သင့်မှာ ခြေလက်အဂီါစုံပါသလား..။
ခြေလက်စုံပါလျှက် ရေမကူးတတ်ဘူးလား...။
ခြေလက်စုံပါလျှက် ရေမကူးတတ်ရင် ဒီကလေးမဆီမှာ သင်ကြပေတော့....။
(ရေကူးမတတ်သော သူများအတွက်သာ....)




Tuesday, June 2, 2009
အရှုံးမပေးစတမ်း
Monday, June 1, 2009
ဓနုတ်ဘုရားစေတီ ပြိုကျခြင်း
ဒီသတင်းကို ဖတ်ရှုရ၊ သိရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်မကာင်းဖြစ်ရတယ်။
ဒီဘုရားက ရှေးဟောင်းသမိုင်းဘုရားလို့ သိရပါတယ်။
အလှူ့ရှင် ဘုရားဒကာ၊ဒကာမ အပေါင်းတို့အား သာဓုအနုမောဒနာခေါ်ဆိုပါတယ်။
သည်နေရာတွင် ကျနော်၏ ဆန္ဒဖြစ်ပေါ်လာသည်မှာ..
-ရှေးဟောင်းသမိုင်းဝင်ဆိုသော အရာများအား ပျက်စီးနေသည်ကို ပျက်စီးနေသည့်အတိုင်း၊ မူလ
လက်ရာအတိုင်း ထိန်းသိမ်းစေလိုပါသည်။
-မူလ အလှူရှင်များသည် မိမိတို့ကောင်းမှုလက်ရာများကို ကမ္ဘာတည်သ၍ တည်ရှိစေလိုမည်မှာ
အမှန်ပင် ဆန္ဒရှိကြမည်သာ။
-နှစ်ကာလ ကြာညောင်းခြင်းကြောင့် ပျက်စီးခြင်းရှိနေမည်သာ။ နှောင်လာနှောင်သားကား ထိုထက်
မပျက်စီးရလေအောင် ထိန်းသိမ်းသည်ကား မှန်ပါသည်။ သို့သော် မူလလက်ရာအား
မပျောက်ပျက်စေလိုပါ။ အရှိကို အရှိအတိုင်း ဆက်လက်တည်ရှိလိုပါသည်။
-နှောင်လာနှောင်သားတို့သည်လည်း ထိုမူရင်းလက်ရားအား တန်ဖိုးထား ဂုဏ်ယူနေကြမည်သာ။
-ထိုမူရင်းလက်ရာသည်သာ ရှေးဟောင်းအမွေအနှစ်တို့ တန်ဖိုးကြမည်ဟု ထင်ပါသည်။ ဥပမာ
များစွာပင်ရှိနေသည်ကို လေ့လာစေချင်ပါသည်။ ဥပမာ- ထိုင်းနိုင်ငံရှိ အယုဒ္ဓယဘုရားဟောင်းများ၊
စုခိုထိုင်းပုထိုးဟောင်းများ၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ကျောင်းတော်၊ အင်ဒိုနီးရှားနိုင်ငံရှိ
ဘောရောဘောဒူပုထိုးဟောင်းများကဲ့သို့ မူရင်းအတိုင်း ထိန်းသိမ်းစေလိုပါသည်။
-ပုဂံဘုရားများသည် ထိုနိုင်ငံများရှိ ရှေးကျသော ယဉ်ကျေးမှုပင် ဖြစ်ခဲ့သော်လည်း
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ဘာကြောင့် မပါဝင်ခဲ့ရသလဲဆိုသည်ကို
လေ့လာသင့်ပါသည်။
-မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများစွာအားလည်း မူလလက်ရာ၊ မူလ
ရာဇ၀င်သမိုင်းဖြင့် ဆက်လက် တည်ရှိစေချင်ပါသည်။
ယူနက်စကိုအဖွဲ့အစည်းကြီး၏ စည်းကမ်း ဥပဒေသကို လေ့လာစေလိုပါသည်။
-ဤသည်ကား ကျနော့်၏ စိတ်ကူးဆန္ဒမျှသာဖြစ်ပါသည်။
ခမ်းကီး
၁၊ဇွန်၊၂၀၀၉
ဓါတ်ပုံများကို အင်တာနက် စာမျက်နှာများမှ ရယူပါသည်။


Friday, May 29, 2009
ဘ၀အစ
လူ့ဘ၀ ဘယ်ကစ.....?
မေး မေးနေကြတဲ့မေးခွန်းပါ။
ကျနော်ကတော့ ကျနော့်ဘ၀ ဒီပုံထဲကလိုပဲ စခဲ့ပါတယ်လို့.....။
ယှဉ်ပြိုင်ခြင်းနှင့် စတင်ခဲ့သော...
အောင်မြင်ခြင်းအစ....
ရှင်သန်ခြင်းအစ...
ကြင်နာမှု၏ ရင်ခွင်ထဲဝယ်.....
လူ့လောကကြီးက ဘယ်လိုနေပါလိမ့်...
မေတ္တာရိပ်အောက်တွင်...
မကြာခင်လောကကြီးနဲ့ ရင်ဆိုင်ရတော့မယ်..
ပီတိများစွာ၏ ကြိုဆိုခြင်း၌...
ချစ်၍မ၀လေသောသူ...
ခမ်းကီး
၂၉၊မေ၊၂၀၀၉
အမေတူ၊အဖေကွဲအမြွာပူး

ရုပ်ချင်းမတူတဲ့ အမြွာပူးကို တွေ့ဖူးရင် တွေ့ဖူးကြမှာပါနော်။ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် အမြွာပူးမျိုး တွေ့ဖူးရင်လည်း တွေ့ဖူးကြမှာပါ။
ဒါပေမယ့် အမေတူအဖေကွဲအမြွာပူးဆို ကြားတောင်ကြားဖူးမှာ မဟုတ်ဘူးနော်…။
အခုလိုပြောနေတော့ သံသယနဲ့ မယုံချင်ဖြစ်နေကြပြီ ထင်ပါရဲ့။
ဆရာဝန်တွေက ရှိတတ်ပါတယ်လို့ ပြောရင် မယုံချင်၊ယုံချင်ပေါ့နော်။ ဒါပေမယ့် အခုတော့ တစ်ကယ်ပဲ ရှိခဲ့ပါပြီ… ။
ဟုတ်ပါတယ်။ မီအာဆိုတဲ့ အမေရိကန်သူလေး ပြီးခဲ့တဲ့ တစ်နှစ်လောက်က အမြွာပူးသားလေး မွေးခဲ့ပါတယ်။ သူမသားနှစ်ယောက် ရုပ်ချင်းမတူတာ သူမ သတိထားမိခဲ့ပါတယ်။
သူမ ဘာတွေလုပ်ခဲ့ဖူးသလဲဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်သိနေတော့ လိပ်ပြာ မသန့်စွာနဲ့ ဆရာဝန် အကြောင်းပြန်မယ့် သွေးအဖြေ(DNA) ကို ရင်တစ်ထိတ်ထိတ် စောင့်နေခဲ့ပါတယ်။
ဒီအဖြစ်မျိုး သူမ မကြားဖူးဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူးလို့ သူမ ယုံကြည်နေပါတယ်။ ဒါပေမယ့် DNA အဖြေကို အံ့သြထိတ်လန့်စွာ သူမ ရရှိခဲ့လေတယ်။
ကျမ လွယ်ထားရ၊ မွေးခဲ့ရတဲ့ ကျမရင်သွေးတွေ၊ ခုနှစ်မိနစ်သာခြားပြီး မွေးခဲ့တဲ့ ဒီအမြွာပူး တစ်ယောက်တစ်ဖေစီ ဖြစ်လိမ့်မယ်လို့ ကျမမတွေးခဲ့ပါဘူးလို့ ရင်ဖွင့်ရှာပါတယ်။
ဒါပေမယ့် သတ္တိရှိစွာဖြင့် သူမရဲ့ခင်ပွန်းအား အဖြစ်မှန်ကို ပြောပြခဲ့ပါတယ်။ သူမ တစ်ကြိမ်တည်းသော မိုက်မဲခြင်းကို ကျူးလွန်ခဲ့ပါလို့ ၀န်ခံခဲ့ပါတယ်။
အဖြစ်မှန်ကို ၀န်ချခဲ့တော့ သူမယောက်ျား ဂျိမ်းစ်က အစစအရာရာကို ခွင့်လွတ်ပြီး သွေးရင်းသားရင်းလို ဒီကလေးလေးကို မွေးဖို့ ကတိပေးခဲ့ပါတယ်။
ပြီးတော့ အခုသူမမှာ ရှိနေတဲ့ ကိုယ်ဝန်က သူ့တစ်ယောက်တည်းနဲ့သာ ရတဲ့ ကလေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောပြသွားပါတယ်။
သူမတို့နှစ်ဦးသား ဒီကလေးရဲ့အဖေ ဘယ်သူဘယ်ဝါဆိုတာတော့ လုံးဝဖွင့်မပြောဖို့ သဘောတူထားကြတယ်။ အကယ်၍ ဒီကလေးကြီးလာလို့ အဖြစ်မှန်ကို သိခဲ့ရင်၊ သူ့အဖေအရင်းကို သိချင်ခဲ့ရင်တော့ ပြောပြဖို့ စဉ်းစားထားပါသတဲ့လေ…။
ဆရာဝန်တွေရဲ့အဆိုအရတော့ ဒီလိုဖြစ်ရပ်မျိုးက လူတစ်သန်းထဲမှာ တစ်ယောက်နှုန်းလောက်သာ ဖြစ်တတ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။
မိခင်ရဲ့မမျိုးဥကျစဉ် မိန်းကလေးဘက်က ယောက်ျားလေးတစ်ဦးထက် ပို၍ လိင်ဆက်ဆံခြင်း ပြုခဲ့ရင် ဖြစ်နိုင်ခြေနည်းလွန်းတဲ့ အဖြစ်မျိုးဆိုပေမယ့် ဆဲလ်စပမ်တွေက ဥတစ်လုံးစီနဲ့ မျိုးစပ်နိုင်ကြောင်း ဆရာဝန်ရှင်းပြခဲ့ပါတယ်။
(အမှန်တော့ အမြွာမဟုတ်တော့သော မအေတူ၊ဖအေကွဲ ညီအစ်ကို မျှသာ ဖြစ်သွားတယ်လို့ ထပ်ရှင်းပြပါတယ်)
မီအာတစ်ယောက် နောင်တရပေမယ့် ခွင့်လွတ်တတ်သော လင်ယောက်ျားကြောင့် စိတ်ချမ်းသာရကြောင်း ရင်ဖွင့်ခဲ့ပါတယ်။
တစ်ခြားသော အမျိုးသမီးအားလုံးကိုလည်း သူလိုမမှားမိဖို့ သတိပေးချင်ပါသတဲ့..။
သို့မဟုတ်က သူမလို မယုံကြည်နိုင်သော မအေတူ၊ဖအေကွဲ အမြွာပူးတွေ မွေးမိလိမ့်မယ်….တဲ့။
ခမ်းကီး
၂၈၊မေ၊၂၀၀၉
Manager.co.th မှ ရယူသည်။
Wednesday, May 27, 2009
စေတနာရှင်

Brian Burnie တစ်ယောက် ခြောက်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး သိပ်မကြာခင်မှာပဲ သူပိုင်ဆိုင်တဲ့ Doxford Hall Hotel and Spa ကို ရောင်းချဖို့ ကြော်ငြာခဲ့ပါတယ်။
1993 ကတည်းက ဖွင့်လှစ်လာခဲ့တဲ့ သူ့ဟိုတယ်လ်က အတော်ကြီးကို အောင်မြင်နေပါပြီ။ ဒီဟိုတယ်လ်က Chathill, Alnwick, Northumberland မှာပါ။
အခုတော့ ရောင်းချဖို့ ကြော်ငြာနေတော့ သူ့ရဲ့ စာရင်းကိုင်တွေက ဘရိုင်အန်ရူးနေပြီလားလို့တောင် ထင်နေကြတယ်။
ပြီးတော့ စတာလင်ပေါင်တန်ဖိုး (၁၆)သန်း ရှိ ဟိုတယ်လ်ရောင်းရငွေကိုလည်း ကင်ဆာရောဂါဆိုင်ရာကုသိုလ်ဖြစ် ဖောင်ဒေးရှင်းတစ်ခုမှာ အကုန်လှူဒါန်းဖို့ ဆုံးဖြတ်ထားပါသေးတယ်။
ကျနော်တို့ဆီမှာဆိုရင် တရားသဘောနားလည်သွားပြီလို့ ဆိုနိုင်မလားပဲ…။ သူ့ဇနီး Shirley က ရင်သားကင်ဆာဘေးကနေ သီသီလေး လွတ်လာခဲ့လို့ပါ။ အသက်ထက် ဘာမျှ အရေးမကြီးတာ သဘောပေါက်ခဲ့ပုံရတယ်။
အသက် ၆၅ရှိ ဘရိုင်အန်နဲ့ အသက် ၆၀ ရှယ်လီတို့ ဟိုတယ်လ်ရောင်းပြီးရင် ရိုးရိုးသာမန်အိမ်လေးတစ်လုံး ၀ယ်ပြီး အေးအေးဆေးဆေးနေဖို့ စိတ်ကူးထားပါတယ်။
“ ကျနော်ရဲ့ ရည်မှန်းချက်က ကျနော်သေရင် ငွေတစ်ပြားသားမှ ပါမသွားဖို့ပါ။ မွေးစက ဘာမှ မပါခဲ့သလို နောက်ဆုံးလည်း ဘာမှ ပါမသွားပါဘူးလေ….။ “
('We come into this world with nothing and we should leave with nothing,')
“ လူ့အဖွဲ့အစည်းအတွက် ကျနော် ကျေးဇူးပြန်ဆပ်လိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီး ပိုင်ရှင်ဖြစ်ဖို့ရယ် ငွေရေးကြေးရေး ချမ်းသာကြွယ်ဝဖို့ရယ်က အရေးကြီးပါတယ်။ ဒါပေမယ့် လူသားတစ်ယောက်လောက်တော့ အရေးမကြီးလှပါဘူး”
အခုဆို လူတွေလေ့လာဖို့ ဖွင့်ထားတဲ့ ပြခန်းသဖွယ် ဂေဟာလေးတစ်ခု ဖွင့်ထားပါတယ်။ သူ့လုပ်ရပ်မျိုး တစ်ခြားသော သူဌေးများ၊ ကုမ္ပဏီပိုင်ရှင်ကြီးများလည်း အတုယူကြဖို့ သူမျှော်လင့်ပါကြောင်း ပြောသွားပါတယ်။
သူ့လို စွန့်ဝံ့သူမျိုးက တကယ့်အသည်းနှလုံးအကြီးဆုံး လူသာဖြစ်နိုင်မှာပါလို့ သူ့ကိုယ်ရေး လက်ထောက်တွေ အံ့မကုန် ဖြစ်ချိန်မှာ သူက အဲဒီအသည်းကြီးက သူ့လို လူအိုတစ်ယောက်ရဲ့ ရင်ထဲမှာ လာရှိနေတာ နှမြှောဖို့တော့ ကောင်းပါရဲ့လို့ ပြောဆိုသွားပါသေးတယ်။

'We come into this world with nothing and we should leave with nothing,'

Doxford Hall Hotel and Spa.
Chathill, Alnwick, Northumberland



( manager.co.th မှ ရယူပါသည်)
ခမ်းကီး
၂၇၊မေ၊၂၀၀၉
Monday, May 25, 2009
ယောက်ျားသားတို့ မျိုးတုံးလုနီးလေပြီလော..

ကမ္ဘာကျော် သြစတေးရီးယားနိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးက ဖိုဓါတ်တိုင်ရာ မျိုးရီုးဗီဇပိုးများ မသန်စွမ်းတော့ခြင်း၊ လျော့လျဲကျလာခြင်းကြောင့် ယောက်ျားသားတို့ မျိုးပြုန်းဖို့ရန် အဆင်သင့်ဖြစ်နေပြီလို့ ဟောကိန်းထုတ်နေပါတယ်။
သြစတေးရီးယားနိုင်ငံ အမျိုးသားတက္ကသိုလ်က မျိုးပွါးမှုဆိုင်ရာ မိုင်ခရိုဇုန်းကို အဓိကလေ့လာတဲ့ ပါရဂူကြီး ဂျင်နီဖာ ဂရစ်(ဖ်)က ဖိုဓါတ်ဆိုင်ရာ မိုင်ခရိုဇုန်း Y ဟာ အရည်အသွေး ညံ့ဖျင်းအားနည်းလာပြီး၊ မျိုးပြုန်းဖို့ရန် လာမည့်နှစ်ပေါင်း ငါးသန်းလောက်တွင် ဖြစ်နိုင်လိမ့်မည်လို့ ဆိုပါတယ်။
( နှောင်နှစ်ပေါင်း ငါးသန်းကျရင် မိုင်ခရိုဇုန်း Y များ လုံးဝ မျိုးပြုန်းနိုင်ကြောင်း )
သန္ဓေသားထည်ဆောက်ခြင်းကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက မိုင်ခရိုဇုန်းYများ သေဆုံးကုန်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တစ်ကယ့်ပြသာနာကြီးပါလို့ ပြောပါတယ်။
သူတို့ ဆက်ပြောပုံအရ ဖိုယောက်ျားသားတို့ဟာ ကြွက်ထီးတွေလို တုနိုင်ပါရဲ့။ ဖိုဓါတ်တွေ ကုန်ဆုံးပေမယ့် မျိုးဆက်ပြန့်ပွါးဖို့ရန် အစွမ်းကုန်ကြိုးပမ်းနေကြသလိုပေါ့။ လူသားတွေမှာ ဖိုဓါတ်မျိုးပြုန်းတဲ့ ဒုတိယမျိုးနွယ်ဖြစ်လာမှာ စိုးရိမ်ပူပန်မှု ဖြစ်နေကြပါတယ်လို့ ဆိုပါတယ်။
Thairath.co.th
ခမ်းကီး
၂၅၊မေ၊၂၀၀၉
Thursday, May 21, 2009
အသက်ဆိုတာ ဂဏန်းလုံး၊ အချစ်တည်ရာ အသည်းနှလုံး
အသက်ဆိုတာ အရေအတွက်ဂဏန်းလုံးမျှသာ…။ ဘယ်ရွေ့ဘယ်မျှလို့ ညွန်းရုံလောက်ပါ….။
အသည်းနှလုံးထဲက အချစ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အချစ်က အသက်နဲ့အတူ ရင့်ရော်မသွား၊ အိုမင်း မသွားခဲ့ဘူးလေ… ။
ဆယ်ကျော်သက်တုန်းအချစ်နဲ့ အခု ခုနှစ်ဆယ်ကျော် အချစ်က တူညီနေဆဲပါ။
ခုနှစ်ဆယ်သုံးနှစ်အရွယ်ကျမ ဆယ့်ရှစ်နှစ်တုန်းကလို ရင်ခုန်နေတယ်။ ကျမ သူ့ကို ချစ်မိနေတယ်။ ဟုတ်တယ်…။ သူချစ်ရေးဆိုလာတော့ ကျမလေ. ရင်ခုန်လိုက်ရတာ….။
သူ့ကို မြင်မြင်ချင်း ကျမရင်ထဲမှာ ရှိန်းကနဲဖြစ်သွားခဲ့တယ်။ တစ်ခုခုနဲ့ ပတ်သက်ဆက်နွယ်သလိုလို၊ သွေးသားချင်း ရင်းနှီးနေသလိုလို ကျမတန်းကနဲ ခံစားလိုက်ရတယ်။ သူ့အကြည့်နဲ့ ကျမအကြည့်ချင်း ဆုံတော့ ကျမနှလုံးသားလဲ အရည်ပျော်မတတ် ခံစားလိုက်ရတယ်။ 
ရင်းနှီးဖူးတဲ့ လူဟောင်းတစ်ယောက်လို သူက ကျမကို ကြည့်နေတယ်။ ကျက်သရေရှိလိုက်တာ၊ လှရက်လိုက်တာလို့ သူပြောတော့ ကျမ အရည်ပျော်မတတ်ပါပဲ။ ကျမရဲ့ သူငယ်ချင်းတွေက ဘာမှ မသိကြတော့ ဒီခုနှစ်ဆယ်ကျော် အဖွားကြီးအုပ်စုကကို လှတယ်လို့ ပြောတာ ဟာသမှတ်ပြီး ရယ်မောလိုက်ကြတာ။
ဒါပေမယ့် သူစကားက ရင်ထဲကလာတဲ့ စကားလို့ ကျမ ယုံကြည်နေမိတယ်။ ကျမတို့ စားပွဲဝိုင်းကနေ သူမခွါပဲ အနီးကပ် ဂရုစိုက်ခဲ့တယ်။ အားလုံး ပျော်ပျော်ပါးပါး စားသောက်ဖို့ ဟာသနှောရင်း၊ စားပွဲထိုး ၀န်ဆောင်မှုအပြည့်နဲ့ သူတာဝန်ကျေနေတယ်။ ကျမမျက်လုံးထဲမှာ သူက နတ်သားတစ်ပါးလို ကြည့်ကောင်းနေလိုက်တာ။ ကျမလေ ဆယ်ကျော်သက်လိုပဲ ကြည့်နူးနေလိုက်တာ..။
ကျမတို့ သူငယ်ချင်းဟောင်းတွေ စုပြီး ဒီစားသောက်ဆိုင်မှာ လာစားသောက် နေကြတာပါ။ အိမ်ထောင်ကိုယ်စီ၊ ဘ၀ကိုယ်စီမို့ မတွေ့ဖြစ်တာ ကြာခဲ့ကြပြီ။ တစ်ချို့က မိသားစု စုံလင်နေဆဲ၊ တစ်ချို့က လင်ဆုံးမုဆိုးမ ဘ၀တွေဖြစ်လို့၊ သားသမီးနဲ့ အတူနေသူကနေ၊ ၀န်ထမ်းဘ၀ အငြိမ်းစားယူပြီးသူကယူပေါ့။ ကျမတောင် မုဆိုးမဖြစ်ခဲ့တာ အနှစ်သုံးဆယ်နီးပါးခဲ့ပြီ။ ကျမ သမီးကြီးကတောင် ငါးဆယ့်ငါးနှစ် ရှိခဲ့ပြီလေ…။
အို… ကျမဘာတွေ လိုက်တွေးနေပါလိမ့်။ သူငယ်ချင်းဟောင်းတွေနဲ့ ဆုံရလို့ ကျမပျော်နေတာလား..။ ဒီကောင်လေးကို တွေ့လို့ ကျမပျော်နေတာလား..။ ကျမ အရမ်းပျော်နေတာပဲ ကျမ သိတော့တယ်။
ဟယ်.. ကျမတို့ ပြန်မယ်လုပ်တော့ သူက ဖုန်းနံပါတ် လာတောင်းနေတယ်။ ဖောက်သည်တွေရဲ့ ဖုန်းနံပါတ်ကို သိမ်းထားချင်တယ်လို့ သူအကြောင်းပြနေတယ်။ ကျမလည်း ကြောင်တောင်တောင်နဲ့ မိုဘိုင်းဖုန်းနံပါတ်ကို ပေးမိလိုက်တယ်။ ဆယ်ကျော်သက်ကလို ကျမရင်တွေ ခုန်နေတယ်..။
ကျမအိပ်ရာဝင်ခါနီးမှာ ဖုန်းဝင်လာနေတယ်။ သူက ကျမကို မ တဲ့။ နားရှက်သလိုလို ကျမခံစားလိုက်ရတယ်။ သူ့အသံ မကြားဖူးပေမယ့် ဖုန်းနံပါတ် အသစ်လေးကြောင့် သူပဲဆိုတာ ကျမအလိုလို သိနေတယ်။
ပြောတတ်လိုက်တဲ့ စကား၊ ဖွဲ့တတ်လိုက်တာမှား ရှာမှရှားပဲ ထင်ပ။ အတော်ကြာအောင် သူဖုန်းပြောပေမယ့် ကျမ နားထောင်လို့ မ၀နိုင်ခဲ့ဘူး…။ နှလုံးသားချင်း ရင်းနှီးနေလို့လားကွယ်….။
သူ့အသက်ကို ကျမမေးမိတယ်။ နှစ်ဆယ့်ခြောက်နှစ်တဲ့….။ ဘုရားရေလို့ ကျမတမိသွားတယ်။ ဟုတ်တယ်၊ သူ့အသက်က ကျမမြေးအကြီးနဲ့ ရွယ်တူလေ…။
နောက်နေ့တွေမှာလည်း သူ့ဆီက ဖုန်းလာနေတယ်။ အရွယ်နဲ့ မလိုက်အောင် နုပျိုနေတယ်လို့ သူပြောတော့ ကျမလည်း နုနိုင်သမျှ နုနေအောင် ပြင်ဆင်ဝတ်စားခဲ့ပါတယ်။ သူ့ဆိုင်ကို မကြခဏ သွားစားတတ်ခဲ့တယ်။
နောက်ပိုင်းမှာ ညအိပ်ရာဝင်ခါနီးတိုင်း သူ့ဆီကဖုန်းသံကို မျှော်နေမိတော့တယ်။
အို… ဟာ.. ဒီမိန်းမကြီးက လှလိုက်တာ..။ ကြည့်စမ်းပါဦး. ကျက်သရေရှိနေလိုက်တာ။ သူမပြုံးပျော် ကြည်နူးနေပုံက ဆယ်ကျော်သက်အပျိုလိုပါပဲလား…။ ငါ့သူမနဲ့ ရင်းနှီးဖူးသလိုလို…။ အို.. မဟုတ်သေးပါဘူး။ အခုမှ တွေ့ဖူးတာပါ။ သူမနဲ့ အနီးကပ်နေချင်လိုက်တာ..။
အလုပ်သာလုပ်နေရတာ။ သူမအနားမှာပဲ ငါသွားချင်နေတယ်။ အပျိုလူပျိုစကားတွေ ပြောတော့ သူတို့ သဘောကျနေလိုက်တာ။ အရင်က ဒီစကားမျိုး ငါမပြောတတ်ပါဘူး။ အခုမှ ဘယ်လိုဘယ်လို ပြောထွက်နေပါလိမ့်…။
သူမကို ကြည့်လိုမ၀နိုင်အောင် ဖြစ်နေတယ်။ ငါ့ရင်တွေ ခုန်နေတယ်။ သူမကို ထွေးပွေ့လိုစိတ်ပေါ်နေတယ်။ ငါ..ငါ.. ဘယ်လို ဖြစ်နေပါလိမ့်..။ သူမကို ပြုစုယုယလိုစိတ်တွေ ထိန်းမရတော့ဘူး..။ သူမပြန်သွားမှာ စိုးရိမ်နေတယ်…။
နောက်ဆို သူတို့ ဒီဆိုင်မှာ လာစားကြပါ့လား..။ သူမကို အမြဲတမ်း မြင်ရအောင် ငါဘယ်လို လုပ်ရပါ့…။ သူမဖုန်းနံပါတ်…။ သူမရဲ့ဖုန်းနံပါတ်ကို ယူထားရမယ်။
ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရလိုက်သလို ငါပျော်လိုက်တာ။ သူမအသံကို ငါကြားချင်နေတာ။
သူမ ငါ့ကို စိုးမိုးနိုင်လွန်းပါလား…။ သူမနဲ့ အတူနေချင်တဲ့ စိတ်တွေ ထိန်းမရတော့ပါလား..။
သူမရဲ့အသံကို ကြားရမှ စိတ်ကျေနပ်ခဲ့တယ်။ ကြင်နာသူတစ်ယောက်လို သူမအပေါ် ခံစားနေရတယ်။ ငါ့ကိုယ်ငါ နားမလည်နိုင်တော့ဘူး။ သူမကို စွဲလန်းမိပြီဆိုတာ သေချာပြီ။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ငါမစိုးရိမ်မိဘူး။
သူမ အသက်ကိုမေးမိတော့ ခုနှစ်ဆယ်သုံးနှစ်တဲ့…။ ငါရှိန်းကနဲ ဖြစ်သွားသလိုလို၊ ရှက်သလိုလို ခံသားမိသွားတယ်။ ငါ့အဖွားထက်တောင် အသက်ကြီးနေပါလား….။ ငါ့အဖွားက ခုနှစ်ဆယ်၊ ငါ့အမေက လေးဆယ့်ပါးပဲ ရှိသေးတယ်လေ…။
ဒါပေမယ့် သူပအပေါ် တွယ်တာလိုစိတ်၊ ထွေးပိုက်လိုစိတ်ကို ငါမထိန်းနိုင်ခဲ့ပါဘူး….။ ရူးတယ်လို့ ပြောလည်း ပြောပါစေတော့..။ သူမကို အမှန်တစ်ကယ် စွဲလန်းခဲ့တာပဲ…။
အားလုံးကို ရင်ဆိုင်ရတယ်လို့ ဆုံးဖြတ်နိုင်ခဲ့ပြီးချိန်မှာ သူမကို ချစ်ရေးဆိုခဲ့ပါတယ်။ ကောင်မလေးနဲ့ ရည်းစားဖြစ်ခဲ့တုန်းက ငါဒီလောက်ထိ မပျော်ခဲ့ပါဘူး။ ကောင်မလေး အဆက်ဖြတ်တုန်းကလည်း ဘာမှ ထွေထွေထူးထူး မခံစားခဲ့ရပါဘူး။
သူမကိုကျမှ ငါခံစားနေရတာ။ ကြင်နာလိုစိတ်၊ ထွေးပိုက်လိုစိတ်က သူမကို အဖွားအိုတစ်ယောက်လို့ မမြင်မိခဲ့ပါဘူး။
ငါချစ်တာကို ချစ်တယ်လို ငါပြောရဲ့ခဲ့တယ်။ ယောက်ျားတစ်ယောက်ပီပီ သူမကို တောင်းရမ်းလက်ထပ်ယူဖို့ ငါဆုံးဖြတ်ခဲ့တယ်။
* * * * * * * *
စွမ်ဖွန်လို့ခေါ်တဲ့ အသက်နှစ်ဆယ့်ခြောက်နှစ် စားပွဲထိုးကောက်လေးက အသက်ခုနှစ်ဆယ့်သုံးနှစ် မုဆိုးမကို တောင်းရမ်းလက်ထပ်ယူမယ့် သတင်းကို တစ်နယ်လုံး အံ့သြသင့်စွာ ကြားခဲ့ရတယ်။
ဖြစ်နိုင်ပါ့မလား၊ ရူးများရူးနေကြသလားဆိုပြီး အမျိုးမျိုးအဖုံဖုံ ဝေဖန်ကြတာပေါ့.။
သတို့သားလောင်းမိခင်ကတော့ မိသားဖသားပီပီ ထုံးတမ်းစဉ်လာအတိုင်း ချွေးမလောင်းကို တင်တောင်းပေးခဲ့ပါတယ်။
သမီးကြီး(၅၅နှစ်)၊ သမီးငယ်(၅၁နှစ်) ၊ သမီးထွေး(၃၅နှစ်) တွေက လာရောက် တောင်းရမ်းခြင်းကို ကြည်ဖြူစွာ လက်ခံခဲ့ကြပါတယ်။ သုံးလကြာအောင် ကြိုးစားပိုးပန်းနေကြတဲ့ သတို့သား၊ သတို့သမီးကို နားလည် ကိုယ်ချင်းစာ တတ်ကြပါတယ်တဲ့။
အသက်ရှစ်ဆယ်ရှိတဲ့ သတို့သမီးအစ်မကတော့ အရေးကြီးတာက သူတို့နှစ်ယောက် အမှန်တစ်ကယ် ချစ်ကြိုက်ကြဖို့ပါပဲ။ ယောက်ားအချင်းချင်းတောင် ပြန်ချစ်ကြ၊ လက်ထပ်ကြသေးတာပဲ၊ သူတို့လို မိန်းမနဲ့ ယောက်ျား ချစ်မိကြတာ အဆန်းမဟုတ်ပါဘူးလို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
အသက်ကွာခြားမှုက ကျနော်တို့ရဲ့အချစ်ကို အနှေက်အယှက် မဖြစ်စေခဲ့ပါဘူးလို့ ကြွရောက်လာကြတဲ့ ဧည့်သည်အပေါင်းကို သတို့သားက ရှင်းပြခဲ့ပါတယ်။
ဘတ်ငွေနှစ်သောင်းနဲ့ ရွှေငါးမတ်သားတင်တောင်းတဲ့ နှစ်ဆယ့်ခြောက်နှစ် သတို့သားနဲ့ ခုနှစ်ဆယ့်သုံးနှစ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲကို ပျော်ရွှင်ကြည့်နူးစွာ ကျင်းပခဲ့ကြပါတယ်။
သူတို့နှစ်ဦးသား အပြန်မလှန် အနမ်းဖလှယ်ကြပြီး ပရိတ်သတ်ရှေ့ ချစ်သက်သေထူပြ ခဲ့ကြပါတယ်။ 
( သတင်းစာပါ ၂၆နှစ် သတို့သားနှင့် ၇၃နှစ် သတို့သမီး မင်္ဂလာဆောင် သတင်းအား ခံစားရေးသားပါသည်)
ခမ်းကီး
၂၁၊မေ၊၂၀၀၉
+of+nagar.jpg)