Sunday, April 12, 2009

ပျဉ်းမပန်း




“တစ်နှစ်မှာ တစ်ကြိမ်တည်းသာ သိကြားမင်းကိုကြိုတဲ့ သင်္ကြန်ပန်းအိုးမှာ အသုံးတော်ခံခွင့်ရတဲ့ ပန်းမျှသာပါ။ သင်္ကြန်ကြိုပြီးရင် အားလုံးက ပျဉ်းမပန်းကို မေ့လိုက်ကြပြီပေါ့။”

ခရမ်းရောင်ရင့်ရင့်နဲ့ ငွါးငွါးစွင့်စွင့် ပွင့်နေကြတဲ့ ပျဉ်းမပန်းတွေ နွေပန်းချီကားကို အလှဖေါ်ကျူးလို့ရယ်။ တစ်နှစ်မှာတစ်လ၊ တစ်လမှာတစ်ရက်တည်းပွင့်တတ်တဲ့ ပိတောက်ပန်းလို ကဗျာမဆန်တတ်လို့လား မဆိုနိုင်။ ငုဝါ၊ပိတောက်နဲ့အပြိုင် ကြိုင်ကြိုင်လှိုင်လှိုင်ပွင့်တတ်ပေမယ့် တန်ဖိုးထားမယ့်လူ မရှိခဲ့ပါလား ပျဉ်းမရယ်။

ဒီရာသီရောက်တိုင်း ပျဉ်းမပန်းကိုမှ ရှားရှားပါးပါး တန်ဖိုးတတ်သူတစ်ယောက်ကို ကျနော်သတိရမိပါတယ်။



ဟုတ်တယ်။ ပျဉ်းမပန်းကိုချစ်တဲ့ လကျော်ကို ကျနော်အရမ်းသတိရရတယ်။

တစ်စုံတစ်ရာသော အကြောင်းကြောင့် ဒီပျဉ်းမပန်းကို သူမြန်နိုးခဲ့ရတာလည်း ကျနော် အသိဆုံးမို့လေ။ ပျဉ်းမပန်းကိုခူးပြီး ဗျတ္တလို ပန်းဆက်နိုင်ခဲ့လို့ သူရဲကောင်းပမာ သူအပျော်ကြီးပျော်ခဲ့ဖူးကို အခုထိ မြင်ယောင်နေလျှက်ပါ။

သူ့နဲ့ စပြီးခင်မင်ရင်းနှီးခဲ့တာ ကိုးတန်းကျောင်းသားဘ၀တုန်းကပါ။ အထက်တန်းကျောင်းတက်ဖို့ ကျနော်တို့ကျောင်းကို ပြောင်းလာခဲ့တဲ့ လကျော်ပေါ့။ စကားနည်းပြီး မှုန်သုန်သုန်မျက်နှာနဲ့ ကျနော်တို့အတန်းထဲ စရောက်ခဲ့တဲ့နေ့ကို မှတ်မိသေးတယ်။ ပအိုဝ်းတိုင်းရင်းသားမို့ဆိုပြီး သူအဆင်ပြေဖို့ ဆရာမက ကျနော်ဘေးမှာ နေရာပေးခဲ့တယ်။ သူက အရှေ့ဘက်ဒေါနတောင်ခြေအနီးက ရေပူရွာကလို့ သူပြောပြပါတယ်။

ဘယ်သူ့အိမ်မှာနေပြီး ကျောင်းတက်လဲလို့ မေးတော့၊ ဦးကျော်ရှိန်ဒေါ်လဲ့လဲ့တို့အိမ်မှာပါတဲ့။ ဒါဆို ဟိုအရှေ့ဆုံးခုံမှာ ထိုင်တဲ့ စိုးစိုးတို့အိမ်ပေါ့လို့ မေးတော့၊ ဟုတ်တယ်တဲ့။ လှလည်းလှ၊ စာလည်းတော်တဲ့ စိုးစိုးနဲ့ အတူတူနေရတော့ တော်တော်ကံကောင်းတဲ့လူပဲလို့ သူ့ကို စတော့ ဟုတ်လားတဲ့လေ။

တောနက်ကပြောင်းလာတဲ့ကျောင်းသားမို့ စာညံ့မယ်လို့ ကျနော်တို့ ထင်ထားတာ။ လစဉ်စာမေးပွဲ အမှတ်တွေ ဆရာမကြေညာမှ အတန်းသားတွေ ဟေကနဲဖြစ်အောင် တစ်ခြားလူထက် သူ့အမှတ်များနေတယ်။ နောက်ပိုင်းမှ စာတော်တဲ့ကျောင်းသားဆိုပြီး အတန်းသားတွေ စိတ်ဝင်စားခြင်း ခံရတော့တယ်။

သူ့နဲ့ရင်းနှီးပြီးနောက်ပိုင်း တစ်ရက်မှာ သူနဲ့သင်္ချာတွက်ဖို့ဆိုပြီး သူနေတဲ့အိမ်ကို တောင်းလိုက်ကြည့်ခဲ့တယ်။ အမှန်က စိုးစိုးအိမ်ကို သွားလည်ချင်နေတာပါ။ လူချမ်းသာဆိုတဲ့ ဦးကျော်ရှိန်၊ဒေါ်လဲ့လဲ့တို့အိမ်ဆိုတာ ကျနော်တို့အဖွဲ့ တစ်ခါမှ မရောက်ဖူးသေးကြဘူး။ စိုးစိုးရဲ့အလှကို ကျောင်းမှာပဲ ငမ်းခွင့်ရခဲ့တယ်။

ရောက်သွားမှပဲ သူနေရတဲ့အခန်းကိုသိရတော့တယ်။ ဒီအိမ်ကြီးပေါ်က အခန်းလှလှထဲမှာ နေရတာလို့ ကျနော်ထင်ထားခဲ့တယ်။ အိမ်ပေါ်မဟုတ်ပဲ ပစ္စည်းဂိုဒေါင်ထဲက ထပ်ခိုးအခန်းမှာ နေရမှန်းတွေ့ခဲ့ရတယ်။

ဦးကျော်ရှိန်ဆိုတာ သူ့ရဲ့ဝမ်းကွဲဦးလေးလောက် ဆွေမျိုးတော်ကြောင်း၊ ဦးကျော်ရှိန်ငယ်ငယ်တုန်းက သူ့အဖွား ကျွေးမွေးစောင့်ရှောက်ခဲ့ရကြောင်း၊ ဦးကျော်ရှိန် မြို့ပေါ်တက်ပြီး ပညာရှာစဉ်တုန်းက သူ့အဖွားကသာ အဓိက ပံ့ပိုးခဲ့ရကြောင်း၊ အခုလို ကျနော်တို့ရွာက အထက်တန်းလာတက်နိုင်ဖို့ သူ့အဖွားရဲ့ အကူအညီတောင်းခံမှုကြောင့် ဦးကျော်ရှိန် လက်ခံခဲ့ရကြောင်း သူ့အကြောင်း တစ်ချို့တစ်လေကို သိခဲ့ရတယ်။

သမီးပျိုတွေရှိတဲ့အိမ်မို့ ကင်းကင်းရှင်းရှင်းဖြစ်ဖို့ ဦးကျော်ရှိန် စီစဉ်ခဲ့ပုံရတယ်။ လကျော်က တူတော်တယ်ဆိုပေမယ့် ဂုဏ်ပကာသနမှာ ခွဲခြားဆက်ဆံတတ်ကြောင်းကို အားလုံးကသိထားကြပါတယ်။ ဒေါ်လဲ့လဲ့ဆို မတူမတန်သလိုတောင် ဆက်ဆံကြောင်းကို နောက်ပိုင်း သူပြောပြခဲ့တယ်။

Wuthering Heights ဆိုတဲ့ သင်ခန်းစာက မမေ့နိုင်စရာအဖြစ်အပျက်တစ်ခုပါပဲ။ သူ့ဘ၀က Heathcliff ဆိုတဲ့ ဇာတ်ကောင်အတိုင်းပါပဲဆိုပြီး လကျော် ဘယ်တုန်းက ယှဉ်ခဲ့မှန်း မသိဘူး။ တစ်ယောက်တစ်ပေါက်ကနေ ဆရာမနားအထိ ရောက်သွားတယ်။ နောက်ပိုင်းမှာ Heathcliff လို့ပဲ သူ့ကို ခေါ်လိုက်ကြတယ်။

အစက စိုးစိုးနဲ့ အရောတစ်ဝင် မရှိတဲ့လကျော်တို့ ရင်းနှီးလာတာ သတိထားမိခဲ့တယ်။ အဆင့်တွေဆို သူတစ်ခါငါတစ်လှည့် လုနေကြလေရဲ့။ ကျောင်းပိတ်ရက်တစ်ရက်မှာ လကျော်အခန်းဆီ ဒုတိယအကြိမ် ကျနော်ရောက်ခဲ့တယ်။

မထင်မှတ်တဲ့ လကျော်ရဲ့ပန်းချီကားတစ်ကားကို တွေ့ခဲ့တယ်။ ဆံပင်ကြက်ဆံမြီးနှစ်ခွ ဘေးချတတ်တဲ့ ကျောင်းသူမလေးဟာ စိုးစိုးဖြစ်မှန်း မပြောလည်းတန်းသိသွားတယ်။ ဒီမှာတင် သူ့ကိုယ်သူ Heathcliff ဆိုပြီး ခေါ်ရခြင်းကို ကျနော်ကဘောပေါက်ခဲ့တယ်။ ရှက်ကိုးရှက်ကန်းနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ ကျနော်ကို ကတိတောင်းနေတော့တယ်။

ကိုးတန်းစာမေးပွဲကြီး ဖြေပြီးလို့ ကျောင်းရက်ရှည် ပိတ်ပေမယ့် ရွာမပြန်ပဲ သင်္ကြန်နေချင်တယ်ဆိုပြီး လကျော်ဦးကျော်ရှိန်ကို အကြောင်းပြခဲ့တယ်။ ဦးကျော်ရှိန်ရဲ့ အလုပ်မှာ လုပ်အားပေးဝင်လုပ်ပေးမယ်ဆိုပြီး နှုတ်ချိုသွေးခဲ့တယ်။ သူ့အကြံကို ကျနော်သိပါတယ်လို့ စတော့ ဘယ်သူမှ မရိပ်မိအောင် ကူညီပေးပါတဲ့လေ။

သင်္ကြန်မကျခင်မှာပဲ အောင်စာရင်းထွက်ခဲ့တယ်။ စိုးစိုးက ပထမ၊ လကျော်က ဒုတိယအဆင့်နဲ့ အောင်ခဲ့ကြတယ်။ ဆယ်တန်းကျရင် ကျနော်တို့တစ်တွေ Wuthering heights (လေထန်ကုန်း ၀တ္ထု) အစအဆုံးကို သင်ကြရတော့မယ်။ Heathcliff ရဲ့ဇာတ်လမ်းကို မြင်ချင်လိုက်တာလို့ စတော့ သူက ပြုံးစိစိနဲ့။ အဲဒီတုန်းက ကျနော်တို့အားလုံး လေထန်ကုန်းဝတ္ထုထဲက ဇာတ်လမ်းကို အမှန်တစ်ကယ်ပဲ မသိခဲ့ကြဘူး။

သင်္ကြန်အကြိုတစ်ရက်မှာ လကျော်ရဲ့ ပျဉ်းမပန်းဒသနကို မှတ်မှတ်ရရ နားဆင်ခဲ့ရတယ်။

သင်္ကြန်ပန်းအိုးမှာ ပျဉ်းမပန်းလိုတဲ့အတွက် ပျဉ်းမပန်းခူးဖို့ ရွာဘေးက ရိုးငယ်ဘက် ထွက်လာခဲ့ကြတယ်။ စိုးစိုးလည်း လိုက်လာခဲ့တယ်။ ပန်းလှလှကိုကိုင်ပြီး ပြုံးရွှင်နေတဲ့ မိန်းကလေးရဲ့အလှဟာ စာဖွဲ့လို့မမှီအောင်ပါပဲ တဲ့ လကျော်က ချီးမွမ်းခန်းဖွင့်နေတယ်။ ပြီးတော့ …

“ သင်္ကြန်ကာလ ပွင့်တဲ့ပန်းချင်းအတူတူ ပျဉ်းမပန်းတွေက လူတွေ တန်ဖိုးမထားကြဘူးကွာ။ ငုဝါပိတောက်ပန်းတွေကို စာဖွဲ့ကဗျာဖွဲ့လိုက်ကြတာ ဖတ်လို့ကို မကုန်အောင်ပဲ။ ပျဉ်းမပန်းအကြောင်းတော့ ဘယ်သူမှ စာမဖွဲ့ကြဘူး။ ငါ့ဘ၀လည်း ပျဉ်းမပန်းလိုပါပဲ ညိုးငယ်လှပါတယ်ဟာ…။ “

သူ့ဘ၀ကို လကျော်အားငယ်၊ သိမ်ငယ်နေတာ ကျနော် သတိထားမိတယ်။ သူ့စာအုပ်တွေထဲမှာ ကဗျာ အတိုအစတွေ ရေးထားတာ ဖတ်ဖူးတယ်။ မိဘတွေချမ်းသာလို့ တစ်နယ်တစ်ကျေးအထိ ကျောင်းလာတက်နေတာ မဟုတ်ပဲ ကျောင်းပညာကို စိတ်ဝင်စားလွန်းလို့ လူကြီးတွေကို ပူဆာခဲ့ရတယ်လို့ ပြောပြဖူးတယ်။ ပြီးတော့ သူဘာတွေ ခံစားနေရသလဲဆိုတာလည်း သူ့ကိုသူ သိမှာပေါ့။

အပွင့်ကြီးကြီး၊ အခက်လှလှရွေးပြီး ခူးထားတဲ့ သူ့ပန်းခက်တွေကို စိုးစိုးနှစ်သက်နေတာကို သူအကျေနပ်ကြီးနဲ့ ပြုံးလို့ရယ်။

သင်္ကြန်ရက်တွေမှာ ရပ်ကွက်မဏ္ဌမှာပဲ ရေကစားခဲ့ကြပါတယ်။ နှစ်ဆန်းတစ်ရက်ကစပြီး ရွာအနီးဝန်းကျင်က ဘုရားပွဲတော်တွေမျာ စက်ဘီးကိုယ်စီနဲ့ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ဖူးတာ မမေ့နိုင်စရာရယ်ပါ။ လကျော်တစ်ယောက် ကျနော်တို့နယ်က သင်္ကြန်ကို တော်တော်နှစ်သက်သွားပုံရတယ်။ နောင်နှစ်တွေမှာလည်း ဒီမှာပဲ ကျော်ဦးမယ်လို့ ဆိုလေရဲ့။

သူပိုပြီး စွဲလန်းသွားက စိုးစိုးကို သူရေလောင်းရတာ၊ စိုးစိုးအတွက် ငုဝါပန်း၊ ပိတောက်ပန်းတွေ ခူးပေးရတာ ဖြစ်မှာပါ။

ဒီလိုနဲ့ ဆယ်တန်းကျောင်းသားဘ၀ ရောက်ခဲ့ပါတယ်။ စာတော်တဲ့သူ၊ လိမ္မာသူတွေ အရှေ့ဆုံးတန်းမှာ ထိုင်ဖို့ ဆရာမနေရာပေးပေမယ့် သူ့ကိုယ်သူ သိမ်ငယ်လေ့ရှိတဲ့ လကျော်က ကျနော်တို့လို ခပ်ညံ့ညံ့ကျောင်းသားတွေနဲ့ ရောပြီး အနောက်ဘက်တန်း ခုံမှာပဲ ရွေးခဲ့တယ်။ သူ့ရဲ့ခေါင်းမာချက်က ဆရာတွေပါ အရှုံးပေးရတဲ့ အကြောင်းရှိသေးတယ်။ အိမ်ကလုပ်လာတဲ့ လေ့ကျင့်ခန်းစာအုပ်ကို နောက်နေ့မနက် လာတင်ခိုင်းပေမယ့် သူတစ်ခါမှ မတင်ခဲ့ဘူး။ ဆရာတွေ ကင်းလွှတ်ခွင့် ပေးလိုက်ပုံရတယ်။ သူ့ကို ဆူတာလည်းမတွေ့၊ မေးတာလည်းမတွေ့တော့ဘူး။ ဒါပေမယ့် သူ့စာအုပ်ထဲမှာတော့ သင်ခန်းစာ အပြည့်ရှိတာ တွေ့ရတယ်။

သူများတွေ မီးနင်းစာအုပ်ကိုယ်စီရှိပေမယ့် သူ မ၀ယ်နိုင်ခဲ့တာ ကျနော် အသိဆုံးဖြစ်ခဲ့တယ်။ ပြီးတော့ မကြာခဏ သူကျောင်းပျက်တတ်လာတာ ကျနော်သတိထားမိခဲ့တယ်။ သူနေမကောင်းဘူးလို့ပဲ ပြောပေမယ့် ရုပ်ရည်က လျှော့ခြင်း၊ ပိန်သွားခြင်း မရှိခဲ့တာ နောက်ပိုင်း ကျနော်သတိထားမိလာတယ်။ လူကြုံမရှိလို့ သူ့အိမ်ကဆေး မရောက်တော့ သူချူချာတာလို့ပဲ ပြောပြခဲ့တယ်။

မထင်မှတ်တဲ့ပြသာနာက မိဘဆရာအသင်း အစည်းအဝေးနဲ့ ဆုပေးပွဲ မကျင်းပခင်မှာ ပေါ်လာလေရော။ ဆရာ၊ဆရာမတွေရဲ့ အကြိုအစည်းအဝေးအပြီး တစ်ညနေမှာပါ။ ကိုးတန်းအောင် ဆုစာရင်းမှာ လကျော်တစ်ယောက် ပထမရပြီး၊ စိုးစိုးက ဒုတိယသာရကြောင်း အတန်းပိုင်ဆရာမ ပြောပြတယ်။

ဒီမှာတင် စိုးစိုးရှက်ပြီး အိမ်ရောက်တော့ ကျောင်းဆက်မတက်တော့ဘူး၊ ကျောင်းထွက်ဖို့ သောင်းကျန်းပါလေရော။

နောက်နေ့မနက်မှာ ဦးကျော်ရှိန် ကျောင်းရောက်လာပြီး ဘယ်ကဘယ်လို ပြသာနာ ဖြစ်ရပုံကို လာမေးခဲ့တယ်။

ဒါပေမယ့် စိုးစိုးကပဲ ပထမဆု ပြန်ရကြောင်း ကျောင်းအုပ်ကြီးက အတည်ပြုခဲ့တယ်။ အတန်းသားတွေ နားပလည်နိုင်အောင် ဖြစ်ရပြန်တယ်။ ပထမအစမ်း၊ ဒုတိယအစမ်းနဲ့ အတန်းတင်စာမေးပွဲက ရမှတ်တွေကို ပြန်ပေါင်းပြီး ဆုပေးတဲ့စနစ်ဖြစ်တာကြောင့် ကိုယ့်ရမှတ်အားလုံးအပေါ်မူတည်ပါတယ်။ အတန်းတင် စာမေးပွဲက ရမှတ်ကိုတော့ မသိခဲ့ရပါဘူး။

ကျနော်သတိထားမိတာ တစ်ခုက မနေ့ညနေ ကျောင်းအပြန်မှာ ကျနော့်စက်ဘီး လကျော် လိုက်မစီးတာ တွေ့ရတယ်။ သူနားမလည်တဲ့ ပုစ္ဆာမေးဖို့ရှိတယ်ဆိုပြီး ကျောင်းမှာ ကျန်နေခဲ့တယ်။

ဒီဆယ်တန်းနှစ်မှာ လကျော်အဆင့်တွေ ကျတာလည်း တွေ့ရတယ်။ လစဉ်မှာရော၊ အစမ်းစာမေးပွဲတွေမှာပါ အဆင့်တစ်ဆယ်အောက်ချည်း ဖြစ်နေတယ်။ မကြာခဏ ဖျားနာပြီး စာမလိုက်နိုင်လို့ပေါ့ ဆိုပြီး သူဖြေရှင်းပါတယ်။

နောက်ပိုင်းမှာ သူနေတဲ့အခန်းကိုလည်း မကြာခဏ ကျနော်ရောက်ဖြစ်တယ်။ သူ့ဒိုင်ယာရီစာအုပ်ကို ကျနော်တွေ့ဖူးတယ်။ ကျနော်က အဲဒီစာအုပ်ကို စပ်စုချင်နေတာ။ လူတွေ မမြင်အောင် လကျော် အသေအချာ ၀ှက်ထားတာတွေ့ရတယ်။ သူဖျားနေတာလည်း သူနေကောင်းပြီးမှ ကျနော်တို့ သိရလေ့ရှိတယ်။ ခွင့်စာ မတိုင်တတ်တဲ့ သူ့အကျင့်ကို ဆရာမက အထူးတစ်လည် အရေးထား မနေတော့ဘူး။ တစ်ရက်ဖျားပြီးရင် ပျောက်လေ့ရှိတာမို့လေ။

ဖေဖေါ်ဝါရီလ၊ တနင်္ဂနွေကျောင်းပိတ်ရက် တစ်ရက်မှာ လကျော်ကို ကြိုမသိစေပဲ သူ့အခန်းကို ကျနော် လာခဲ့မိတယ်။ စာမေးပွဲကြီးနီးပြီမို့ သူစာတွေဖိကျက်နေရောပေါ့လို့ ကျနော်တွေးထားခဲ့တယ်။

လား.. လား… အဲဒီနေ့မှာ လကျော်ရဲ့ လျှိ့ဝှက်ချက်ကို ကျနော်သိရတော့တယ်။

သူ့အခန်းထဲ ရောက်သွားတော့ ပက်လက်လှန်လျှက် တုန်ချိတုန်ချိနဲ့ လကျော်ကိုတွေ့ရတယ်။ ပါးစပ်မှာလည်း အမြုပ်ပျံနေတယ်။ ဒီကောင် ဆေးထိုးပြီလို့ ကျနော်တွေးမိလိုက်တယ်။ သူ့ကို လှုပ်ပြီး နိုးပေမယ့် တစ်အင်းအင်းနဲ့ပဲ အော်နေတယ်။ ဦးကျော်ရှိန်ကို သွားတိုင်ဖို့ ကျနော်တွေးလိုက်တယ်။ ပြီးမှ မဖြစ်သေးဘူး၊ ဒီကောင် မောင်းထုတ်ခံနေဦးမယ်လို့ တွေးပြီး မတိုင်ဖြစ်ခဲ့ဘူး။

သူမေ့နေတုန်း သူ့ဒိုင်ယာရီကို ခိုးဖတ်ဦးမှဆိုပြီး ဒိုင်ယာရီစာအုပ်ကို ကျနော် လိုက်ရှာလိုက်တယ်။

အကြိမ်ကြိမ်ကြိုးစားယူရတဲ့ လကျော့်ဒိုင်ယာရီတွေ့တော့ ကျနော် အရမ်းပျော်သွားတယ်။ စာအုပ်ကို လှန်ဖွင့်တော့ သူညှပ်ထားတဲ့ ဓါတ်ပုံက အရင် လွှင့်ကျလာတယ်။

စိုးစိုးရဲ့ဓါတ်ပုံပါပဲ။

ဓါတ်ပုံနောက်ကြောမှာ “ ကြည်နူးမှုကို ပေးစွမ်းနိုင်ပါစေ… “ တဲ့။

ဒီကောင်သွက်လှချည်လားလို့ ကျနော်ချီးကျူးမိသွားတယ်။ ဒိုင်ယာရီ အရှေ့စာမျက်နှာတွေမှာ တစ်ဖက်သတ်ခံစားရတဲ့ အဖွဲ့အနွဲ့တွေချည်း ရေးထားတာ တွေ့ရတယ်။

စာမျက်နှာ ဆယ်ရွက်တောင် မကျော်ခဲ့ဘူး။ ဖြတ်ကနဲ စာအုပ်ပြန်လုခံ လိုက်ရတယ်။ လကျော် ဘယ်အချိန်ကတည်းက ပြန်သတိရမှန်းတောင် ကျနော် မသိလိုက်ပါဘူး။ ၀ုန်းကနဲ ဆိုပြီး ဒေါသတစ်ကြီးနဲ့ ကျနော့်ကို လကျော် တွန်းထုတ်လိုက်တယ်။ သူ့ကို ကျနော် အသေအလဲ တောင်းပန်ယူခဲ့ရတယ်။ ကျနော်အမှား၊ ကျနော်ရိုင်းစိုင်းမှုကို ၀န်ခံခဲ့ပါတယ်။

ခင်မင်ရင်းနှီးလွန်းလို့မို့ ကိုယ့်သူငယ်ချင်းကို ပြုမိကြောင်းကို မနည်းရှင်းပြ ယူရတယ်။ ပြီးမှ သူဆေးသုံးသလားဆိုတာ မေးမိတယ်။ မဟုတ်ဘူးဆိုပြီး မျက်ရည်ဝဲလေးနဲ့ ငြင်းနေတယ်။

“ နင် ငါ့ကို တစ်ကယ်ခင်သလား..။ “

“ ဟ.. ခင်လို့ နင့်ဆီ လာနေတာပေါ့။ နင်ငါ့ကို မယုံဘူးပေါ့။ ဟုတ်လား..။ နင့်ကို ငါက ကတိပေးပြီးသားပါ။ နင်အကြောင်းတွေကို ငါလျှိ့ဝှက်ထားပါတယ်။ နင်နဲ့ စိုးစိုး အဆင်ပြေကြပြီပေါ့ ဟုတ်လား။ “

“ မပြေပါဘူး။ နင်တစ်လွဲ ထင်နေတာ။ သူက ငါ့ကို အကိုလိုခင်လို့ ပေးတာတဲ့။ ငါတို့တစ်တွေက ဆွေမကင်း၊ မျိုးမကင်းမို့ မောင်နှမလိုပဲ ခင်ပါရစေတဲ့။ “

“ ငါစိတ်မလေဖို့ ဆိုပြီး။ သူ့ဓါတ်ပုံကို ပေးထားတာ။ “

“ ဒါပေမယ့် သူသိသွားတာကိုပဲ ငါကျေနပ်ပါပြီ။ “

“ ဘာလဲဟ… ။ နင့်အချစ်ကြီးက..။ “

“ ငါက Heathscliff ပဲလေ။ ငါ့ဘ၀ကို ငါနားလည်ရမှာပေါ့..။ “

“ ဒါနဲ့ စောစောက နင်ဘာဖြစ်တာလည်း။ နံပါတ်ဖိုး(F) ထိုးသလားလို့။”

“ ငါ့ရောဂါ ထနေတာ..။”

“ ဘာ…. “

“ ဟုတ်တယ်။ ငါ့မှာ ရောဂါရှိတယ်။ အခုတစ်လော ငါ့စားနေတဲ့ဆေးတွေ ပြတ်နေတယ်။ ဒါကြောင့် မကြာခဏ ဖြစ်နေတာ။ ငါ့ရွာက လူကြုံတွေလည်း မရှိဘူး။ ငါပြန်ယူဖို့လည်း စာမေးပွဲက နီးနေပြီလေ။ “

“ နင်ဖျား ဖျားနေတာက…”

“ ဟုတ်တယ်။ ငါ့ရောဂါကြေင့်ပါ။ စိုးစိုး သိသွားမှာ ငါအစိုးရိမ်ဆုံးပဲ။ ငါ့ကို သူရွံရှာမှာ ငါကြောက်တယ်။ ငါ့ကို အစ်ကိုလို ချစ်နေတာပဲ ငါကြည်နူးလှပါပြီ။”

သူ့ရောဂါကို ကျနော်ရိပ်မိပြီမို့ ဘာရောဂါဆိုပြီး မေးမနေတော့ပါဘူး။ သူရှက်သွားမှာ စိုးလို့ ဆိုပါတော့။ လကျော်ကို ပိုပြီး သနားသွားမိတယ်။ အိမ်ပေါ်ကလူတွေသိကြလားလို့ မေးကြည့်တော့ ဦးကျော်ရှိန်တော့ သိတယ်တဲ့။ ဒေါ်လဲ့လဲ့သာ သိရင် ဒီအိမ်မှာ ပေးနေပါ့ဦးမလား မသိဘူးလို့ ညည်းရှာနေလေရဲ့။

စာမေးပွဲက ပူလောင်တဲ့ မတ်လမှာဆိုတော့ လကျော်တစ်ယောက် စာမေးပွဲဖြေရဖို့ ကျနော် ဆုတောင်းမိခဲ့တယ်။ ပူတဲ့ရာသီနဲ့ သူ့ရောဂါ မတည့်ဘူးလေ။ ဒါကြောင့် ရေကူးဖို့ ခေါ်လို့ မရခဲ့တာလည်း အခုမှ သူ့ကို နားလည်နိုင်တော့တယ်။


မေးခွန်းခက်တဲ့နှစ်မို့ ကျနော်တို့ မအောင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိနေကြတယ်။ လကျော်ဆို ဓါတုဖြေတဲ့နေ့ ကတည်းက ဆက်မဖြေလိုတော့ကြောင်း ဆရာမကို ဂျီကျခဲ့သေးတယ်။ အင်္ဂလိပ်စာတော့ သူကောင်းကောင်း ဖြေနိုင်တယ်လို့ ပြောခဲ့တယ်။ ဟုတ်မှာပါ။ သူက Wuthering Heights ဇာတ်ကောင်ပေကိုး ဆိုပြီး သူ့ကိုတောင် စလိုက်ကြသေးတယ်။

မြို့ပေါ်မှ စာမေးပွဲဖြေအပြီး အိမ်ပြန်ရောက်တော့ စိုးစိုးတို့အိမ်မှာ ရန်ကုန်ကဧည့်သည်တွေ ရောက်နေကြောင်း လကျော်ပြောပြခဲ့တယ်။ နယ်သင်္ကြန်လာလည်ကြတဲ့ တက္ကသိုလ်ကျောင်းသား ဒေါ်လဲ့လဲ့ အမျိုးတွေလို့ နောက်မှ သိရတယ်။

လကျော်က ဒီရွာသင်္ကြန်ကို နောက်ဆုံးအကြိမ်အဖြစ် ပျော်ရွှင်ချင်တယ်ဆိုပြီး ဦးကျော်ရှိန်ကို မေတ္တာရပ်ခံပြီး ရွာမပြန်ပဲ နေလိုက်တယ်။ သူ့ရည်ရွယ်ချက်ကို ကျနော်ကောင်းကောင်း သိခဲ့ပါတယ်။ စိုးစိုးကို သင်္ကြန်ရေ လောင်းခဲ့ချင်တယ်လို့ သူပြောပြဖူးတာကိုး။

ဒီနှစ်မှာတော့ ပျဉ်းမပန်းကို အရင်နှစ်ကလို လကျော် မခူးနိုင်ခဲ့ပါဘူး။ သင်္ကြန်အကြိုနေ့မှာပဲ လကျော် ရောဂါထခဲ့တယ်။ ဦးကျော်ရှိန်သူ့ကို ခိုင်းဖို့ လာမခေါ်ခင် ကျနော် အရင် ရောက်သွားခဲ့လို့သာပေါ့။ အချိန်အတော်ကြာအောင် သူ့ရောဂါ ထခဲ့တယ်။ ဦးကျော်ရှိန်ရောက်လာပြီး ကျနော့်ကိုပဲ သူ့ဧည့်သည် မလန့်ရအောင် စောင့်ရှောက်ခိုင်းခဲ့တယ်။

စိုးစိုးတို့ သင်္ကြန်ပန်းအိုးအတွက် တစ်ခြားကလေးဆီက ပျဉ်းမပန်းနဲ့ပဲ စိုက်ဖြစ်ခဲ့ပါတယ်။ ညနေပိုင်းမှာ ရှိုးကောင်းကောင်း၊ အပြောကောင်းကောင်း ရန်ကုန်သားတစ်ယောက်က စိုးစိုးကို ရည်းစားစာ ခိုးပေးခဲ့တယ်လို့ စိုးစိုးရဲ့အစ်မဆီက ကြားရတယ်။ ကျနော်က အငြိမ်မနေပဲ လကျော်ကို ပြောပြမိခဲ့တယ်။

လကျော်မျက်နှာညိုးတာ တွေ့တော့ ကျနော်နောင်တရမဆုံး ဖြစ်ခဲ့ရတယ်။

သင်္ကြန်အကြိုနေ့မှာ ပိတောက်ပန်းပွင့်ခဲ့တာ မှတ်မှတ်ရရ ရှိသေးတယ်။ စိုးစိုးကို ဦးဦးဖျားဖျား ပိတောက်ပန်းချွေထားတဲ့ရေနဲ့ လောင်းချင်ပါတယ် ဆိုပြီး အစောကြီး လကျော်တစ်ယောက် ပိတောက်ပန်း တက်ခူးနေတော့တယ်။ ရူးရန်ကောဆိုပြီး သူ့ကို စမိခဲ့သေးတယ်။

စိုးစိုးတို့ အလှပြင်ပြီး အဖိုးအဖွားသွားကန်တော့ဖို့ အထွက်မှာ ရေလောင်းမယ့်အကြံ ထင်ပ။

ဒါပေမယ့် လကျော်ဆန္ဒ မပြည့်ခဲ့ပါဘူး။ သူခပ်ထားတဲ့ ပိတောက်ပန်းရေခွက်ကို ရွှေရန်ကုန်သားက အရင်ယူပြီး စိုးစိုးကို ဦးဦးဖျားဖျား လောင်းတော့တာပဲ။ လကျော်ကို ကိုယ်ချင်းစာရုံကလွဲပြီး ကျနော်လည်း ဘာမှ ပြောမထွက်ခဲ့ဘူး။

စိုးစိုးကတော့ ဧည့်သည်ရေလောင်းတော့ အပြုံးလေးနဲ့ပေါ့။

အကျနေ့နဲ့ အကြတ်နေ့မှာပါ လကျော်တစ်ယောက် ရေမကစားပဲ အခန်းအောင်းနေတာ တွေ့ခဲ့ရတယ်။ ညဘက်မှာ လကျော့်ကို အားပေးဖို့ သူ့အခန်းဆီ လာခဲ့တယ်။ စိတ်ပျက်အားငယ်တဲ့ သူ့ရုပ်က အထင်းသားရယ်။ ဧည့်သည်တွေ စိတ်အနှောင့်အရှက် မဖြစ်ရအောင် အိနြေ္ဒ ရရနေဖို့ သူ့ကို သတိပေးခဲ့ပါတယ်။

သင်္ကြန်အတက်နေ့မှာ လွမ်းညဘုရားပွဲသွားဖို့ လကျော်ကို မနည်းစည်းရုံးခဲ့ရတယ်။ သူများတွေ မိကျောင်း၊ ခိုစက်ဘီးလှလှတွေ စီးပြီး သူ့ကျတော့ မောင်ဗမာစက်ဘီးအဟောင်းနဲ့မို့ ဆိုပြီး မလိုက်ချင်ခဲ့ဘူး။ သူ့အတွက်တော့ ၀ယ်ထားတာ မကြာသေးတော့ အသစ်ပေါ့။ ဧည့်သည်တွေအတွက် ဦးကျော်ရှိန်က သူ့အပေါင်းအသင်းဆီကနေ ငှါးပေးခဲ့တယ်။

ခြောက်မိုင်လောက်ဝေးတဲ့ ခရီးမို့ တစ်ယောက်တစ်စီးစီ နင်းလာခဲ့ကြတယ်။ အားလုံးက ပျော်ပျော်ပါးပါး ရှိပေမယ့် လကျော်တစ်ယောက်သာ ရှုးသိုးသိုးမျက်နှာနဲ့။ ရွာအလွန် နှစ်မိုင်လောက်မှာ ပြသာနာက စတော့ပဲ။

ဧည့်သည်တစ်ယောက်ရဲ့စက်ဘီး ကျွတ်ပေါက်ခဲ့တယ်။ ဘီးဖာဖို့က ရွာဘက်ပြန်လှည့်ရုံမှ တစ်ခြားနည်း မရှိတော့။ စိုးစိုးက လကျော်ကိုပဲ အရင်ဆုံး ကြည့်လိုက်တယ်။ စိုးစိုးရဲ့အကြည့်ကို လကျော် သဘောပေါက်ပုံရတယ်။

“ ကျနော်ဘီးကို စီးသွားလိုက်ပါ။ ကျနော်ရွာပြန်ပြီး ကျွတ်ပြန်ဖာပေးပါ့မယ်။ ပြီးမှ ကျနော် လိုက်လာခဲ့မယ်။ လွမ်းညဘုရားမှာပဲ ဆုံကြတာပေါ့။”

ကျနော့်ကို စိုးစိုးလှည့်ကြည့်ခဲ့တယ်။ သနားပါတယ် ဆိုတဲ့ အဓိပ္ပါယ်လေးလားပဲ။ ဒါပေမယ့် လွမ်းညဘုရားပွဲကို လကျော် ပြန်မလာတော့ပဲ အိမ်မှာစောင့်နေခဲ့တာ ညနေပြန်လာမှ သိရတော့တယ်။ ကျနော်က အရင်ဆုံး ပြန်ရောက်တာမို့ ပျဉ်းမပန်းကိုချွေထားတဲ့ ရေခွက်နဲ့ လကျော် ထိုင်စောင့်တာ တွေ့ရတယ်။

“ နင့်ဟာက အထူးအဆန်းပါလား လကျော်။ သူများတွေက ငုဝါ၊ ပိတောက် ချွေပြီး ရေလောင်းတာပဲ တွေ့ဖူးတယ်။ နင့်ကျမှ ပျဉ်းမပန်းကို ချွေထည့်တယ်လို့။”

“ ဟုတ်တယ်။ ပိတောက်ပန်းလည်း ခြောက်ကုန်ပြီ၊ ငုဝါတွေလည်း နွမ်းကုန်ပြီလေ..။ ငါ့လိုပဲ ညိုးနွမ်းတဲ့ ပျဉ်းမပန်းကိုပဲ ငါသုံးရတော့မှာပေါ့။ ဒါတောင်မှ စိုးစိုးကို ငါလောင်းခွင့် ရပါ့မလား မသိဘူး…။”

ဘာမှ ပြောမထွက်တော့လို့ ကျနော်ငြိမ်နေလိုက်တယ်။ လွမ်းညဘုရားဖူးနဲ့၊ လွမ်းညတောင်ပေါ်က ဇာတ်လမ်း ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ သူ့ကို ပြောပြဖို့ကိုလည်း ရင်ထဲမှာပဲ သိမ်းထားလိုက်တော့တယ်။ တစ်အောက်လောက်ကျတော့ စိုးစိုးနဲ့ဧည့်သည်တွေ ပြန်ရောက်လာကြတယ်။ ရောက်ရောက်ချင်း ဧည့်သည်တွေ ရေပြေးယူကြ၊ သူတစ်ပြန်ကိုယ်တစ်ပြန် ရေလောင်းကြနဲ့။

သူများတွေ တစ်ဝပျော်ပြီးချိန်မှ လကျော်တစ်ယောက် စိုးစိုးအနားသွားပြီး ရေလောင်းခွင့် တောင်းနေတော့တယ်။ ပျဉ်းမပန်း ပွင့်ဖတ်နဲ့ လကျော့်ရေကို မြင်တော့ ဧည့်သည်တွေက ပြုံးစိစိနဲ့…။

လကျော်တစ်ယောက် စိတ်ကျေနပ်နိုင်ပါစေလို့ ရင်ထဲမှာပဲ ဆန္ဒပြုပြီး ကျနော်လှည့်ပြန်ခဲ့တယ်။

မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့မှာ ဆဒ္ဒန်ဂူဘုရားပွဲ လိုက်ပို့ဖို့ စိုးစိုးပြောခိုင်းတယ်ဆိုလို့ ညအချိန်ကြီး လကျော် ကျနော့်ဆီ ရောက်လာတယ်။ သူမလိုက်တော့ဘူးလို့ ပြောနေတာကို ဘာကြောင့်ဆိုပြီး ကျနော် မေးမနေတော့ပါဘူး။

ဒါပေမယ့် ဧည့်သည်ကို တာဝန်မကျေတတ်ဘူးဆိုပြီး ဦးကျော်ရှိန် ကြိမ်းတော့ စိတ်မပါပဲ လကျော်ပါပြန်ရော။ မနေ့က လှုပ်ရှားထားတာ များလို့ သူ့အကြောတွေ တင်းပြီး ညောင်းနေကြောင်း သူညည်းပြခဲ့တယ်။ သူဖျားမှာ ကြောက်တယ်လို့ ပြောတယ်။ အမှန်က သူ့ရောဂါထမှာ သူစိုးရိမ်ပုံရတယ်။

ဆဒ္ဒန်ဂူဘုရားက လယ်ကွင်းပြင်ကြီး ဖြတ်ရတော့ တော်တော့ကို နေပူခဲ့တယ်။ ဆဒ္ဒန်ဂူထဲ ၀င်ကြတော့ စိုးစိုးက ရန်ကုန်သားတစ်ယောက်နဲ့ တွဲပြီးဝင်တာ လကျော်တွေ့သွားပုံရတယ်။ ဂူထဲမ၀င်ပဲ သူအပြင်မှာနေခဲ့ဖို့ ကျနော့်ကို လာပြောနေတယ်။ သူများတွေမရိပ်မိဖို့၊ ဆက်ဆံရေးညံ့တယ်လို့ အပြောမခံရဖို့ သူ့ကို မနည်း ချော့ခဲ့ရတယ်။

ဆဒ္ဒန်ဂူအနောက်ဘက် ထွက်ပေါက် ရေကန်နားရောက်တော့ ဧည့်သည်တွေ ရေကူးလိုကြကြောင်း၊ လှေလှော်ချင်ကြောင်း ပြောနေကြတယ်။ ဒီရေကန်က ဧည့်သည်ကို စားတတ်ကြောင်း၊ နှစ်စဉ်လိုလို လူသေလေ့ရှိကြောင်း ရှင်းပြပေမယ့် မရခဲ့ဘူး။ စိုးစိုးကလည်း လှေစီးချင်တယ်ဆိုပြီး သူတွဲခဲ့တဲ့လူနဲ့ ရေကန်ထဲ ဆင်းပါလေရော။

အဲဒီလူက လှေလှော်တတ်သလားလို့ သူ့သူငယ်ချင်းတွေကို မေးတော့ မတတ်ဘူးတဲ့။ ကျနော်ရော၊ လကျော်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားကြတယ်။

“ အသစ်တွေဆိုတော့ ပျော်ကြ၊ ကဲထားကြနော်။ အိမ်ရောက်ရင် တို့က တိုင်မှာ.. တိုင်မှာ”

သူ့ဖေါ်တွေ ကုန်းပေါ်ကနေ လှမ်းနောက်ကြတော့ လကျော်ကြားသွားတယ်ထင်တယ်။ ကျနော့်ကို လှမ်းကြည့်နေတယ်။ တစ်ခုခုသိချင်ပုံရတယ်။ စိတ်ဖြေပါလို့ ပြောလိုတဲ့ ကျနော့်မျက်လုံးကို လကျော်နားလည်ခဲ့သလား ဆိုတာ ကျနော် မသိခဲ့ပါဘူး။

တစ်အောက်လောက်မှာ လှေမြုပ်နေတယ်.. လှေမြုပ်နေတယ် ဆိုပြိး လူတွေ လှမ်းအော်နေကြတယ်။ ကြည့်လိုက်တော့ စိုးစိုးတို့လှေ ဖြစ်နေတယ်။ နှစ်ယောက်သား ရေထဲ မြုပ်ချီပေါ်ချီနဲ့။ လှေက သစ်သားအနားလောက်ပဲ မြင်ရတော့တယ်။

စိုးစိုးရေမကူးတတ်တာ ကျနော်တို့ ကောင်းကောင်းသိတယ်။ ဗြုန်း.. အသံနဲ့အတူ လကျော် ခုန်ဆင်းပြီး စိုးစိုးဆီ တန်းကူးသွားတယ်။ ကျနော်ရော၊ ရန်ကုန်သားတွေပါ အသီးသီး ခုန်ဆင်းလိုက်ကြတယ်။ ကျနော်တို့ လှေနားရောက်ခါနီးမှာ လကျော်က စိုးစိုးကို ဆွဲလာနေပြီ။ ရန်ကုန်သား တွေလည်း သူ့တို့သူငယ်ချင်းကို ဆွဲပြီး ကန်စပ်ဆီ ပြန်လာခဲ့တယ်။

ကုန်းပေါ်ရောက်တော့ စိုးစိုးက အလန့်တစ်ကြားနဲ့ ငိုကြွေးနေလေရဲ့။ နွံပေနေတဲ့ သူ့အ၀တ်အစားကို လကျော် သုတ်ပေးမယ်လုပ်တော့ လကျော့်လက်ကို ပုတ်ထုတ်နေတယ်။ သူများတွေ အထင်လွဲမယ် ဆိုတဲ့ စကားကို ကျနော် ကောင်းကောင်းကြားခဲ့ရတယ်။

လူတွေဝိုင်းအုံလာတော့ စိုးစိုးအစ်မက အမြန်ဆုံးအိမ်ပြန်ဖို့ ပြောနေတယ်။ အိမ်ကလူကို ပြန်မပြောဖို့ အားလုံးကို နှုတ်ပိတ်ခဲ့တယ်။ လကျော်က သူ့ကိုယ်ကို သွားဆေးမယ်ဆိုပြီး ထွက်သွားတယ်။ အရင်ပြန်နှင့်ဖို့၊ သူနောက်ကနေ လိုက်လာမယ်ဆိုပြီး ပြောလိုက်တဲ့ လကျော့်အသံဟာ နောက်ဆုံးအသံ ဖြစ်ခဲ့မှန်း ကျနော် ကြို၍ သိတတ်ခဲ့ရင် လကျော်ကို ကျနော် အပါခေါ်ခဲ့မိမှာပါ….။

ကျနော်တို့ ဂူဝဘက် ပြန်ရောက်ပြီး တစ်အောက်အကြာ လကျော်ကို ထိုင်စောင့်နေကြချိန်မှာပဲ…

“ နန်းစိုးစိုးနှင့် ဘုရားအဖွဲ့များခင်ဗျာ။ နန်းစိုးစိုးနှင့် ဘုရားဖူးအဖွဲ့များ ခင်ဗျာ…။ ဘုရားပွဲတော် လုံခြုံရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ရန် အကြောင်းကြားအပ်ပါသည်ခင်ဗျာ..။ “

အသံချဲ့စက်က အသံကြားရပြီး ကျနော်တို့အားလုံး မျက်လုံးအပြူးသားနဲ့ တစ်ယောက်မျက်နှာကို တစ်ယောက် ကြောင်ပြီး ကြည့်မိနေကြတယ်။ ဘာအရေးကြီးတဲ့ ကိစ္စပါလိမ့်ပေါ့…။

လုံခြုံရေးဌာနရောက်တော့ တာဝန်ရှိ လူကြီးတွေက ကျနော်တို့အဖွဲ့ လူရော့သလားလို့ မေးနေတယ်။ စောစောက ဒီမိန်းကလေး ရေနစ်တုန်း ဆင်းကယ်တဲ့လူကို သိပါသလား..တဲ့။

သိတယ်လို့ အားလုံးပြိုင်တူ ဖြေခဲ့ကြတယ်။ ကျနော်ဖြင့် ရင်ထိတ်ခဲ့ရတာ အခုထိ ထံစားနေရသလိုပါပဲ။

“ စောစောက ဒီမိန်းကလေးကို ကယ်ခဲ့တဲ့လူက အခု ရေနစ်သေသွားပြီ..။”

“ ဗျာ… “
“ ရှင်”

“ ဟုတ်တယ်။ ခင်ဗျားတို့ကို ကယ်ပြီးနောက် တစ်အောက်အကြာမှာ လုံခြုံရေးက လူတစ်ယောက် ရေနစ်တယ်ဆိုပြီး သတင်းကြားလို့ သွားကြည့်တာ။ လုံခြုံရေးတွေရောက်တော့ ဒီလူက အသက်မရှိတော့ဘူး။”

ကျနော့်ရင်ထဲ မိုးကြိုးပစ်လိုက်သလိုပဲ ခံစားလိုက်ရတယ်။ စိုးစိုးနဲ့ သူ့အစ်မ ဖက်ပြီး ငိုနေကြလေရဲ့။

“ သူရေနစ်တာက ရေတိမ်တိမ်မှာပဲ။ ကြည့်ရတာ ရောဂါဖြစ်လို့ လှဲကျပြီး ရေနစ်ပုံရတယ်။ “

လကျော်ရယ်.. လို့ပဲ ကျနော် တမ်းတနိုင်တော့တယ်။

ဟုတ်ပါပြီ..။ လကျော်ရောဂါထတာ သေချာပါပြီ။ ရှက်လို့ လူကွယ်တဲ့နေရာကို ကိုယ်ဆေးဖို့ဆိုပြီး သူထွက်သွားခဲ့တာပါ။

စိုးစိုးက သူ့အစ်မနားကပ်ပြီး တိုးတိုးပြောနေတာ တွေ့မိတယ်။ လကျော်ရောဂါရှိတာ သိလားလို့ ကျနော်မေးလိုက်တယ်။ သိတယ်တဲ့…။

ကျနော်တို့အဖွဲ့ ဂူထဲပြန်ဖြတ်ပြီး လကျော်အလောင်းရှိရာကို လာခဲ့ကြတယ်။ တံငါသည်ရဲ့ ဖျာစုတ်နဲ့ စောင်စုတ် အောက်က လကျော်ရဲ့မျက်နှာကို နောက်ဆုံးအကြိမ်အဖြစ် ကျနော် ကြည့်ခဲ့ပါတယ်။

“ လကျော်ရယ်… နင့်ငါ့ကို ပထမဆုယူရအောင် ဆရာကြီးဆီ နင်သွားပြောခဲ့တာ ငါသိပါတယ်။ ငါ့အရှက်ရော၊ ငါ့အသက်ကိုပါ ကယ်တင်ခဲ့တဲ့ နင့်ကို ငါ ဘယ်တော့ မေ့မှာ မဟုတ်ဘူး။ နောင်ဘ၀ တွေမှာ အနာရောဂါကင်းပြီး၊ အစစအရာရာ ထူးချွန်တဲ့ ငါ့ရဲ့ သူရဲကောင်း ဖြစ်နိုင်ပါစေ။ ပျဉ်းမပန်းပွင့်ဖတ်နဲ့ နင်လောင်းလိုက်တဲ့ သင်္ကြန်ရေ ငါ့ရင်ထဲ ထာဝရ အေးမြနေမှာပါ….…… “

စိုးစိုးဆုတောင်းသံတွေ လကျော် ကြားနိုင်ပါစေတော့လား…. ဗျာ။







5 comments:

မယ့်ကိုး said...

ဇာတ်လမ်းလေးကောင်းပါတယ်။ ဘာရောဂါလဲလို့  ခေါင်းစားရတာလေး တစ်ခုပဲ။ :)

ကောင်းကင်ပြာ said...

ဖတ်ပီး စိတ်မကောင်းဘူး ကိုခမ်းရေ၊ ဝက်ရူးပြန်တဲ့ ရောဂါများလား

မသက်ဇင် said...

ငုဝါ၊ပိတောက်နဲ့အပြိုင် ကြိုင်ကြိုင်လှိုင်လှိုင်ပွင့်တတ်ပေမယ့် တန်ဖိုးထားမယ့်လူ မရှိခဲ့ပါလား ပျဉ်းမရယ်။

စာဖတ်တာ ဆုံးသွားတော့--စိတ်ထိခိုက်လိုက်တာ---

Ko Boyz said...

ဟေ့လူ...။
တစ်ကယ့်ဇာတ်လမ်းဗျာ...။
မနောက်ရဘူး...။
ကျွန်တော် ဖတ်ပြီးတော့ စိတ်မကောင်းဘူးဗျာ...။
နောင်ဘ၀ဆိတုတာ ရှိခဲ့ရင် လကျော်တစ်ယောက် ကံကောင်းပါစေဗျာ...။

Anonymous said...

ကျွန်တော့် ချစ်သူက ပျဉ်းမပန်းအရမ်းကြိုက်တာဗျ