ်။ ခမ်းကီးတို့အရပ်အခေါ် စာရင်းငှါး(လူငှါး)ဆိုတာက တစ်နှစ်စာ(စပါးစိုက်ကနေ စပါးသိမ်းပြီးတဲ့အထိ) အပြတ်ငှါး အလုပ်သမားပေါ့။ အရည်အချင်းပေါ်မူတည်ပြီး စပါးတင်း ၂၅-၃၀ စသည်ဖြင့် စားစရိတ်ပါအပြီး ငှါးလေ့ရှိကြတယ်။ ဖိုးမောင်ပေက ရိုးသားပြီး ကြိုးစားတော့ အဖွားရဲ့ အဖေက (ခမ်းကီးရဲ့ဘိုးအေပေါ့) ဖိုးမောင်ပေကို သိပ်ချစ်တာဆိုပဲ။ ဒါကြောင့် အဖွားတို့လည်းဖိုးမောင်ပေကို မောင်နှမလို ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တာပါ။ အဖွားမယ်သင်က အသက် လေးတယ်ကျော်ကတည်းက မုဆိုးမ ဖြစ်လာတာ။ ခမ်းကီးရဲ့ အဖိုးအရင်းကျတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးခဲ့တယ်။ ဖိုးမောင်ပေ မိန်းမကျတော့ ဆုံးတာ ဆယ်နှစ်ကျော်လောက်ရှိပြီ။

ဒါကအဖွားတို့ ပြောပြဖူးတဲ့ ဖိုးမောင်ပေ အကြောင်းတွေပါ။ ဒါပေမယ့် ခမ်းကီးပြောချင်နေတဲ့ ဖိုးမောင်ပေ အကြောင်းက အဖွားမယ်သင် ဆုံးပါးစဉ်က ခမ်းကီး မသိဖူးတဲ့ ဖိုးမောင်ပေ အကြောင်းပါ။

အဖွားမယ်သင်က အသက် ၇၁နှစ်မှာ လေရောဂါ(အစာအိမ်ကင်ဆာ) နဲ့ဆုံးခဲ့တယ်။ ခမ်းကီးတို့ဒေသမှာ အသက်ကြီးတဲ့ လူအိုတွေဆို မီးနဲ့သင်္ဂြိုလ်ကြတယ်လေ။ အဖွားမယ်သင်က ဘုရားဒယကာ၊ ကျောင်းဒကာ အရင်းမို့ ရွာနီးစပ်ခြုံက အသိတွေပါ အများကြီးရောက်လာကြတယ်။ဖိုးမောင်ပေ အပါအ၀င်ပေါ့။ ခမ်းကီး သတိထားမိတာ ဖိုးမောင်ပေ ရောက်လာတာ အဖွားမယ်သင် အသည်းအသန် ဖြစ်နေကတည်းကပါ။ သူက ဘုန်းကြီးကျောင်းမှာပဲ တည်းတတ်တော့ မသိမသာနဲ့ပဲ အိမ်ကို ရောက်လာတယ်။ ညည ဘုန်းကြီးကြွလာပြီး တရားဟောပေးစဉ်မှာ ဘုန်းကြီးနဲ့ လိုက်လာနေတတ်တယ်။ အဖွားမယ်သင် နောက်ဆုံးအချိန်ထိ တရားမြွက် ပေးတော့ ဖိုးမောင်ပေ ဘုန်းကြီးအနားမှာ ရှိနေယ်။ အမှန်က ဖိုးမောင်ပေ တစ်ယောက်ထဲ မဟုတ်ပါဘူး။ တစ်ခြား သက်ကြီးရွယ်ကြီး လူအိုတွေလဲ ရှိပါတယ်။ ရွာထုံးစံအတိုင်းပေါ့။

အသုဘချ မီးသင်္ဂြိုလ်ချိန်ထိ အားလုံးက ထုံးစံအတိုင်း ၀ိုင်းဝန်း ကူညီနေကြတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။

ဒါပေမယ့် အသုဘအလောင်းကို သားသမီးဆွေမျိုးတွေ နံ့သာရေဖျန်းပေးစဉ်မှာ ဖိုးမောင်ပေ နံ့သာရေ လိုက်ဖျန်းတာ တွေ့မိတယ်။ အမှန်က ယောက်ျားအိုတွေ ဒီနံ့သာဖျန်းခြင်းကို လုပ်လေ့မရှိဘူး။ ခမ်းကီးတို့နဲ့ ရင်းနှီးလို့ ဖြစ်မှာပေါ့လေလို့ပဲ တွေးလိုက်တယ်။

တရားနာရေစက်ချပြီးလို့ အလောင်းကို မီးစင်ပေါ်တင်တော့ လူလတ်ယောက်ျားတွေကြား ဖိုးမောင်ပေ ၀ိုင်းလုပ်ဝိုင်းကိုင်တာ တွေ့ရပြန်တယ်။ နာရေးကိစ္စမို့ ဘယ်သူကမှ အထူးအဆန်းကို သတိမမူကြပါဘူး။ တစ်ချို့လည်း မီးသင်္ဂြိုစဉ်မှာပဲ တစ်ဖွဲဖွဲနဲ့ ပြန်ကြတယ်။ ရွာဓလေ့အတိုင်း ထင်းမီးနဲ့ သင်္ဂြိုလ်ရတာမို့ အချိန်တော်တော် ကြာတတ်တယ်။

ညနေအတော်စောင်းတော့ ယောက်ျားကြီးတွေလောက်ပဲ ကျန်တယ်။ လူအိုတွေလည်း ကုန်လောက်ပေမယ့် ဖိုးမောင်ပေက မပြန်သေးဘူးဗျ။ အဲဒီအချိန်ထိ လူရင်းပေမို့လို့ပဲ ခမ်းကီးတွေးနေတာ။ ဆွေမျိုးတစ်ယောက်လို ရင်းနှီးယုံကြည်နေတာပေါ့။ ကျန်ရှိတဲ့ ယောက်ျားကြီးတွေအတွက် လာက်ရဲဇက်ရဲရှိဖို့ တောအရက်တွေ ခမ်းကီး ရှာပေးရတယ်။ ဧည့်ခံတာပေါ့။ အလောင်းတွေ မီးအကုန်လောင်နိုင်ဖို့ အတွေ့အကြုံရှိတဲ့ လူတွေကို အားထားရတယ်လေ။ တော်တော် နေစောင်းလာတော့ လူအိုဆိုလို့ ဖိုးမောင်ပေပဲ ကျန်တယ်။

လူကြီးတစ်ယောက်က ဖိုးမောင်ပေကို အရက်ခေါ်သောက်ကြည့်တော့ တစ်ခွက်လောက် ဖိုးမောင်ပေ ၀င်သောက်လိုက်တယ်။ အရက်မသောက်တတ်မှန်း ခမ်းကီး သိနေတော့ မူးနေဦးနော် ဖိုးမောင် လို့တောင် သတိပေးလိုက်သေးတယ်။

ငါးနာရီ ကျော်လောက်မှ အလောင်းပြာကျခဲ့တယ်။ ရေအိုးတွေ ကန်တော့ပွဲတွေ သိမ်းပြီး ခမ်းကီးတို့ သင်္ချိုင်းကနေ ပြန်လာခဲ့ကြတယ်။ ခမ်းသီးကပဲ မူးသွားလို့လား မသိဘူး။ ဖိုးမောင်ပေ ဘယ်အချိန်က ပြန်သွားမှန်းတောင် မသိလိုက်ဘူး။

အိမ်ရောက်တော့ အမေက ဓါးမတစ်လက် ပြန်ပါမလာဘူးတဲ့။ ခမ်းကီး လောလောနဲ့ ပစ္စည်းသိမ်းတာ ကျန်ခဲ့ပြီထင်တယ်။ စက်ဘီးယူပြီး သင်္ချိုင်းဘက် အမြန်နှင်းလာခဲ့တယ်။ ဓါးမကြီးက အဖေ့ဓါးမို့ ပျောက်သွားရင် မလွယ်ဘူး။ တီးခံထိမှာ။

သင်္ချိုင်းထဲရောက်တော့ အဖွားမယ်သင်ကို သင်္ဂြိုလ်ထားတဲ့ ပြာပုံကို လှမ်းကြည့်လိုက်တယ်။

ဟိုက်.. သရဲ…။

ဝတ်စုံအဖြုရောင်ကြီးနဲ့။

ကုန်းကုန်းနဲ့ သရဲကြီး။ ခမ်းကီး ခေါင်းကြီးပြီး တစ်ကိုယ်လုံး ထူပူသွားတယ်။ ခမ်းကီးကို သရဲခြောက်ပြီ။

ခမ်းကီး တစ်လုံး တုန်လာတယ်။ ခမ်းကီးဓါးကို မရတော့ဘူးထင်တယ်။ ဟီး.. အဖေတီးခံထိပြီ။

ကြောက်ကြောက်နဲ့ ခမ်းကီး သရဲကို တစ်ခေါက် ပြန်ကြည့်လိုက်တယ်။

လှုပ်လှုပ်နဲ့သရဲက ခမ်းကီးဘက်ကို မျက်နှာလှည့်လာတယ်။

ဟင်.. ဖိုးမောင်ပေ.. ဖိုးမောင်ပေ။

သူ့လက်ထဲမှာလည်း ပန်းပွင့်တွေ၊ ပန်းညွန့်တွေနဲ့။

ခမ်းကီးတစ်ချက်လောက် အားတက်သွားပါရဲ့။ ဖိုးမောင်ပေကို ခေါ်မလို့ လုပ်တုန်း..။ စိတ်ထဲမှာ တန်းကနဲ င်္သသယ၀င်သွားတယ်။

ဖိုးမောင်ပေ လူသေပြာပုံကို ဘာလုပ်နေလဲ။

ဟာ… ဖိုးမောင်ပေ အောက်လမ်းပညာနဲ့ ၀ိညဉ်ကို ခေါ်နေပြီထင်တယ်။ ခမ်းကီး အဲဒီလိုတွေးမိတာနဲ့ ဒေါသ တန်းထွက်လာတယ်။

“ဖိုးမောင်ပေ ဒါ.. ဘာလုပ်တာလဲ။ “

“အဖိုး အောက်လမ်းလုပ်နေတာလာ။ အဖိုး…အဖိုးး ဖွားမယ်သင်ဝိညဉ်ကို ခေါ်နေတယ် ဟုတ်လား။ “

ခမ်းကီးအော်လိုက်တော့ ဖိုးမောင်ပေ လန့်သွားတယ်။

“ဖိုးမောင်ပေ ကျနော့အဖွားဝိညဉ်ကို ခေါ်နေတာ မဟုတ်လား။ သူကြီးနဲ့ ပြန်တိုင်လိုက်မယ်နော် အဖိုး၊

အဖိုးယုတ်မာတယ်ဗျာ။ ကျနော် အဖိုးကို ရိုသေလေးစားလာခဲ့တာ အလကားပဲ။ အဖွားအမေတို့ကို ပြန်တိုင်မယ်။ သူကြီးကို ပြန်တိုင်မယ်။ “

“ ဟာ… မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့ကို အထင်မလွဲပါနဲ့။ ငါ့ကို အထင်မလွဲပါနဲ့ “

“ ဘာမဟုတ်ရမှာလဲ၊ ကျနော် မျက်စိနဲ့ မြင်နေရတာ။ လာ.. သူကြီးအိမ်သွားမယ်။”

“ မဟုတ်သေးဘူးဟ။ နင် ငါ့ကို အထင်လွဲနေတာ။ “
“ မယ်သင်ကို အမျှဝေပေးတာ၊ သူ့ကို နောက်ဆုံး အကြောင်းလာကြားတာ။”

“ ဘာ… အဖိုးက အမျှဝေတယ်၊ အကြောင်းကြားတယ်။ ဘာအဓိပ္ပါယ်လဲတာ။ “

“ ၀ိညဉ်ကို အမျှဝေတယ်။ အကြောင်းကြားတယ် ဆိုတာ အောက်လမ်းမဟုတ်လို့ ဘာသဘောနဲ့လဲ”

“ ငါရှင်းပြပါရစေ၊ ငါ့ကို အရင် နားထောင်ပါ ခမ်းကီးရယ်။”

ဖိုးမောင်ပေ မျက်နှာ တော်တော် ပျက်တာ သတိထားမိလိုက်တယ်။ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ပြီး တုန်တုန်ရီရီနဲ့ ဖိုးမောင်ပေကို ခမ်းကီး သနားစိတ် ၀င်လာတယ်။

“ အဖိုးဘာလုပ်နေလဲဆိုတာ ပြောနော။ရုပ်ရုပ် လုပ်လို့ကတော့ ကျနော် ပြန်တိုင်မှာ။ “

ဖိုးမောင်ပေ တုန်တုန် တုန်တုန်နဲ့ ကလေးပုံစံ ပေါက်နေတယ်။ မျက်ရည်တွေ ၀ဲနေတာလဲ တွေ့လိုက်ရတယ်။

“ ပြောရမှာ ရှက်စရာကွာ။ “

“ အဖိုး မဟုတ်တာလုပ်လို့ ရှက်နေပြီ မဟုတ်လာ။” “ အဖိုးကို အထင်ကြီး လေးသားခဲ့တာ အလကားပဲ။ အဖိုးက အောက်လမ်းသမား၊ လူယုတ်မာ”

ဒေါသနဲ့မို့ ခမ်းကီး အော်ဆဲမိလိုက်တယ်။ ဖိုးမောင်ပေ ခမ်းကီးကို လက်နဲ့ပဲ တားနေတယ်။

“ နင့်ကိုတော့ ငါရှင်းပြ ပါမယ်ဟာ။ ဒါပေမယ့် ငါ့ကိုတော့ ကတိပေးပါ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့”
“ အဖိုးမဟုတ်တာ လိုက်လုပ်တာ ကျနော် လူကြီးတွေကို ပြန်ပြောပြရမှာပဲ။”
“ အေးလေ.. ဒါကြောင့် နင့်ကို ငါရှင်းပြပါ့မယ်။ နင် ငါ့ကို နားလည်နိုင်ပါစေဟာ”
ဖိုးမောင်ပေ အခုမှ တစ်ကယ့် ကလေးတစ်ယောက်လို ပြာပြာသလဲ ဖြစ်နေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ လို့ ခမ်းကီးတွေးမိလိုက်တယ်။
“ အိုကေ… အဖိုးကျနော့ကို ဘာလုပ်နေသလဲဆိုတာ မှန်မှန်ပြော။ အောက်လမ်း လုပ်နေရင်တော့ ကျနော် ပြန်တိုင်ရမှာပဲ။”

“ ‘ဒီလိုဟာ… မယ်သင့်ကို ငါလာအကြောင်ကြားတာပါ။ ငါ့သစ္စာ၊ ငါ့ကတိတွေ တည်ပါတယ်။”
“ဘာ...”
ခမ်းကီး နားမလည်လို့ ဘာကနဲ ဖြစ်သွားတယ်။
“ နင့်အဖွါးမယ်သင်ကို ငါကတိပေး၊ သစ္စာပေးဖူးတယ်။ “
“ ဘယ်တုန်းသလဲ”
အူကြောင်ကြောင့်နဲ့ ဆုံးအောင် နားမထောင်ပဲ အရင် ဖြတ်မေးလိုက်တယ်။ ခမ်းကီး စိတ်ထဲက အဖွားသင်ကို ဗေဒင်တွက်ပေးတုန်းကလား။ ရောဂါ ပျောက်အောင် ကုပေးဖို့ ကတိပေးထားတာလားပေါ့။
“ မယ်သင်နဲ့ငါ ရည်းစားဘ၀တုန်းက သစ္စာရေ သောက်ခဲ့ကြတယ်။ ကတိပေးထားခဲ့ကြတယ်။ ငါတို့နှစ်ယောက် အိုအောင်မင်းအောင် သေတဲ့အထိ သစ္စာရှိရှိပေါင်ကြပြီး၊ တစ်ယောက်ယောက်က အရင် သေသွားရင် တစ်ယောက်က နောက်ဆုံးအချိန်ထိ ရှိပေးရမယ်လို့”

ဘုရား.. ဘုရား ခမ်းကီးကြားနေရတာ ဖိုးမောင်ပေပြောတဲ့ စကားတွေ ဟုတ်ပါလေစလို့ မယုံနိုင်အောင် ဘုရားတမိတော့တယ်။ လူကြီးတွေ ခင်မင်ရင်းနှီးကြတယ် အထိသာအမေတို့ အဖွားတို့ ပြောပြဖူးတာ။ ဒီအချစ်ဇာတ်လမ်းက တစ်ခါမှ မကြားဖူးဘူး။ ခမ်းကီးတို့က တတိယမျိုးဆက်တောင် ရှိနေမှတော့ မသိလိုက်တာလဲ ပါမှာပေါ့။ အမေတို့အရွယ် လောက်က ဇာတ်လမ်းမျိုးတော့ ကြားဖူးတာ ရှိပါတယ်။ ဘယ်ဦးလေး ဘယ်အဒေါ်၊ ဘယ်သူ့အဖေနဲ့ ဘယ်သူ့အမေတို့ အပျိုလူပျိုဘ၀က ရည်းစားတွေ ဖြစ်ဖူးကြ၊ ကြိုက်ဖူးကြ ဆိုတဲ့ ဇာတ်လမ်းမျိုးတော့ ကြားဖူးတယ်။ အခုဟာက အဖိုးအဖွားခေတ်ကဇာတ်လမ်းဆိုတော့။

“ အော်.. အဖိုးက ဖွားမယ်သင်ရဲ့ ရည်းစားကိုး”

“ ဘာလို့ မညားခဲ့ကြတာလဲ အဖိုး”

“ အကြောင်းအမျိုးမျိုးပေါ့ကွာ။ ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြောနေလဲ ဘာမှ မထူးဘူး။ သေတဲ့လူက သေနေပြီ။ ငါ့အသက်အရွယ်နဲ့ ဒီစကားတွေ မပြောအပ်တော့ပါဘူး။ နင်သိအောင်သာ ရှင်းပြနေရတာ။ ငါ့အဖြစ်က လူတွေ သိရင် ရှက်စရာကြီး။ ငါ့ကိုယ်ငါလဲ ရှက်ပါတယ်။ ဒါပေမယ့် ငါပေးထားတဲ့ကတိ၊ ငါပေးထားတဲ့ သစ္စာတွေ တည်ခဲ့ဖို့၊ ကတိတွေ ကျေဖို့ပါ။”

“ အခုတော့ ငါ့တာဝန်တွေ ကျေပါပြီ။ ငါအသေဖြောင့်ပါပြီ။ မဟုတ်ရင် ဒီသစ္စာ၊ ကတိအတုံးအခဲကြီးက ငါ့ကို အမြဲတမ်း ခြောက်လှန့်နေတာ။ ငါသာအရင် သေသွားခဲ့ရင် ငါ့အနား သူရှိနိုင်မှာ မဟုတ်ဘူး။ ဒီသစ္စာကတိတွေလဲ တည်နိုင်မှာ မဟုတ်ဘူး။ ဒီအတုံးအခဲကြောင့် သူအသေဖြောင့်နီုင်မှာ မဟုတ်ဘူး။ “

ဖိုးမောင်ပေ စကားနားထောင်ရင်း ခမ်းကီးမျက်ရည် ၀ဲလာတယ်။ ခမ်းကီး မြင်ဖူးတဲ့ ခပ်ညံ့ညံ့ တောဇာတ်လမ်း ဗွီဒီယို ထဲက သမီးရည်းစားအဖြစ်တွေကို မြင်ယောင်နေမိတယ်။

ဒါပေမယ့် ဖိုးမောင်ပေကို ခမ်းကီး အရမ်းလေးစားသွားတယ်။ ရှာမှရှားတဲ့ လူစားမျိုးရယ်ပါ။
သူ့သစ္စာ၊ သူ့ကတိမတည်ခဲ့လို့ ဘယ်သူသိတာမှတ်လို့။ ဒါပေမယ့် လူဆိုတာ ကိုယ်ကိုယ်ကို ကိုယ်အသိဆုံးပဲလေ။ ဘာကတိတွေပေးထားခဲ့လို့၊ ဘာသစ္စာတွေပြုခဲ့သလဲဆိုတာ။

ခမ်းကီးနားလည်သဘောပေါက်ခဲ့လို့ ဖိုးမောင်ပေကို ကတိပေးလိုက်တယ်။ ဘယ်သူ့ကိုမှ ပြန်လည်မပြောပြပါဘူးလို့။ အဲဒီအချိန်ကလည်း သင်္ချိုင်းကုန်းမှာမို့ ဘာမှ ဆက်မမေးတော့ပဲ ပြန်လာခဲ့ကြတယ်။ ဖိုးမောင်ပေက သူ့စက်ဘီးဟောင်းလေးကို ချုံတောကနေ ယူထုတ်လာတယ်။

လမ်းမှာ ဖိုးမောင်ပေရဲ့ လျှို့ဝှက် လှုပ်ရှားမှုတွေကို ဆက်စပ်တွေးတော လာခဲ့တယ်။ ခမ်းကီး ကဘောပေါက်သွားတယ်။ အဖွားသင်ရဲ့ ရက်လည်ပြီးလို့ အေးဆေးတဲ့ အချိန်ကျရင် အဖွားကို မသိမသာလေးနဲ့ ဖိုးမောင်ပေ၊ ဖွားမယ်သင်တို့ရဲ့ ဇာတ်လမ်းကို အသေးစိပ် သိရအောင် ပြန်မေးရဦးမယ်။
************
အင်း ကွေးလို့ကောင်းလို့ ကွေးနေလိုက်တာ မိုးစင်စင်လင်းနေပြီ။ အလှူအိမ်က သီချင်းသံတွေလည်း ဆူညံကုန်ပြီ။ ရေးခိုးပြီး အ၀တ်လှလှတွေ ၀တ်ပြီး အလှူအိမ် လိုက်စားဦးမှ။

No comments: