Saturday, April 18, 2009

စေတနာ




နွေ… ပူလိုက်တဲ့နွေ။ ရက်ရက်စက်စက်ကို ပူတဲ့…. နွေ။

ပူပြင်းတဲ့ မွန်းလွဲနွေဒါဏ်ကို မခံနိုင်လို့ အရိပ်ကောင်းတဲ့ ခြံထဲ ထွက်လာခဲ့တယ်။

သူများအိမ်မှာ သွပ်မိုးကြလို့ ကိုယ်အိမ်ကိုလည်း သွပ်မိုးဖို့ လူကြီးကို ပူဆာခဲ့တာ အခုတော့ နောင်တရချင်သလို။ သွပ်မိုးအိမ်မှာ နေနိုင်ပြီး ပူလို့ အိမ်ပေါ် မနေနိုင်တဲ့ဘ၀က ပိုဆိုးပါလား…။

အိမ်အောက်မှာ ကွပ်ပျစ်ထိုး၊ ကြိုးပုခက်ချည် အိမ်မွေးတိရစ္ဆာန်နဲ့ အတူနေရတဲ့ဘ၀ ရောက်ပါရောလားဆိုပြီး အဖွားက လှောင်ရယ်လို့….။



အင်ဖက်မိုးဖို့က ဖက်ဈေးက သွပ်ထက်ဈေးကြီးတဲ့ခေတ် ရောက်နေမှကိုး..။ သစ်တောကြိုးဝိုင်း ပြုန်းကုန်တော့ အင်ပင်က ဘယ်လိုအပင်မျိုးပါလိမ့်လို မေးရတော့မလိုလို။

နွေအပူလှောင်လို့ ခပ်ကြောင်ကြောင်လိုက်တွေးပြီး ပိန္နဲပင်အောက် ခမ်းကီး မှိန်းနေလို့….။

ပိန္နဲပင်က အသီးတွေ ကြည့်ပြီး အဖိုးကို သတိရလိုက်တာ။ သူ့ခမျှာ ဒီအသီးတွေကို မစားလိုက်ရရှာဘူး။ ဒီအပင်ကို သူမြေပျိုးတုန်းက ခပ်တုံးတုံး မေးမိတာ အခုမှ နားလည်တော့တယ်။ ဒီအပင်သီးတဲ့အချိန်ထိ အဖိုးက လူပြည့်မှာ ရှိနေဦးမလားပေါ့။ ဟေ့.. ငတုံး။ ငါစားဖို့ ငါစိုက်နေတာ မဟုတ်ဘူးကွ။ နင်တို့ စားရဖို့ ငါစိုက်နေတာ။ တောက်.. ခနဲ ခေါင်းခေါက်ပြီး အဖိုးပြန်ဖြေခဲ့တာ ကောင်းကောင်း မှတ်မိသေးတယ်။

ကျေးဇူးတင်လိုက်တာ အဖိုးရယ်..။ ပိန္နဲသီးချိုချိုလေး စားရမှ အဖိုးစေတနာကို နားလည်တော့တယ်။ ဒီလို အရိပ်မျိုးအောက် နားခိုရမှလည်း အဖိုးကို ပိုလို့ လွမ်းမိပါရဲ့။

ပြီးတော့.. အဖိုးရှိစဉ်က သေသေချာချာ ထိန်းသိမ်းတတ်တဲ့ ရေတွင်းလေး။ အခုထိတိုင် ကြည်လင်အေးမြလို့ရယ်။ နွေရာသီ သူများရေတွင်းတွေ ခမ်းတတ်ပေမယ့် အဖိုးရဲ့ရေတွင်းက ဘယ်တော့မှ မခမ်းတတ်ခဲ့။ ဒီရေတွင်းနားကပ်မိရင် အဖိုးအော်ဆဲတတ်တာ အခုမှ နားလည်တတ်တယ်။ အမှိုက်ဝင်မယ်၊ ရေညစ်ပတ်မယ်၊ ရေတွင်းထဲ ပြုတ်ကျမယ်လို့ အော်ပါဦးလား အဖိုးရယ်..။

မရမ်းပင်တွေ၊ သရက်ပင်တွေ၊ သစ်တိုပင်တွေပေါ်က အသီးတွေ ခူးခြွေဖို့ အဆင်သင့်။ ဒီရာသီပေါ် အသီးကိုတောင် ၀ယ်စားရမှာ နင်တို့ မရှက်ဘူးလား..၊ နင်တို့ မစိုက်တတ်ဘူးလား။ အခုတော့ ဒီအသီးတွေ အဖိုးကိုယ်စား ပြောနေသယောင်ယောင်။

အဖိုးရဲ့ ဥယျဉ်မမည် ခြံလေးက ဒီနေ့မှ သာယာနေလိုက်တာ…။

အိပ်မက်ကောင်းတုန်း ဗြွန်း.. ကနဲ ကလေးတွေ ရေလောင်းတော့ လှန်နိုးတော့တယ်။ ပေါက်ကရစကားတွေ သုံးပြီး အော်ငေါက်တော့ ကလေးတွေ ပြေးပါလေရော။

အင်း.. သူ့ရာသီပေကိုး။ ကိုယ်တုန်းကလည်း သူများတွေကို ဒီလို လိုက်စရလို့ ပျော်ခဲ့ဖူးတာပဲလေ။

ဗိုက်ဆာနေတော့ ပိန္နဲသီး အမှည့်တစ်လုံးကို ခူးပြီး အိမ်ဘက်ပြန်လာ ခဲ့ပါတော့တယ်။






အဖိုးခြံ အမှတ်တရ

လေးစားလျှက်

2 comments:

မြစ်ကျိုးအင်း said...

ရှေ့လူကြီးတွေက တကယ်ကို အမျှော်အမြင် ရှိပါတယ်ဗျာ
ကျွန်တော်တို့ အလှည့်မှာရော...တခုခုတော့ လုပ်သင့်တာပဲ

မသက်ဇင် said...

ဟုတ်တယ်နော်
ဘိုးဘွားဘီဘင်တွေ ဟာ အမျှော်အမြှင်ကြီးမားခဲ့ပါတယ်
ပျော်ရွှင်ပါစေ