Monday, February 23, 2009

ဝိညာဉ်အော်သံ

ငါ
ငါဟာငါလို့ ငါသိခဲ့တယ်။
ဒါပေမယ့်
ငါဟာ ငါမဟုတ်ခဲ့ဘူး...
မှုန်ဝါးဝါးမှန်တစ်ချပ်ပေါ်က
မထင်မရှားမြင်ရတဲ့ ငါ့အရိပ်ကိုငါလွမ်းတယ်။
ညစ်ပတ်ဟောင်းနွမ်းတဲ့အင်္ကျီဝတ်လို့
နင်ပဲ အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်ခဲ့တယ်။

မြစ်တစ်ဖက်ကမ်းကူးဖို့
ကူးတို့လှေ အဖိုးအခမရပဲ
နင့်ကို ငါလှော်ပေးခဲ့ဘူးတယ်။
ငါ့မီးအုပ်ဆောင်းလေးက
သိပ်ဟောင်းလွန်းလှတယ်ဆိုပြီး
နင်ပဲ သရော်နိုင်ခဲ့တယ်
သင်္ချိင်းကုန်းဖြတ်ရမယ့် အချိန်ကျတော့
နင်ပဲ ငါ့ကိုအဖေါ်ခေါ်ခဲ့တယ်
အပျိုမအိမ်ပေါ်ရောက်တော့
နင်က သူရဲကောင်းပုံပေါက်နေတယ်။
ကုက္ကိုပင်အောက်က ရေချမ်းအိုးထဲ ငါရေဖြည့်တော့
ရေသန့်ဗူးပဲသောက်တယ်လို့ နင်ပြောတယ်
ခရီးသွားတွေ သာဓုခေါ်တော့
နင်ပဲ ရေဖြည့်ထားသလိုနဲ့
ရွာသားတွေ စေတနာအကြောင်း နင်ကြွားပြတယ်
ဒီရေချမ်းစဉ်မှာ
နင်မောပန်းချိန်မှာ ခပ်သောက်နေတယ်။
ငါ့သားရှင်ပြုဖို့ ငါငွေရှာနေတယ်
ဘုရားထီးတင်ဖို့ပဲ နင်ဆွယ်နေတယ်
အလှူငွေမလောက်တော့
တစ်ဆယ်အတိုးနဲ့
စေတနာနဲ့ဆိုပြီး နင်ချေးပေးခဲ့တယ်
လူဆိုးသူခိုးအန္တရာယ်ကြောက်တော့
နင်ပဲ ငါ့ကိုကင်းစောင့်ခိုင်းပြန်တယ်။
နင် မြစ်ကူးနိုင်ဖို့
ကူးတို့လှေလေး ငါလှော်ပေးရအုံးမယ်
သင်္ချိုင်းကုန်းဖြတ်ရင်
နင့်ကို အဖေါ်လိုက်ပေးရအုံးမယ်
နင်သောက်တတ်တဲ့ ရေချမ်းစင်ထဲ
ငါရေဖြည့်ရအုံးမယ်
နင် ဘုရားထီးတင်ဖို့
အလှူငွေ ငါရှာရအုံးမယ်
နင့်ငွေတိုးလဲ
ငါပြန်ဆပ်ရအုံးမယ်
နင့်လုံခြုံရေးအတွက်
ငါ ကင်းစောင့်ပေးရအုံးမယ် ။
ဒါပေမယ့်..
ရေစက်ချ တရားနာပြီးရင်
ငါ့အတွက်
အမျှဝေဖို့ မမေ့ပါနဲ့ကွယ်။

No comments: