Tuesday, April 28, 2009

အထူးကု(အပိုင်း-၁)




ဝေး… ခမ်းကီး။ ဝေး.. ခမ်းကီး..။

သြ.. ရှိတယ်။ ပြော… ။

ဘုန်းဘုန်းခေါ်တယ်။ ကျောင်းကို အမြန်ဆုံးလာခဲ့တဲ့..။

ဟိုက်. ဘုန်းကြီးက ခေါ်ခိုင်းတယ် ဆိုပါလား။ ခမ်းကီး အရမ်းပျော်သွားတယ်။

အေး.. သွားမယ်။ ခဏနေလာခဲ့မယ်လို့ ဘုန်းကြီးကျောင်းသားတွေကို မှာလိုက်တယ်။

ဘုန်းကြီးကျောင်းသွားရမယ်ဆို ခမ်းကီး အရမ်းပျော်တာ။ စားစရာတွေ စားရတော့မယ် ဆိုပြီးပေါ့။


ဟိုက်… မဟုတ်သေးဘူး။ ဒီတစ်ခါတော့ အလုပ် လုပ်ရမှာ။ ဟိုနေ့က အိမ်သာပြင်ဖို့ ရှိတယ်လို့ ဘုန်းဘုန်း ပြောထားတယ်။ ဟူး… ခမ်းကီး စိတ်ညစ်သွားတယ်။

အင်း.. ဘာပဲဖြစ်ဖြစ်လေ။ လုပ်ပြီးရင် စားရမှာပေါ့။ လပြည့်နေ့တုန်းက ဒကာတွေ လှူထားတာ အများကြီးပဲ။

သူငယ်နာမစင်တဲ့အတွေးနဲ့ ခမ်းကီး ဘုန်းကြီးကျောင်းဆီ စက်ဘီးနင်းပြီး ထွက်လာခဲ့တယ်။

ကျောင်းပေါ်မှာ ရွာလယ်ပိုင်းက ဒကာဦးမောင်ဖေတို့သားအဖ ရောက်နေကြတယ်။ မျက်နှာ မသာမယာနဲ့ ဘုန်းကြီးကို ဘာတွေ တိုင်ပင်နေကြပါလိမ့်။

“ ဒီမယ်ခမ်းကီး..။ ဦးမောင်ဖေရဲ့မိန်းမ နေမကောင်းတာ နင်သိတယ် ဟုတ်လား။ “

ဦးမောင်ဖေ မိန်းမ နာတာရှည်ဖျားတာများ ဘုန်းဘုန်း ဘာအထူးအဆန်း လုပ်မလဲဆိုတာ နားမလည်စွာ တွေးနေမိတယ်။

“ သိပါတယ် ဘုန်းဘုန်း။ လည်ပင်းနာ၊ လည်ပင်းရောင် ဖြစ်နေတာ ကြာပြီပဲ။ “

“အေး.. အဲတာ။ ငါ့ဦးဇင်း ဦးဇ၀နကို ခေါ်ပြီး ရန်ကုန်မှာ သွားကုမလို့။ “

ရွာကလူတွေကို ဦးဇ၀နက လိုက်ပို့နေကျပဲ။ ဘာဆန်းလို့လဲပေါ့။ မအူအလည်နဲ့ ခမ်းကီးတွေးနေမိတယ်။

“ အခု ငါ့ဦးဇင်းက မအားဘူး။ ပဌာန်းပွဲအတွက် လုပ်စရာ တစ်ပုံကြီး ရှိတယ်။ အဲတာ နင့်ကို လိုက်သွားခိုင်းမလို့”

“ ဗျာ.. တပည့်တော်ကို ရန်ကုန်လိုက်သွားခိုင်းမယ် ဟုတ်လား။ ဖြစ်ပါ့မလား ဘုန်းဘုန်းရ”

“ ဖြစ်ပါတယ်။ နင်က သူများထက် စာရင် စာတတ်ပေတတ်ပဲ။ နင့်ကို ပညာတတ်၊ ပညာရှိလို့ ပြောတာ မဟုတ်ဘူးနော်။ သိပ်ပြီးလည်း အူမြူး မနေနဲ့ဦး။”
ကြည့်.. ခမ်းကီးတို့ ဘုန်းဘုန်း။ စာတတ်ပေတတ်လို့ ပြောလို့ ပျော်မလို့ ရှိတုန်း၊ ဗုံးကနဲ ကျအောင် ပုတ်ချလိုက်ပြန်ပြီ။

“ နင်က စာအုပ်၊ စာပေလေ့လာတော့ သူများထက် နင်ပိုသိမှာပေါ့။ အဖေါ်လိုက်သွားပေး ကြားလား။ နင့်မိဘကို ငါခွင့်တောင်းယူမယ်။”

ရန်ကုန်ကို ဘုရားဖူးတော့ ရောက်ဖူးပါရဲ့။ အခုက လူနာဆေးကုဖို့တဲ့..။ ပြီးတော့ တစ်ခါမှ ရောက်ဖူးတဲ့ ဟိုအထူးကု၊ ဒီအထူးကု နာမည်တွေ ဦးဇင်းဇ၀န ရွတ်ပြနေတော့တယ်။ အင်း.. ဆွေမကင်းမျိုးမကင်းတဲ့ ဦးမောင်ဖေမျက်နှာ ထောက်ပြီး လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

လူနာဒေါ်ခင်ကလည်း စားတစ်လုံးမတတ်၊ သူ့ညီမ ဒေါ်ပဲသာ၊ သူ့သမီး မအေးစိန်တဲ့ လေးတန်းတောင် မတက်ဖူးတဲ့လူတွေ။ ရက်ရာဇာရွေးပြီး ရန်ကုန်ရွှေမြို့တော်ဆီ ထွက်လာခဲ့တယ်။

ဦးဇင်းဇ၀နမှာထားတဲ့ အထူးမှန်လုံကားကြီးကို စီးရမှာမို့ ဇိမ်ကျပြီဆိုပြီး ပျော်မိတယ်။ လူနာတွေ သက်တောင့်သက်သာ စီးရဖို့ထင်ပါ့။ ကားပေါ်မရောက်ခင် စိတ်ကူးယဉ်ထားတာတွေ ကားပေါ်ရောက်မှ သောက်တစ်လွဲတွေ ဖြစ်ကုန်ရော…။

တင်ထားလိုက်တဲ့ ကုန်ပစ္စည်းတွေ ခြေချဖို့ နေရာတောင် မရှိဘူး။ လူနာမို့ ကောင်းကောင်းမွန်မွန် စီးရအောင် ပစ္စည်းကို ရွှေ့ခိုင်းတော့ ကားသမားက မရဘူးတဲ့။ အုံနာက အသေအချာစီထားတာ။ ပစ္စည်းပျောက်ရင် တာဝန်မယူနိုင်ဘူးတဲ့..။ မစီးနိုင်ရင် ပိုက်ဆံပြန်ယူတဲ့လေ..။

ဖြစ်ချင်တော့ ကားအစီးတိုင်းက ပြည့်နေတယ်။ တစ်ညလုံးစီးရမှာ၊ ဖြစ်ပါ့မလားလို့ လူနာကို မေးတော့။ တို့ရွာက ထော်လဂျီကားထက် ကောင်းတာပဲ.. တဲ့။ ရှင်းရော..။

ကားမထွက်ခင် ပူအိုက်ပူလောင်ရှိတဲ့ကားက ကားပြေးမှပဲ အသက်ရှူချောင်တော့တယ်။ ကားမှန်လေးဖွင့်ပြီး သဘာဝလေ တစ်ဖြူးဖြူးနဲ့မို့ပေါ့။ ခရီးထွက်ရင် အိပ်မပျော်တတ်တဲ့အကျင့်ကြောင့် ဇာတ်ပွဲကြည့်ရသလို တစ်ညလုံး ငိုက်မြည်းလို့ပါပဲ။ ကြားက တက်ဆင်းရတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့တင် ခြေထောက်တောင် ညောင်းမိတယ်။ နကိုယ်က နုံးခွေနေတဲ့လူနာလည်း ဘာအသံမှ ထွက်မလာတော့ဘူး။

လေးနာရီမထိုးခင်မှာပဲ ရန်ကုန်မြို့ကို ရောက်ပါတော့တယ်။

တက္ကစီငှါးရင် တစ်ဝက်ဈေးလောက်လျှော့တောင်းဖို့ ဦးဇင်းဇ၀နမှာထားတာ အရင်ဆုံး သတိရသွားတယ်။ အားယားယား.. ကားအောက်က လှမ်းခေါ်နေတဲ့ တက္ကစီသမားတွေ ရွာက ဘုရားပွဲမှာ ထမင်းထုပ် လုနေကြတဲ့အတိုင်းပါပဲလား..။

တက္ကစီသမားတွေ ခေါ်ရင် အိုက်တင်နဲ့နေ။ ခပ်လည်လည်ပုံစံလေးနဲ့နေ။ အူထူထူတောသား အတိုင်းမနေနဲ့..။ ဦးဇင်းဇ၀န မှာထားတဲ့ စကားလုံးတိုင်းကို လိုက်နာပြီး တက္ကစီသမားကို ဂရုမစိုက်ပဲ ခက်လှမ်းလှမ်းအထိ လူနာကို ခေါ်လာခဲ့တယ်။ ရော.. သူတို့က ထပ်ချပ်မကွာကို လိုက်ခေါ်နေရောပဲ။

“ ဘယ်သွားမလဲ အစ်ကို”

“ သင်္ဃန်းကျွန်း”
“ ခြောက်ထောင်ပဲ ပေးဗျာ”

“ ဟာ.. မဟုတ်တာ”

“ ငါးထောင်ပေးဗျာ။ အခု ထွက်မယ်။ ကြားလူ မယူတော့ဘူး။”

ဟေ… တက္ကစီက ကြားလူရှိတယ် ဆိုပါလား..။ အင်း.. ကြားဖူးတယ်။ ဦးဇင်း ပြောပြဖူးတယ်။ သူ့လမ်းကြောင်း ကြုံတဲ့ ခရီးသည်ကို စုပြီးတင်တတ်တယ်ဆိုတာပဲ ဖြစ်မယ်။ သီးသန့် မဟုတ်တဲ့ ရန်ကုန်တက္ကစီတဲ့။

ခမ်းကီးက သုံးထောင်ရတဲ့အထိ ဆစ်မလို့က လူနာက မထိုင်နိုင်တော့ဘူးဆိုလို့ သုံးထောင်ငါးရာနဲ့ သဘောတူလိုက်တယ်။ တက္ကစီကားကို မြင်တော့ စီးချင်စိတ်တောင် ကုန်သွားတယ်။ ဟောင်းလိုက်တဲ့ကား..။ အင်္ဂလိပ်ခေတ် လက်ကျန်လို့ မအေးစိန်ကို ရှင်းပြလိုက်တယ်။ မင်းသားမင်းသမီးတွေ စီးတဲ့ကားလို စီးရမလားလို့ ထင်ထားတာတဲ့..။

တည်းနေကျ ဟိုတယ်လ်.. အဟဲ . ဘုန်းကြီးကျောင်းရောက်တော့ အာရုံဆွမ်း ဘုန်းပေးပြီးချိန်နဲ့ အတော်ပဲ။ ညက ကားဆောက်လို့ ဟောင်းလောင်းဖြစ်နေတဲ့ ဗိုက်ချပ်ချပ်အတွက် မနက်စာ အဆင်ပြေသွားတယ်။ လူမမာ ဒေါ်ခင်က အိပ်ရာခင်းပဲ တောင်းနေတော့တယ်။ ထော်လာဂျီထက် သာတဲ့ အထူးမှန်လုံကားကြီးအကြောင်း ကောင်းကောင်းသိရောပေါ့..။

နေ့လယ်ရောက်တော့ ကျောင်းက ဦးဇင်းတွေကို အထူးကုဆေးခန်းပေါတဲ့ ရွှေဘုံသာလမ်း လိုက်ပို့ဖို့ အကူအညီတောင်းရတော့တယ်။ ဒေါ်ခင်က သူ့အနာ ကိုက်လွန်းလို့တဲ့..။

မြို့ထဲသွားဖို့ တက္ကစီခေါ်ရပြန်ရော။ ဦးဇင်းတို့အမြဲခေါ်နေကျ တက္ကစီ ရှိတယ်ဆိုပဲ။ မနက်ကစီးခဲ့တဲ့ကားလိုပဲ ဘော်ဒီရှည်ရှည်၊ မပြို့တစ်ပြို။ ကားတံခါးပိတ်ဖို့ ဒရိုင်ဘာက အောက်ဆင်းပြေးပြီး ပိတ်ပေးရှာတယ်။

နား၊နှာခေါင်း၊ လည်ချောင်း ပါရဂူ ထိုင်တဲ့ အထူးကုဆေးခန်းကို မနည်းလိုက်ရှာ ယူရတယ်။ ဟော.. ပါရဂူတွေက ညနေပိုင်းမှ လာမယ်တဲ့။

နင်တို့ဟာက အထူးကုဆို..။ ကုချင်တိုင်းလည်း မကုရပါလားဟဲ့ လို့ မျက်ရည်ရွှဲပြီး ဒေါ်ခင် ညည်းနေတယ်။ ဆေးရုံကြီး သွားဖို့ ဦးဇင်းက ညှိနှိုင်းပါရဲ့။ ဆေးခန်းကောင်တာက စာရေးမက ပါရဂူလက်ထောက် တစ်ယောက်နဲ့ အရင်ပြပေးမယ်ဆိုလို့ ထိုင်စောင့်နေလိုက်ကြတယ်။

ဒါပေမယ့် သွေးစစ်လိုက်၊ ဓါတ်မှန်ရိုက်တဲ့ ဆေးခန်းဆီ ပြေးလိုက်နဲ့တင် ညနေခြောက်နာရီ ထိုးသွားတယ်။ ပါရဂူဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ မျက်နှာကို မြင်တော့ အပြေးတစ်ပိုင်းနဲ့ ဒေါ်ခင် ၀င်ကန်တော့ပြီး ကူပါကယ်ပါနဲ့ ချွဲနေတော့တယ်။

ပါရဂူက တစ်အောက်လောက် စမ်းသပ်ပြီး မနက်ဖြန် တာမွေက နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံဆီ လာဖို့ ချိန်းလိုက်တယ်။




အပိုင်း-၂ ဆက်ရန်...

1 comment:

စိုင်းစိုင်းလားရှိုး said...

မြန်မြန်ဆက်ပါ ဒုတိယ ပိုင်း