Saturday, February 28, 2009

အယုဒ္ဓယမြို့ဟောင်းသို့ တစ်ခေါက်



ရွှေတောင်ဘုရားနဲ့ မနီးမဝေးမှာ နရေဆွန်ဘုရင်ရဲ့နတ်နန်းကို ဖြတ်သွားတယ်။ နတ်နန်းရှေ့မှာ ကြပ်ဖအရုပ်တွေ အများကြီးကိုတွေ့ရတယ်။ ကြက်တိုက်ဝါသနာကြီးတဲ့ နရေဆွန်ဘုရင်ကို ကြက်ဝါသနာအိုးတွေ ပူဇော်ပသထားတာလို့ ဂိုက်က ရှင်းပြတယ်။ နရေဆွန်ဘုရင်အကြောင်း ရုပ်ရှင်ဇာတ်ကား အောင်မြင်ကျော်ကြား ပုံ၊ ယိုးဒယားတို့ရဲ့ သူရဲကောင်း မွန်မြတ်ပုံကို ဂိုက်က အမွှမ်းတင်မဆုံးပေါ့။ ဘုရင့်နောင်မင်းကြီးကို ထိုင်းအားလုံး နီးပါးက အရပ်ဆယ်မျက်နှာအောင်နိုင်သူ လို့သိကြတယ်။ ဘုရင့်နောင်မင်းကြီးဟာ လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံမွန်မြတ်ကြောင်း ထိုင်းတွေလက်ခံ လေးစားကြတယ်။ ဘုရင့်နောင်မင်းကြီးအကြောင်းကို ရုပ်ရှင်၊ ကာတွန်း၊ ကဗျာ၊ သီချင်း တွေမှာ (ဖူ့ချန ဆစ်ပ်ထီ့) လို့ တင်စားကြတယ်။

အယုဒ္ဓယရောက်တော့ ပထမဆုံး Viharn Phra Mongkol Bopit လို့အမည်ရတဲ့ အကြီးဆုံးကြေးသွန်းဘုရားကို အရင်ဖူးရတယ်။ ဒီကျောင်းတော်ကြီးကို ဗမာတွေ မီးရှို့ဖျကိဆီးခဲ့ပေမယ့် ဘုရားဆင်းတုတော်က မီးမလောင်ပဲ ကျန်ခဲ့တယ်၊ ဒါကြောင့် ဒီဘုရားကို တန်ခိုးကြီး ဘုရားအဖြစ် အထွတ်အမြတ်ထားကြတယ်။ အရိပ်မဲ့ဘုရားလို့လဲ ခေါ်ကြတယ်။ ဆင်းတုတော်က အရိပ်မရှိဘူးလို့ ပြောကြတယ်။ ဂိုက်ကကျနော်တို့ ရွှေအဖွဲ့ကို အေးအေးဆေးဆေး ဘုရားလိုက်ဖူးခိုင်းပြီး မျက်နှာဖြူတိုးတွေကို အားပါးတရ ရှင်းပြနေတယ်။ ကိုယ့်ရွှေတွေကို ရှင်းပြရမှာ အားနာနေပုံရတယ်။ ဘုရားဖူးပြီးတော့ နန်းတော်ဟောင်းထဲ ၀င်လာကြတယ်။ လက်မှတ်ဝယ်ရမယ့် ဂိတ်မှာ ထိုင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာ ရေးထားတဲ့ ဈေးနှုန်းကိုတွေ့ရတယ်။ ထိုင်းလူမျိုး ဘတ်နှစ်ဆယ်။ နိုင်ငံခြားသား 50 Baht တဲ့။ ကျနော်တို့ အဖွဲ့က ၀င်ကြေးပေးပြီးသားမို့ ဂိုက်ကပ်ထားပေးတဲ့ စတစ်ကာကို ပြပြီး ၀င်ရုံပဲ။
ဒုတိယနေရာရောက်တော့ The Ancient Palace and Want Phra si SAnphet ဆိုတဲ့ ဆိုင်းဘုဒ်ကြီးကို ဖတ်လိုက်ရတယ်။
လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က အဆောက်အဦးပျက်တွေကို အခုမှ မျက်ဝါးထင်ထင်မြင်ရတော့တယ်။ ဆင်းတုတော် အကျိုးအပျက်တွေ၊
ပြိုလဲနေတဲ့ အဆောက်အဦးတွေ ဘာကိုမှ ပြန်လည်ပြုပြင်ခြင်းမရှိ၊ လွန်ခဲ့သော နှစ်ပေါင်းလေးရာသို့ ပြန်ရောက်လေသည့်အလား၊ အော်.. ဒါကြောင့် တိုးရစ်တွေ တစ်အံ့တစ်သြဖြစ်လို့။ စိတ်ဝင်စားဖွယ်ဖြစ်အောင် စီထားတဲ့ ဆင်းတုတော် တစ်ပိုင်းတစ်ပျက်တွေကို မျက်နှာဖြူတွေ ဓါတ်ပုံရိုက် မကုန်နိုင်အောင်ပဲ။ နန်းတော်ပျက်အခြမ်းမှာ ဇီးပင်တွေ အများကြိးကိုတွေ့ရတယ်။ ဗမာတွေ အယုဒ္ဓယမြို့ကို ၀ိုင်းတော့ နန်းသူနန်းသားတွေ ဒီနန်းတော်ထဲ ပုန်းနေခဲ့ကြရတယ်၊ စားစရာရိက္ခာကုန်တော့ ဒီဇီးပင်က အသီးကို ကောက်စားခဲ့ကြရတယ်လို့ ဂိုက်ကရှင်းပြတယ်။ ဒီကျုံးပျက်၊ နန်းတော်ပျက်တွေဟာ နှစ်ပေါင်းလေးရာငါးဆယ်ခန့် ရှိပြီတဲ့။ UNESCO ခေါ် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းကြီးက
သတ်မှတ်ထားတဲ့ မှတ်တိုင်တွေ၊ သမိုင်းအချက်အလက်နဲ့ ဆိုင်တဲ့ မှတ်တိုင်တွေ များစွာကိုလည်းတွေ့ရတယ်။




ညောင်မျှစ်ကြားထဲ နစ်မြှပ်နေတဲ့ မျက်နှာတော်သာ မြင်ရတဲ့ ဆင်းတုတော်ကို ဂျပန်လူမျိုး တိုးရစ်တွေ အထူးစိတ်ဝင်စားတာတွေ့ရတယ်။ ဟုတ်သားပဲ၊ ဒီပုံတော်ကို ခရီးသွားအင်ဖေါ်မေးရှင်း အတော်များများမှာတွေ့ရတယ်။ လူတိုင်းလိုလို ဒီဆင်းတုတော်မှာ ဓါတ်ပုံရိုက်ကြတယ်။ ကျနော်ကလည်း ဓါတ်ပုံဝါသနာအိုးဆိုတော့ ရိုက်လိုက်တဲ့ဓါတ်ပုံ ဘယ်နည်းမလဲ။ အင်း.. တစ်နေရာမှာ တင်းတုတော် အသစ်တွေကို အပိုင်းပိုင်းချိုးပြီး ဆွဲဆောင်မှုရှိအောင် စီထားတာတွေ့ရတယ်။
တတိယနေရာကျတော့ ရွှေသာလျောင်းဘုရား။ ဘုရားကိုတော့ သင်္ဃန်းလှူထားပေမယ့် ကြောဘက်က ကျောင်းတော်ကိုတော့ နဂို အပျက်အစီး အတိုင်းထားထားတယ်။ ဘုရားဝန်းကျင်မှာ ရှေးဟောင်းဘုရားပုံတူ ဆိုင်တန်းကိုတွေ့ရတယ်။ တိုးရစ်တွေ တော်တော်ဝယ်ကြတယ်။ ဒါပေမယ့် သူတို့အိမ်မှာ ဘယ်လိုပြန်ပြီး ပူဇော်မလဲဆိုတာ မပြောတတ်ဘူး။
နေ့လယ်စာကို ထိုင်းရိုးရာ အစားအစာဆိုင်မှာ ဧည့်ခံပေးတယ်။ ထိုင်းမြို့တော်ဟောင်းမှာ လာလည်တော့ လိုက်ဖက်အောင် မူရင်း ထိုင်းအစားအစာနံ့ ဧည့်ခံပေးတာလို့ ဂိုက်ကဆိုလေတယ်။ စွမ့်တန်ခေါ် သင်္ဘောသီးထောင်းနဲ့ ကြက်ကင် ပူပူနွေးနွေးက ကောင်းမှကောင်းပဲ။
စားသောက်အနားယူပြီးတော့ Wat Lokaya Asutha ဆိုတဲ့ ကျောင်းတော်ဟောင်းကို ရောက်လာတယ်။ တော်တော့်ကို ကျယ်ဝန်းတဲ့ ဧရိယာပါ။
အယုဒ္ဓယမြို့ဟောင်းပြတိုက်က ဒီအနားမှာပါ။ ရာဇ၀င်မှာ နာမည်ကြီးခဲ့တဲ့ Khun Chang ,Khun Phe ဆိုတဲ့ မိန်းမပွေ စစ်သူကြီးအိမ်ကိုလည်း ထိန်းသိမ်းထားတယ်။ ထိုင်းယောက်ျားအတော်များ ဒီစစ်သူကြီးပုံလော်ကက်သီးကို ဆွဲကြတယ်။ ၀ါသနာကို ပြတာပေါ့။ ဘုရားပျက်ကျောင်းပျက်တွေကို ဆင်စီးပြီး လှည့်လည်ကြည့်ရှုဖို့ ဆင်အငှါးတွေထားပေးတယ်။ ဆင်ထိန်းတွေကို ဘုရင်ခေတ်က ဆင်ထိန်းဝတ်စုံမျိုး ၀တ်ကြပြီး ဆင်တွေကိုလည်း ဘုရင် တိုင်းခန်းလှည့်သလို စီစဉ်ထားတယ်။ အယုဒ္ဓယ ဘုရင်ခေတ်ပြန်ရောက်သလို ခံစားရအောင် စီစဉ်ပေးတာ။ ဆင်စီးပြီး လှည့်လည်ကြည့်တော့ ကိုယ်လည်း ခေတ္တခဏ ဘုရင်ဖြစ်သွားတာပေါ့။
ဒါပေမယ့် ဆိုးတာက နေပူလွန်းတာပါ။ လူကမောလာ၊ ပူကလဲပူတော့ ရွှေမြန်မာတို့ ညဉ်းလာပြီ။
အယုဒ္ဓယကို လာမိတာမှားတာပဲ၊ ဘာမှလဲမရှိဘူး။ အုတ်ပုံ၊ အုတ်ကျိုးတွေချည်းပဲ တဲ့။ ဟိုက်..ရှာလပတ် လို့ အော်မတတ်၊ အဖွဲ့သားကို အံ့သြသွားတယ်။ ရာဇ၀င်ဟောင်း၊ သမိုင်းဟောင်းဆိုတာကို ခံစားတတ်၊တန်ဖိုးထားတတ်ကြရဲ့လား။ အင်း.. ဟုတ်သားပဲလေ၊ ကိုယ်တို့က အုတ်ပုံအုတ်ကျိုးကြားမှာ နေလာတာဆိုတော့ ဘယ်ထူးဆန်းပါ့မလဲ။ နောက်တိုင်းသား တိုးရစ်တွေသာ လာလိုက်ကြတာ ကားကြီးကားငယ် အသွယ်သွယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော်က အဖြစ်အပျက်ကို ခံစားချင်လို့ လာကြတာ။ ကိုယ်တို့က တိုက်ကြီးကြီးတွေ၊ ကုန်တိုက်ဆန်းဆန်းတွေ၊ အလှအပတွေကိုမြင်ချင်လို့ ဒီနိုငံကို လာတာကိုး။ ကိုယ်ကသာ ကိုယ်ဖီးလ်နဲ့ကိုယ် ပျော်နေတာ။
အဖွဲ့သားတွေ နားနေကြချိန်၊ ကိုယ်က မျက်နှာဖြူတွေနဲ့ရောပြီး ထပ်လည်ခဲ့တယ်။ မပီကလာ ပီကလာ အင်္ဂလိပ်စကားနဲ့ စပ်စုကြည့်လိုက်တယ်။
ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲပေါ့။ နိုးဝေး(Norway)ကဆိုလား၊ ဖင်လန်(Finland)ကဆိုလား နိုင်ငံစုံထင်ပ။ အိုင်က ဘားမားကလာတယ်လို့ မိတ်ဆက်လိုက်တော့။ အိုး အိုင်စီး အိုင်စီးတွေ နဲ့ အံ့သြနေကြတယ်။ ဂိုက်က ဘားမားရာဇ၀င်တွေ ခင်းထားတော့ ဘားမားကြီးနဲ့ လာတွေ့တော့ အံသြပုံရတယ်။ အိုင်ထင်တယ် ယူတို့နိုင်ငံက ရွှေတိဂုံဘုရားကရွှေတွေ ဒီအယုဒ္ဓယကရွှေတွေလို့ ပြောတာ မဟုတ်နိုင်ဘူး။ အိုင်စီးကြည့်တယ် အမောက် (amount)က မဖြစ်နိုင်။ အိုင်ထင်တယ် အယုဒ္ဓယက ပျောက်သွားတဲ့ရွှေက အခု အယုဒ္ဓယကိုလာလည်ကြတဲ့ တိုးရစ်ဝင်ငွေထက် နည်းပါတယ်။ အိုး အိုင်စီး ယူ့အိုင်ဒီယာက တစ်မျိုးပါလား။ ယူဆိုလိုတာက ယိုးဒယားတွေ ဘားမားကို ကျေးဇူးတင်ရမလိုပေါ့၊ အင်း.. ဟုတ်သားပဲ။ ဘားမားတွေသာ လာမတိုက်ခဲ့ရင် အယုဒ္ဓယဆိုတာ သာမန်မြို့တစ်မြို့သာသာ။ ခြောက်ကပ်ကပ်နှင့် ဘာမျှရှိမည်မထင်။ အခုမှ မျက်နှာဖြူတွေနှင့် လေကြောင်းတည့်နေတယ်။ သူက မြန်မာပြည်ကို ရောက်ခဲ့ပြီးပြီဆိုပဲ။ ဟောင်းဒူး ယူသင့် (how do you think) လို့ ငပိသံ ၀ဲဝဲလေးနဲ့ ကိုယ့်နိုင်ငံကို ဘယ်လို မြင်မလဲလို့ စပ်စုကြည့်လိုတယ်။ နိုက်စ် နိုက်စ် တဲ့။ မဆိုးဘူး။ ဘတ်သ် ယူ့နိုင်ငံက လမ်းတွေ ဗဲရီးဆိုးတယ်။ အိုင် ဗဲရီး ပင်ပန်းတယ်။ ဒါပေမယ့် အိုင်မားလည်ပါတယ် တဲ့။ အိုင် ဘာကန်(ပုဂံ)ကို ရောက်ခဲ့တယ်။ အမေးဇင်း အမေးဇင်း(amizing) ။ ဘတ်သ် အိုင်တို့ မကြိုက်တာက ဘုရားတွေရဲ့ ထိပ်ဖူးမှာ အသစ်ပြန်ပြင်ထားတာ။ သဘာဝ မကျဘူး။ အိုင်တို့က အော်ရဂျင်နယ်ကို မြင်ချင်တာ။ ဘာကန်(ပုဂံ)က အယုဒ္ဓယထက် သက်တမ်းရင့်တယ်၊ ယဉ်ကျေးမှုတွေ ပိုပြီးမြင့်မားတယ်။ ဒါပေမယ့် အခုထိ ရှေးဟောင်းအမွေအနှစ် စာရင်းထဲ မပါသေးဘူး။ ဗဲရီးဆောရီးဖို့ ကောင်းတယ်။ အကယ်၍သာ မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက် ခဲ့ရင် တန်ဖိုးမဖြတ်နိုင်သော ကမ္ဘာ့အမွေအနှစ်ဖြစ်ခဲ့မှာပါ။
သူတို့စကားတွေ ကြားရတော့ ငိုချင်စိတ်တောင် ပေါက်လာတယ်။ ဘာတတ်နိုင်မလဲလေ။ လူတွေက အမြှော်အမြင်ချင်းမှ မတူကြတာ။ အမြှော်အမြင်ရှိတယ်ထားဦး။ ဆိုင်ရာဆိုင်ရာ လုပ်ပိုင်ခွင့် ရှိဦးမှကိုး။ ခေတ်မှီတိုးတက်နေပြီလို့ အော်နေတဲ့သူတွေကို စိတ်ဆိုးရမလား။ ယဉ်ကျေးမှုကို မစွန့်နိုင်သေးတဲ့ သူတွေကိုပဲ ချီးကျူးရမလား မတွေးတတ်။
နောက်ဆုံးကျန်တဲ့ နွေရာသီနန်းတော် သွားကြမယ်လို့ ဂိုက်လာခေါ်မှပဲ ဖီးလ်ပြတ်သွားတယ်။ ပြောချင်တာတွေ၊ တွေးချင်တာတွေ တစ်ပုံကြီး။ အခုတော့ ဒီနေ့ခရီးကို ပြီးအောင်သွားဦးမှ။ ဒီနေရာကျတော့ ၀င်ကြေးတစ်ယောက်တစ်ရာ။ ၁၇ရာစုတုန်းက တည်ဆောက်ထားတဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဉ်ကျေးမှုပေါင်းစုံ နန်းတော်ပါ။ ကျောက်ဖယားမြစ်ကမ်းနဘေးမှာ သာယာလှပစွာ ပြုပြင်ထိန်းသိမ်းထားတယ်။ ဒီနေရာက ဗမာရာဇ၀င် အရိပ်အယောင် မတွေ့ရဘူး။ ဆွဲဆောင်မှုအပြည့်အ၀နဲ့ ဘုရင့်ဆိုင်ရာ သမိုင်းအကြောင်းအရာတွေကို လေ့လာခွင့်ရခဲ့တယ်။
အပြန်လမ်းမှာ အလိုမကျစိတ်၊ ဘ၀င်မကျစိတ်တွေနဲ့ သက်ပြင်းချရင်း။ အဖွဲ့သားတွေလည်း ပင်ပန်းခဲ့ပုံရတယ်။ အိပ်ပျော်လို့။ ဘန်ကောက်မြို့ထဲ ပြန်ရောက်တော့ ရောင်စုံ မာကြူရီမီးတွေ လင်းထိန်နေပြီ။ မျက်နှာဖြူတွေကို နှုတ်ဆက်တော့ မနက်ဖြန်သူတို့ အန်ကောဝပ်တိုတဲ့ ကမ္ဘေဒီယားနိုင်ငံက ရှေးဟောင်းအမွေအနှစ်ဆီ ခရီးထွက်ကြမှာတဲ့။ မြန်မာနိုင်ငံကို နောက်တစ်ခေါက် ပြန်လာလည်ကြဖို့ ကျုံဒိုးလောကွတ်နဲ့ ဖိတ်ခေါ်လိုက်ပါတယ်။







ဆက်လက်ဖတ်ရှူရန်...

ရှစ်နှစ်အရွယ် သတို့သားနှင့်သတို့သမီး




The Sun သတင်းစာထဲက သတင်းတစ်ပုဒ်ပါ။
..အမေ.. သားမသေချင်သေးဘူး။ သားအလူနယ်လ်ကို လက်ထပ်ချင်သေးတယ်… သားလေးတဖွဖွ တောင်းဆိုနေတော့ အမေဖြစ်သူ ဘယ်နေသာပါ့မလဲ။
ရစ်စ်နဲ့ အလူနယ်လ်က ရှစ်နှစ်ရွယ်တူပါ။ ရစ်စ်က သုံးကြိမ်မြောက်တောင် လက်ထပ်ခွင့်တောင်းနေမှတော့ အရေးကြီးနေပြီလို့ အလူနယ်လ် သိလိုက်ပြီ။ ရစ်စ်ကိုလက်လပ်ဖို့ အလူနယ်လ် လက်ခံလိုက်တယ်။
ရစ်စ်သိပ်ပျော်တာပေါ့။ အလူနယ်လ်ကို တိတ်တခိုးချစ်ခဲ့ရတာ ကြာပြီလေ။ အိမ်နီးချင်းလည်းဖြစ်၊ တစ်တန်းတည်း သူငယ်ချင်းလည်းဖြစ်တဲ့ အလူနယ်လ်ကို ချစ်ခဲ့ရတာပါ။
သတို့သားဝတ်စုံကို ရစ်စ်ဝတ်ချင်လှပါတယ်ဆိုတဲ့ ဈေးအကြီးစားနက်စ်အမျိုးအစားကို သူ့အမေ၀ယ်ပေးပါတယ်။ ဒီအချိန်မှာ သူ့သားလေး စိတ်ချမ်းသာဖို့ အဓိကပါ။ သတို့သမီးအတွက် နှင်းဆီအနီတစ်ပွင့်ကို ရစ်စ်မှာခဲ့တယ်။ မင်္ဂလာခမ်းမကို ရစ်စ်ရဲ့အခန်းထဲမှာပဲ စီစဉ်ခဲ့ကြတယ်။ ဘုရားကျောင်းမှာ ကျင်းပပေးချင်ပေမယ့် ရစ်စ် အရမ်းနွမ်းလျနေပြီမို့ အိမ်မှာပဲ ကျင်းပခဲ့ရတယ်။
လက်ထပ်လက်စွပ်ကိုလည်း ရစ်စ်အမေစီစဉ် ပေးခဲ့တယ်။ တရားဟောဆရာပါ ပြည့်စုံဖို့ သတို့သမီးအမေက ဆောင်ရွက်ပေးခဲ့တယ်။
သတို့သမီး အခန်းထဲဝင်လာတော့ သတို့သားက ရှက်ပြုံးလေးနဲ့။ သူ့သားက လူပွေလေး အခုမှ ရှက်နေလိုက်တာ။ သူမသားလေး ပျော်နေတာ အမေဖြစ်သူ တစိမ့်စိမ့်ကြည့်ရင်းပေါ့။ တကယ့်လက်ထပ်ပွဲကြီးတဲ့တူအောင် လက်ထပ်စာချုပ်(အတု) ကိုပါ သူမ စီစဉ်ခဲ့တယ်။
ဒါပေမယ့် သတို့သားက သတို့သမီးကို အနမ်းတောင် မပေးနိုင်ခဲ့ပါဘူး။ မင်္ဂလာဦးညဟာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။


အားလုံးက အတွေးကိုယ်စီ၊ ခံစားချက် ကိုယ်စီနဲ့။
လောရင့်စ် ဖလဲင်းမင်းက သူမသားကို ကြည့်ရင်း ရင်တွင်းက အကြိတ်အခဲကို အားတင်းမျိုသိပ်နေရတယ်။ ရစ်စ်ပျော်မှာပါ။ သူမသားလေးလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့ပြီပဲ။ ရစ်စ်စီးချင်တဲ့ ဖယ်ရာရီပြိုင်ကားလဲ သားစီးဖူးခဲ့ပြီ။ မီးသတ်သူရဲကောင်း ဖြစ်ချင်လှတဲ့သားလေးကို မီးသတ်သားစီးပြီး မြို့ထဲ လည်ခဲ့ပြီးပြီ။
မနက်အာရုံဦးချိန်မှာပဲ သတို့သားလေးရစ်စ် ဆုံးပါးခဲ့တယ်။ လေးနှစ်နီးပါး ခံစားလာရတဲ့ သွေးကင်ဆာရောဂါနဲ့ ရစ်စ် ဆုံးခဲ့ရတာပါ။
… မရဏမင်းက ကျမသားကို အတင်းဓမ္မခေါ်သွားခဲ့ပါပြီ။ ရစ်စ်ဟာ ကျမတို့ဆီက ရသင့်ရထိုက်တာတွေ အများကြီး ရှိပါသေးတယ်။ သူဖြစ်ချင်တဲ့ သူ့ဆန္ဒအတိုင်း ဖြစ်ရတော့ သူပျော်ခဲ့မှာပါ။ အမေဖြစ်သူ ကျမက ဘယ်ယူကြုံးလို့ ရမှာလဲ…။
(မိမိအတွေးအာဘော်ဖြင့် ပြန်ဆိုထား၍ အမှားဖြစ်ခဲ့ပါက ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်။)











ဆက်လက်ဖတ်ရှူရန်...

Wednesday, February 25, 2009

နန်းခမ့်ဗိုမှ မစ်စ်ရိုစ်သို့




ဒီစာလွှာလေးသည် အကယ်၍ computer virous သို့မဟုတ် spy ware တစ်ခုခုဖြစ်ပါက ခမ့်ဗိုသုံးသော ကွန်ပြူတာစကရင်းပေါ်သို့ တန်းရောက်ပါစေသား….။

ဟုတ်တယ် ခမ့်ဗိုရယ်။

နင့်ကို လွမ်းနေရ၊ သတိရနေရတာ မပြောသင့်မပြောအပ်ဆိုတဲ့ စည်းအနီခြားခဲ့ပြီမို့လေ။ ဒါပေမယ့် ခမ့်ဗိုရယ်။ မပြောရရင် မနေနိုင်လွန်းလို့ အင်တာနက်ကွန်ယက်ပေါ်ကနေ ငါပြောပါရစေတော့လား…။ နင်ရှိတဲ့နေရာ ငါမသိပေမယ့် ငါ့ဝိညာဉ်က ဒီစာလွှာလေးကို နင့်ဆီအရောက် ဆောင်ကျဉ်းနိုင်ပါစေ…။

နင့်ကို လွမ်းတယ် ခမ့်ဗိုရယ်…။


အခုလို နွေဦးလေပြေရဲ့အငွေ့အသက်ရယ်၊ တို့ပအိုဝ်းလူမျိုးရဲ့ အမျိုးသားနေ့ ပွဲတော်ရက်ကြီး နီးကပ်ခြင်းရယ်ကြောင့် နင့်ကို ပိုပြီးလွမ်းမိတယ် ခမ့်ဗိုရယ်။

နင့်ကတော့ စင်္ကာပူဆိုတဲ့ မြို့ပြကြီးကနေ သာမညမြေနဲ့ ပအိုဝ်းအမျိုးသားနေ့ကို သတိရနေပါ့မလား ခမ့်ဗို။

ခမ့်ဗိုရယ်… လရောင်မှေးမှေး လေပြေသွေးတဲ့ သာမညတောင်ပေါ်ကနေ ဟိုအဝေးကနင့်ကို မှန်းဆမိပါရဲ့။ မြစောညီနောင်ဘုရားကနေ နင့်ကို ငါလွမ်းနေပါတယ် ခမ့်ဗိုရယ်။

ဟိုစဉ်က ထိန်ထိန်သာတဲ့ တပေါင်းလရောင်အောက်မှာ နင်ဘယ်လို ဆိုထားခဲ့တာတွေကိုရော မှတ်မိသေးလားခမ့်ဗို။ အရှေ့က မှိုင်းပြပြ ဒေါနတောင်တန်းကို ငေးပြီး သာမညနယ်မြေကနေ ဟိုအဝေးကို ဘယ်တော့မှ မသွားပါဘူးဆို…။

ခက်ထန်တဲ့ ဘ၀မုန်တိုင်းဒါဏ်ကြောင့် အခုတော့ နင်တစ်ယောက် ဟိုအဝေးမှာ လွင့်မျှောခဲ့ရပြီပေါ့ ခမ့်ဗို။ ဘ၀အတွက် ရင်ဆိုင်စွန့်စားခဲ့တာ မဆန်းပေမယ့် အရာများစွာကိုပါ နင်ပြောင်းလဲပစ်လိုက်တာ ငါကိုပြီး ရင်နာလွန်းလို့ပါ ခမ့်ဗိုရယ်။

ဘ၀ကိုယ်စီ၊ ဆုံးဖြတ်ချက်ကိုယ်စီနဲ့ပါလို့ နားလည်နိုင်ပေမယ့် နင်သုံးလိုက်တဲ့ နိယာမက အတိုင်းထက်အလွန် ဖြစ်လေမလားခမ့်ဗို။

ယဉ်ကျေးသိမ်မွေ့တဲ့ ပအိုဝ့်မလေးခမ့်ဗိုရယ် တိုင်းတစ်ပါးမှာ ရိုစ်(Rose) နာမည်အသစ် ပြောင်းရုံတင်မက ဘာသာခြားကိုပါပြောင်းရက်နိုင်ခဲ့တာ ငါမယုံနိုင်လွန်းလို့ပါ.. မယုံနိုင်အောင် ဖြစ်နေလို့ပါ ခမ့်ဗို။

ဘ၀အတွက် နင်ပေးဆပ်လိုက်တဲ့ အရင်းအနှီးက များလွန်းသလား ခမ့်ဗို။ အမှားမဟုတ်ဘူးဆိုပေမယ့် နင့်ပုံသေနည်းက လွှဲနေသလား ခမ့်ဗို။

အခြေအနေအရ အခွင့်အလမ်းဆိုတဲ့ စီးပွါးရေးအမြင်နဲ့ ဆုံးဖြတ်ရက်လောက်အောင် နင့်လိုအင်ဆန္ဒတွေ ပြည့်နေပြီလား ခမ့်ဗို။

နင်ပြောဖူးတဲ့ ချိုသာတဲ့ စကားတွေကို ငါလွမ်းတယ်။ သိမ်မွေ့တဲ့ နင့်အမူအယာကို ငါလွမ်းလို့နေပါသေးတယ် ခမ့်ဗို။

တိုင်းတစ်ပါးကို ဘယ်တော့မှ မသွားဘူးဆိုတဲ့ ချမ်းသာတဲ့မိသားစုကြားကနင့်ကို ငါအထင်ကြီး လေးစားခဲ့ပါတယ်။ လိမ်လိမ်မာမာနေဖို့ ဆုံးမတတ်တဲ့ နင့်ကို ချစ်တယ်လို့ မပြောရဲလောက်အောင် တန်ဖိုးထားခဲ့ပါတယ်။

အကြိမ်ပေါင်းများစွာ သာမညတောင်တော်ထိပ်က မြစောညီနောင်ဘုရားကို အတူဖူးခဲ့တာ မှတ်မိဦးမလား ခမ့်ဗို။ ဘဘုရား သက်တော်ထင်ရှားရှိစဉ်က သာသနာ့ရောင် ထိန်ဝေဖြာခဲ့တဲ့ ကာလတစ်ခုကိုရော နင်လွမ်းတတ်ပါ့တော့မလားကွယ်။

ပအိုဝ့်အမျိုးသားနေ့တွေမှာ ယဉ်ကျေးမှုအကနဲ့ လှပကြော့ရှင်းနေတဲ့ နင့်အလှကို မြင်ယောင်မိပါသေးတယ် ခမ့်ဗို။ မနေနိုင်လို့ ဖွင့်ပြောထုတ်ဖို့ ကြံတိုင်း မဟုတ်တစ်ယုတ် စဉ်းစားရင် မောင်းထုတ်မယ်ဆိုလို့ ငြိမ်ကုတ်သွားင့ါကို နင်ပဲ ဟားတိုက်ခဲ့တယ်လေ။ ဂုဏ်အဆင့်မတူလို့ အယူခံမ၀င်မိတာ ငါမှားခဲ့ပါတယ်။

ဘ၀အခြေအနေအရ တိုင်းတစ်ပါးဆီ အရင်ဝေးနှင့်တဲ့ငါ့ကို အားတင်းဖို့ ကြိုးစားဖို့ အားပေးခဲ့ဖူးတာလဲ နင်ပါပဲလေ။ ငရဲကလာသူ ပြာပူမကြောက်တတ်တဲ့ ငါတို့လို သာမညလူတန်းစားအတွက် နေသားကျချိန်မှာ မုန်းတိုင်းအတိုက်မှာ အငိုက်မိလို့ ပြိုလှဲသွားတဲ့ နင်တို့မိသားစုတွေ ရတက်ပွေရပေါ့။

ဒုက္ခကို အလွတ်ရုန်းဖို့ ဒသာနတွေ၊ နည်းနိသာယတွေ လူတိုင်းကိုယ်စီ သုံးကြမှာပဲ။ နင့်ကျမှ ဘယ်နိယာမကို သုံးခဲ့ပါလိမ့်။

ရေအေးအေးနဲ့ အနေမဝေးတတ်တဲ့ ရွှေကြာလေးရယ် သောကဘေးကို မယှဉ်တွေးလိုလို့ ဟိုအဝေးကို ထွက်သွားဖို့ နင်ဆုံးဖြတ်ခဲ့ပြီပေါ့…။

ဘ၀လမ်းမှာ စမ်းတစ်ဝါးဝါး မလျှောက်လိုလို့ မယုံကြည်နိုင်လောက်အောင် နင့်သတ္တိတွေ ရဲရဲတောက်ခဲ့ပြီလေ။ ဘ၀သာယာဖို့အရေး နင်မျှော်တွေးပြီး သာမညမြေနဲ့ နင်ဝေးခဲ့ပြီပေါ့ ခမ့်ဗို။ ဘ၀တွေလည်းဝေး၊ ယုံကြည်မှုတွေပါဝေးတော့ ငါရင်နာရပါတယ် ခမ့်ဗို။

သံယောဇဉ်မပျယ်သေးတဲ့ ငါ့နှလုံးသားက နင့်သတင်းကို အမြဲတမ်း နားထောင်နေပါတယ်။ ဘ၀နဲ့ ယုံကြည်မှုကို စတေးပြီး စွန်စားခဲ့တဲ့နင်တစ်ယောက် အဆင်ပြေနေပြီလားလို့….။

ခမ့်ဗို(ခ) မစ်စ်ရိုစ်…

ငါလေ.. hacker တစ်ယောက်သာ ဖြစ်လိုက်ချင်ပါရဲ့။ ဒီစာလွှာကို Virous အဖြစ် နင့်ကွန်ပြူတာထဲဝင်ပြီး နင့် မော်နီတာပေါ်မှာ တစ်ချိန်လုံး ပေါ်လိုက်စေချင်ပါဘိ။

လရောင်လေးများ နှစ်သက်တတ်သေးရင် မိုးကောင်းကင်ပေါ် တစ်ခါတစ်လေ ငေးကြည့်ပါဦးလား။ တပေါင်းလရဲ့ လရောင်ကို မြင်ပြီး သာမညက ပအိုဝ်းအမျိုးသားနေ့ကို ပြန်သတိရပါစေလို့…။

အမြဲတမ်းသတိရနေတဲ့
ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

Tuesday, February 24, 2009

အမေ့အိမ်မုန်းသူ




…. အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့… ကျနော်.. ဟိုး.. အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ….

အားလုံးပဲ ကိုထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းထဲက စာသားကို နားရည်ဝပြီးသား ရှိကြမယ်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီသီချင်းကို နားထောင်ခဲ့တာ အကြိမ်ပေါင်း မနည်းခဲ့ပါဘူး။ အထူးသဖြင့် အိမ်နဲ့ဝေးနေရတဲ့ အချိန်တွေမှာဆို ဒီသီချင်းကို ပိုပြီးနားထောင်ဖြစ်ခဲ့တယ်။ ဘ၀တိုက်ပွဲ ဆင်နွဲနေရတဲ့ အားလုံးသောကျနော်တို့ အမေ့အိမ်ကို မလွမ်းဘယ်သူရှိပါ့မလဲနော်…။

ဒါပေမယ့် မထင်မှတ်ထားပဲ အမေ့အိမ်ကို မုန်းနေသူတစ်ယောက်ကို အံ့သြစွာ တွေ့ပဲတွေ့တတ်ခဲ့ပါတယ်။

ကျနော့်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်တုန်းက အဖြစ်အပျက်လေးရယ်ပါ။

ရွာသားတွေ အလုပ်လုပ်နေကြတဲ့ အလုပ်ရုံတစ်ရုံမှာ ပျော်ပျော်ပါးပါး ပြုစုဧည့်ခံချိန်မှာ ရွာကကောင်းလေးတစ်ယောက်က အပြေးအလွှားနဲ့
“ ဦးထင်ပေါ်.. သတိထားနော်။ ဟိုမှာ လာနေပြီ။ “
သူ့ပုံစံက အလန့်တစ်ကြားနဲ့မို့ ပုလိပ်ဝင်လာပြီလို့ ထင်နေကြတာပေါ့။ ပုလိပ်ဝင်လာတာလားလို့ ဝေးထင်ပေါ်က စိုးရိမ်စိတ်နဲ့ ပြန်မေးလိုက်တယ်။ ဒီအထဲမှာ လက်မှတ်မရှိတဲ့လူတွေ အများကြီး ရှိနေလို့လေ။
“ မဟုတ်ဘူး ဦးထင်ပေါ်။ ဟို လမ်းသရဲကြီး လာနေတာ။”


ထိုင်းလမ်းသရဲတွေ အတင့်ရဲလှချည်လား။ အလုပ်ရုံထဲအထိတောင် လာပြီးသောင်းကြမ်း နေပါလားလို့ ကျနော်က တွေးနေတာ။ ကျနော့်သူငယ်ချင်းကြီး ဝေးထင်ပေါ်က အေးဆေးစွာပဲ …
“ အော် .. အေး .. လာပါစေ။ ငါဒီမှာ ရှိနေတယ်လို့ ပြောလိုက်။ ခမ်းကီးလဲ ဒီမှာ ရှိနေတယ်လို့။ “
“ ဟာ ဝေးပေါ်က လမ်းသရဲနဲ့ သိနေတာလား “ အံ့သြစွာနဲ့ ဝေးထင်ပေါ်ကို ကျနော် မေးလိုက်တယ်။
“ နင့်သူငယ်ချင်းပဲလေ။ သူလည်း နင့်ကို တွေ့ချင်နေတာ။ “
ကျနော့်သူငယ်ချင်း၊ ပြီးတော့ လမ်းသရဲဆိုလို့ ကျနော်ပိုပြီး အံ့သြသွားတယ်။ ပြောနေရင်းက နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးထူထူ၊ ဆံပင်စုတ်ဖွားဖွားနဲ့ လမ်းသရဲဆိုတဲ့လူ ရောက်လာပါလေရော။
သူကအခန်းထဲကလူတွေကို တစ်ချက်ဝေ့ကြည့်ပြီး ကျနော်နဲ့ ဝေးထင်ပေါ်ကြားမှာ ၀င်ထိုင်ပါလေရော။
“ လခမ်း… နင်ငါ့ကို မမှတ်မိတော့ဘူးလား။ ငါက နင့်ကို သတိရလိုက်ရတာ။ နင်တော်တော့ကို ရုပ်ပြောင်းသွားပါလား။ “
“ ဟာ… လအောင်။ နင် နင်လအောင်ပါနော်။”
ဟုတ်ပါတယ်။ သူက ကျနော့်ငယ်သူချင်း လအောင်ပါပဲ။ သူရုပ်ရည်တွေ ပြောင်းသွားတာ ကျနော်မမှတ်မိနိုင်အောင်ပါပဲ။ လမ်းသရဲလို့ သမုတ်ခံရလောက်အောင် သူ့ပုံက ကြမ်းမယ့်ရမ်းမယ့်ပုံ။ ၀မ်းသာအားရစွာ ကျနော်တို့ ဖက်ကြ၊နှုတ်ဆက်မိကြတယ်။
“ နင် ဒီကိုရောက်တဲ့ သတင်းကြား ကြားချင်း နင့်ကို တွေ့ချင်နေတာ။ ဒါပေမယ့် တစ်ခြားလူတွေလိုပဲ နင်ငါ့ကို အဖက်မလုပ်မှာ ငါစိုးရိမ်နေတာ။ “
“ ဟာ မဟုတ်တာ။ နင်နဲ့ငါက ငယ်သူချင်းအရင်းတွေပါကွာ။ နင့်ကိုလည်း ငါအမြဲတမ်းသတိရပါတယ်။ ရွာပြန်ရောက်တဲ့ လူတိုင်းနီးပါး နင့်အကြောင်း ငါအမြဲ စုံစမ်းဖြစ်တယ်။ နင့်ရုပ်ကြီး ဒီလောက်တောင် ပြောင်းလဲမယ်လို့ မထင်မိဘူးဟ။ “
“ ၀မ်းသာပါတယ်ကွာ။ ငါ့ကို အရေးလုပ်တဲ့လူ ရှိသေးလို့။ ငါ့ကို အားလုံးက စွန့်ပစ်၊မေ့ပျောက် ကုန်ကြပြီလို့ ထင်ထားတာ။”
“ မဟုတ်တာကွာ။”
“ နင်သိနင်ကြားနေရတဲ့အတိုင်းပဲလေ။ ငါကလမ်းမယူ။ လူပေလူတေ။ လမ်းသရဲ။ ရွာသားတွေ အဖက်မလုပ်ကြသလို၊ ငါ့ဆွေမျိုးတွေကလည်း ငါ့ကို ဘေးချိတ်ထားလိုက်ကြတယ်။ ငါ့ညီမရော ငါ့အမေကပါ ငါ့ကို မေ့ထားလိုက်ကြတာပဲ။”
“ ဟာ.. နင့်အမေက နင့်ကို မေ့ပါဘူးဟ။ နင့်အကြောင်းကို အမြဲတမ်း စုံစမ်းပါတယ်။”
“ ကဲ နောက်မှ နင့်ကိုငါပြောပြမယ်။ အခုလောလောဆယ် ပျော်ပျော်ပါးပါး သောက်စားကြရအောင်။”
လမ်းသရဲရောက်လာတယ်ဆိုလို့ ရွာကကောင်လေးတွေ တစ်ယောက်ပြီးတစ်ယောက် မသိမသာနဲ့ ထွက်သွားလိုက်ကြတာ နောက်ဆုံး ကျနော်ရယ်၊ ဝေးထင်ပေါ်ရယ်၊ လမ်းသရဲလအောင်ရယ်ပဲ ကျန်တော့တယ်။

အဲဒီညမှာ ကျနော်တို့ ငယ်အကြောင်းတွေရော၊ ရှေးဟောင်းနှောင်းဖြစ်တွေပါ ပြောကြလွမ်းလိုက်ကြတာ သန်းခေါင်ကျော်သွားတယ်။ လအောင်က သူပဲပြုစုချင်ပါတယ်ဆိုပြီး ၀ယ်လိုက်တဲ့ ဘီယာတွေ၊ စားစရာတွေ။ ဝေးထင်ပေါ်က အပြန်လမ်းစရိတ်တောင် ရှိသေးလားဆိုပြီး သတိပေးယူရတယ်။ ဒီကောင်က တစ်ချိန်လုံး ဘိုင်ပြတ်နေတဲ့ကောင်ဆိုပြီး ဝေးထင်ပေါ် တိုးတိုးတိတိတ်လေးပြောပြတယ်။

ဟုတ်လောက်ပါတယ်။ နီရဲတဲ့ သူ့မျက်လုံးတွေက အသောက်အစားများကြောင်းပြနေသလိုပါ။ ပြီးတော့ ကြားနေရတဲ့ သူ့သတင်းအရ ယိုးဒယားလမ်းသရဲတွေနဲ့ ပေါင်းသင်းနေမှတော့ ငွေစုနိုင်မယ် မထင်ပါဘူး။ ရွာသားတွေဆီ၊ သူငယ်ချင်းတွေဆီ ယူပြီး ပြန်မပေးနိုင်တော့ လူတွေ သူ့ကို ခွါကြတယ်ဆိုတာလည်း ဖြစ်လောက်တယ်။

အလုပ်အဆင်ပြေသလားမေးကြည့်တော့လည်း၊ ပြေပါတယ်တဲ့။ သူ့တစ်ရက် လုပ်အားခက သုံးရာကျော်၊ အချိန်ပိုတွေပါဆို တော်တော်လေးရပါတယ်ဆိုပဲ။ အလုပ်ထဲမှာဆို ဆရာအားထားရတဲ့ လူရင်းလို့ သူပြောပြရှာတယ်။ နှစ်ပေါင်းကြာနေမှတော့ လုပ်ငန်းအတွေ့အကြုံ ရင့်လောက်ပြီပေါ့။ ဒါပေမယ့် အလုပ်နားရက်ရောက်ရင် သုံးလိုက်တဲ့ငွေတွေ စားဖို့တောင် အနိုင်နိုင်ချန်ထားရတယ်တဲ့။

ဘာလို့ အဲဒီလောက်ထိ သုံးရသလဲလို့ သူ့ကို မေးမိပါတယ်။ ယိုးဒယားတွေနဲ့ပေါင်းတော့ သူတို့သုံးသလို လိုက်သုံးလိုက်ဖြုန်းတာပေါ့တဲ့။ မကောင်းမှုမှန်သမျှ တစ်ခုမှ မကျန်လောက်တော့ဘူးတဲ့။ ကိုယ့်သူငယ်ချင်းအတွက် တစ်ကယ်ပင် စိတ်မကောင်းဖြစ်မိတယ်။ ဆယ်စုနှစ် နှစ်ခုလောက်တောင် သူများတိုင်းပြည် ရောက်နေပေမယ့် အိမ်ကိုပို့ပြန်တယ်ဆိုတာလည်း မကြားမိဘူး။

ဘယ်တော့မှရွာပြန်မလဲလို့ သူ့ကိုမေးမိပါတယ်။

“ ငါ့မှာ ပြန်စရာ ရွာမရှိဘူး။ ငါ့မှာ နေစရာအိမ်မရှိဘူး” တဲ့။

“ မဟုတ်သေးပါဘူး လအောင်ရာ။ နင့်မှာ အမေရှိပါသေးတယ်။ နင့်ညီမ ရှိပါတယ်။ နင့်ကို ကြိုဆိုမယ့် နင့်အမေအိမ် ရှိပါသေးတယ်ဟာ”

“ အဲဒီ အမေအိမ်ကို ငါ လုံးဝမပြန်ဘူး။ အဲဒီ အမေ့အိမ်ကို ငါမုန်းတာလည်း နင်သိတာပဲဟာ”

လအောင်ရယ်လို့ပဲ ကျနော်တမ်းတနိုင်တော့တယ်။ သူ့ရင်ထဲက နာကျဉ်းမှုတွေ အခုထိ ရှိနေဆဲမှန်း အံ့သြစွာ သိလိုက်ရတယ်။

“ ဘာပဲဖြစ်ဖြစ်ပေါ့ လအောင်ရာ။ ကိုယ့်အမေဟာ အမေပါပဲ။ သားသမီးအပေါ် မေတ္တာကြီးလွန်းလို့ နင်အထင်လွဲလောက်တဲ့ အမှားကို လုပ်မိခဲ့တာပဲ။ နင်နာကျဉ်းလောက်တဲ့ လူတွေကလည်း လူ့လောကထဲ မရှိကြတော့ပါဘူး။ နင့်အမေအိမ်ကိုတော့ နင်ပြန်သင့်ပါတယ်။ နင့်အမေက နင့်ကို ခွင့်လွှတ်မှာပါ။ နင့်အမေကို နင်သနားဖို့ ကောင်းတယ်နော်။”

ကျနော်က သူ့အကြောင်းကို ကောင်းကောင်းသိထားတာမို့ စကားရှည်ကြီးနဲ့ သူ့ကို ဖြောင်းဖြမိပါတယ်။

တစ်ကယ်ဆို လအောင်ဟာ လူကောင်းပါ။ ခါးသီးတဲ့ ဘ၀တစ်ဆစ်ချိုးကြောင့် မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တာပါ။ ဘ၀ကို အရွဲ့တိုက်ပြီး မလုပ်သင့်တာ လုပ်ရင်းက လမ်းသရဲလအောင် ဖြစ်နေရတာပါ။ သူ့ဘ၀နာကျဉ်းချက်က အခုထိတိုင် ဘေးလူကျနော်ရင်ထဲအထိတောင် ခံစားနိုင်စွမ်းခဲ့တယ်လေ။

ခေတ်ဆိုးစနစ်ဆိုးတိုင်းမှာ ထိုခေတ်ထိုလူတစ်ချို့ကို ဆိုးမွေတွေ ပေးခဲ့တာချည်းပဲ။ ထိုထိုသောလူတွေထဲမှာ လအောင်တို့မိသားစုလည်း အလူးအလွန့် ခံစားခဲ့ကြရတာ ကျနော့်မျက်မြင်ကိုယ်တွေ့မို့လေ။

ကျနော်တို့ငယ်ငယ်တုန်း မူလတန်းဖြေပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာ လအောင်တို့အိမ် ရှင်ပြုအလှူပွဲကြီး ကျင်းပခဲ့တယ်။ လအောင်ရှင်ပြုရပြီး ကျနော်မပြုရတော့ အမေ့ကို ရှင်ပြုပေးဖို့ အတင်းပူဆာခဲ့တာ မှတ်မိနေသေးတယ်။ လောလောနဲ့ အစဉ်အစဉ်မရှိတာမို့ ကျနော့်ကို လအောင်တို့နဲ့ရောပြီး အမေတို့ ရှင်ပြုပေးခဲ့တယ်။ အဲဒီအချိန်ကတည်းကထင်တယ် လအောင်နဲ့ ကျနော် စပြီးရင်းနှီးခဲ့ကြတယ်။ လအောင်အမေဘက်က အဖိုးအဖွားတွေက လယ်ရှင်ကြေးရှင် ရွာမျက်နှာဖုံးတွေပေါ့။

ကျနော်က ခုနှစ်ရက်လောက်ပဲ ကိုရင်ဝတ်နိုင်ခဲ့ပြီး အိမ်ကိုလွမ်းလို့ လူထွက်လိုက်တယ်။ လအောင်ကိုကျတော့ သူ့အဖိုးအဖွားတွေက ကိုရင်ဆက်ဝတ်စေခဲ့တယ်။ ဘုရားဒကာကျောင်းဒကာတွေမို့ သူတို့ရဲ့ မြေးဦးလေးကို ရဟန်းပဲ ဖြစ်စေချင်ကြတယ်။ အများအားဖြင့် ကျနော်တို့ ပအိုဝ်းလူမျိုးတွေက သားယောက်ျားတွေကို သာသနဘောင်ရဟန်းဘ၀မှာပဲ နေစေချင်ကြလေ့ရှိတယ်။ ဒါက သာသနာအပေါ် သဒ္ဓါထက်သန်ကြည်ညိုမှုပေါ့။

ကျောင်းပြန်ဖွင့်တော့ ကျနော်က အခြေခံပညာရေး ဆက်သင်ခဲ့ပေမယ့် လအောင်ကိုတော့ သူ့အဖိုးအဖွားတွေ မြို့ပေါ်က စာသင်တိုက်တစ်ခုမှာ ကိုရင်ဆက်ဝတ်ခဲ့တယ်။ ဒါပေမယ့် မြို့နဲ့ရွာ တစ်ချိန်လုံး သွားသွားလာလာရှိနေတော့ ရင်းနှီးမှု လျှော့မသွားပါဘူး။

မှတ်မှတ်ရရ။ ရှင်ပြုပြီး နောက်တစ်နှစ်မှာ ကျနော်တို့ရွာကြီး တိုက်ပွဲကြီး ဖြစ်ဖူးတယ်။ စစ်ဆင်ရေးတစ်ခုနဲ့ သူပုန်တို့ တိုက်ကြတဲ့ တိုက်ပွဲကြီးပါ။ ကျည်ဆံတွေကြား၊ လက်နက်ကြီးတွေကြား အသက်လုပြေးခဲ့ဖူးတာ အခုထိ မမေ့နိုင်ခဲ့ဘူး။ အဲဒီမှာတင် လအောင်တို့အဖိုး ရွာဘေးက သူတို့ကျွဲခြံကြီးက ကျွဲတွေလွှတ်ဖို့ အသွားမှာ ကျည်ဆံမှန်ပြီး ဆုံးသွားတယ်။

အိမ်ခြေရွာလုံးကျွတ်နီးပါး မီးလောင်သွားတာ ရွာထဲပြန်ရောက်မှ တွေ့ရတယ်။ သေသူကသေ၊ ငိုသူကငို၊ လူပျောက်ရှာသူကရှာနဲ့ တစ်ကယ့် ကမ္ဘာကြီးပျက်လေသလား ထင်ရအောင် အဖြစ်ဆိုးရွားခဲ့ကြတယ်။ လအောင်မိဘတွေက သူ့တို့အဖိုးရဲ့ အသုဘကိစ္စကို အရင်ဆုံးစီစဉ်ကြတော့ မီးလောက်ပြာကျတဲ့ သူတို့အိမ်ကို အရင်ဆုံး မရှင်းမိခဲ့ကြဘူး။ ဒီမှာတင် မီးထဲပါသွားတဲ့ သူတို့အိမ်တွင်းရွှေငွေတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ရွှေတွေက မီးလောင်လို့ အရည်ပျော်ကုန်တာလား။ မီးလောက်ပြီး တစ်ယောက်ယောက်က ယူသွားလေသလားဆိုတာ မသိနိုင်ခဲ့ဘူး။ သူ့အဖွားဆို ရူးတော့မလိုလို ဖြစ်သွားတယ်။ ပစ္စည်းဥစ္စာအတော်များများဆုံးရှုံးခဲ့ပေမယ့် လယ်ယာမြေတွေ အများကြီးကျန်နေသေးတော့ အပူအပင်ကြီး သိပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ခေတ်တွေစနစ်တွေ ပြောင်းလို့ ဘ၀တွေလည်း ပြောင်းလဲရတဲ့ လူတွေများစွာထဲမှာ သူတို့မိသားစုလည်း မရုံးသားခဲ့ပါဘူး။ လယ်ရှင်မြေရှင်ခေတ်ကုန်တဲ့ကာလမှာ မိသားစုရေး၊ စီးပွါးရေးအတွက် ခေတ်ကာလအတိုင်း သူတို့မိသားစုတွေလည်း ပြောင်းလဲခဲ့ရတာပေါ့။

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀က အပြောင်းလဲဆုံးအချိန်ပဲထင်ပ။ ဟိုအရင်ကဆို နယ်စပ်ဘက်ထွက်ပြီး အလုပ်သွားလုပ်တဲ့ လူတွေကို ကိုယ့်ရပ်ရွာက အခြေအမြစ်မရှိတဲ့လူ၊ လူမွဲတွေ ဆိုပြီး အထင်သေးတတ်ကြတယ်။ အများအားဖြင့်လည်း ကိုယ်ပိုင်လုပ်ငန်း မရှိတဲ့လူတွေသာ အသွားများကြတာကိုး။

အရှေ့ဘက် ဒေါနတောင်ကြောက တောင်ပေါင်းသုံးတယ့်သုံးလုံးကိုကျော်ပြီး မျက်နှာငယ်နဲ့ သွားပြီး အလုပ်လုပ်ရမှာ ငွေရှင်ကြေးရှင်တို့ ဘယ်စဉ်းစားပါ့လဲ။ ဒါပေမယ့် ခေတ်တွေပြောင်းတော့ လူတွေဘယ်အထောင်း သာနိုင်မလဲ။

အဲဒီအချိန်တုန်းက လအောင်တို့အဖေ နယ်စပ်ဘက်သွားပြီး နွားမှောင်ခိုလုပ်တာ ကောင်းကောင်းမှတ်မိတာပေါ့။ ဘာကြောင့်လဲဆို နယ်စပ်ကပြန်လာတဲ့လူတွေဆီ ယိုးဒယားသကြားလုံး၊ ယိုးဒယားမုန့်တွေ စားကြရတာမို့လေ။ လအောင်တို့အဖေ ပြန်ရောက်တိုင်း ကျနော့်အတွက်လည်း အမြဲတမ်း ပါတတ်တာလေ။

မိုးရာသီဆို မိုးရာသီလုပ်ငန်း၊ နွေဆိုနွေလုပ်ငန်း အမြဲတာဝန်ကျေပြီးမှ လအောင်တို့အဖေ နယ်စပ်သွားထဲ့တာပါ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ သူတို့မိသားစုထဲ မထင်မှတ်တဲ့ မုန်တိုင်းဆိုးကြီး ကျရောက်ခဲ့ပါတယ်။

သင်္ကြန်ကာလတစ်ခုအပြီးမှာ လယ်ယာမ၀င်ခင် နောက်ဆုံးအခေါက်ဆိုပြီး လအောင်တို့အဖေ နွားဆွဲထွက်ခဲ့ကြတယ်။ နောက်ဆုံးအခေါက်နဲ့အတူ လအောင်ဆို့အဖေရဲ့ နောက်ဆုံးခရီးလည်း ဖြစ်ခဲ့တယ်။ ငှက်ဖျားမိပြီး လအောင်တို့အဖေ ဒေါနတောင်ကြောထဲမှာပဲ သေဆုံးခဲ့တယ်။

ဒီမှာတင် ဖခင်တစ်ဦးရဲ့တာဝန်ဆိုတာ လအောင်အပေါ်ရောက်တော့တယ်။ မိုးဦးကျ လယ်ဆင်းချိန်လည်းရောက်ပြီမို့ လူဝတ်လဲပြီး လအောင်ရွာပြန်လာရပြီပေါ့။ မုဆိုးမမိခင်နဲ့ ကိုရင်လူထွက် လအောင်တို့အတွက် ပင်ပန်းခက်ခဲစွာ လယ်လုပ်ငန်းကို လုပ်ခဲ့ရတယ်။ လူနုလအောင် မတတ်နိုင်တဲ့ အလုပ်ကို လူငှါးပြီး လုပ်ယူခဲ့ရတယ်။ နွားမနိုင်ကျွဲမနိုင်တဲ့ လအောင်ကို သူ့အမေတော်တော် သနားပုံရခဲ့တယ်။ နီးစပ်ရာဆွေမျိုးအကူအညီနဲ့ပဲ ပထမတစ်နှစ် လယ်သိမ်းခဲ့တယ်။ ထင်းချိန်၊ အင်းချိန်ရောက်တော့လည်း ယောက်ျားမာနထားပြီး တော်တော်လေး ကြိုးစားယူရတယ်။

ဘုန်းကြီးကျောင်းထွက်လအောင် အိမ်လုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းဆောက်ရွက်ရမှာ သိခဲ့ပုံမပေါ်ဘူး။ အဲဒီအချိန်ကာလမှာ အထူးရေပန်းစားတဲ့ လုပ်အားပေးလုပ်ငန်းက တော်တော်လေး ဒုက္ခပေးခဲ့ပါတယ်။ အိမ်တွင်းအိမ်ပြင်လုပ်ငန်းမက လုပ်အားပေးလည်းသူ့တာဝန်၊ ကင်းစောင့်ကင်းထောက်လည်း သူ့တာဝန်ချည်း ဖြစ်ရတာပေါ့။

ဒါတင်မက ရပ်တိုင်းနယ်တိုင်းမှာ သောင်းကျန်းနေတဲ့ ငှက်ဖျားရောဂါဆိုးက လအောင်တို့မိသားစုကို ချန်မထားခဲ့ပါဘူး။ နောက်ပိုင်းမှာ လအောင်အမေရဲ့ ငွေရေးကြေးရေး အဆင်မပြေတဲ့ညည်းသံကို ကြားသိခဲ့ရတယ်။ အဲဒီနှစ်မှာပဲ လအောင်ညီမလည်း ငှက်ဖျားနဲ့ပဲ ဆုံးသွားပြန်ရော။

ပြီးတော့ မေ့မရတဲ့အကြောင်းက ရှိသေးတယ်။ လအောင်ကရည်းစားစာ ရေးခိုင်းခဲ့ဖူးတာကိုပေါ့။ သူက သူကြီူးသမီး ထွေးငယ်ကို စိတ်ဝင်စားသတဲ့လေ။ အမေတူလူရည်သန့် လအောင်ကို သူကြီးသမီးကလည်း စိတ်ပါသလို ရှိပါတယ်။ နောက်ပိုင်းမှာ ထွေးငယ်က သူ့အမေကြိမ်းမောင်းလို့ လအောင်နဲ့ကျနော့်ကို စကားတောင် မပြောတော့ဘူး။

မိုးရာသီ လယ်ဆင်းချိန်တစ်နှစ်မှာ လအောင်အမေက သူ့သားကို သနားလို့ လယ်မလုပ်တော့ပဲ သူများကို အငှါးလုပ်ခိုင်းဖို့ တောင်ပြောသေးတယ်။ ရေကြီးတဲ့နှစ်မို့ ကျွဲနွားတစ်ဖက်၊ လယ်တစ်ဖက်နဲ့ လအောင် တော်တော်ကို ပင်ပန်းခဲ့တယ်။ ကျွဲတွေကို ရွာအနောက်ဘက် ကုန်းမြင့်ပေါ် သွင်းရာတာလည်းသူ၊ လယ်ထဲက ရေသွင်းရေဖေါက်ရတာကလည်း သူပါပဲ။

အဲဒီမှာတင် မထင်မှတ်ပဲ သူကြီးကတော်က သူ့လူယုံ ဆယ်အိမ်ခေါင်းမီးကတုတ်ကို လအောင်တို့အမေနဲ့ လာစပ်ပေးကြောင်း ရွာတွင်းမှာ သတင်းပျံ့နေတယ်။ မီးကတုတ်လို့ခေါ်ရတာက သူကြီးကိုဖားပြီး ဟိုလူ့ကိုတို့၊ ဒီလူ့ကိုထောင် တတ်လို့ ရွာသားတွေ သမုတ်ထားတဲ့ နာမည်ပါ။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပဲ သူကြီးနားမှာနေပြီး စာရေးလိုလို၊ အတွင်းရေးမှုးလိုလိုနဲ့ ရွာသားတွေ မျက်စိစူးနေတဲ့လူကြီး။ လက်ကြောမတင်းလို့ တစ်ခုလပ်ဖြစ်လိုက်၊ မုဆိုးဖိုဖြစ်လိုက်နဲ့။ အခုတော့ လအောင်တို့အမေကို စိတ်ဝင်စားနေပြန်ပြီ။

သူကြီးကတော်တို့များ ဘယ်လောက်ထိ အဆွယ်ကောင်းသလဲဆိုရင် ကြားရသူတိုင်း အော့နှလုံးနာရလောက်အောင်ပါပဲ။ မီးကတုတ်နဲ့သာ ယူရင် ဟိုအကောက်အခွဲ၊ ဘာကြေးညာကြေးလည်း ထည့်ဖို့မလိုတော့ဘူး။ ဘာကင်းညာကင်း၊ ဟိုအလှည့်ဒီအလှည့်လည်း သွားဖို့ မလိုဘူး။ ဘာလုပ်အားပေးညာလုပ်အားပေးလည်း သွားဖို့ မလိုတော့ဘူးတဲ့။ ပြီးတော့ ဟိုအပျိုလူပျိုဘ၀ကတည်းက လအောင်တို့အမေကို တစ်ဖက်သတ်ချစ်လာခဲ့တာပါတဲ့။

သူ့လူယုံရုပ်က အပျိုမတွေ ဖိနပ်နဲ့ပေါက်ဖို့ ဖိနပ်ကိုတောင် နှမြောရမယ့်ရုပ်ကများ။ ရွာသားတွေ ကြားပျင်းနားကပ်ပေမယ့် စွာကျယ်တဲ့ သူကြီးကတော်မို့ လူတွေက တိတ်တိတ်ပဲ နားထောင်ခဲ့တယ်။
လအောင်ကြားကြားချင်း တော်တော့ကို ဒေါသထွက်တဲ့တယ်။ လအောင်ကို စိတ်ထိန်းဖို့ မနည်းဖြေခဲ့ရတယ်။ သူ့အမေကလည်း စိတ်မ၀င်စားတော့ သူကြီးကတော်ကို နားထောင်မှာမဟုတ်ကြောင်း ပြောယူရတယ်။

ဒီလိုနဲ့ စပါးရိတ်ရမယ့် ဆောင်းဦးရာသီတောင် ရောက်လာခဲ့တယ်။

မိုးလေကင်းတော့ လုပ်အားပေးလုပ်ငန်း အထွေထွေကလည်း ပေါ်လာတာပဲ။ မိုင်နှစ်ဆယ်လောက်ရှည်တဲ့ လမ်းမကြီးဖေါက်ရမယ့် လုပ်အားပေးလုပ်ငန်းကြီး ကျနော်တို့နယ်မှာ တာဝန်ကျလာခဲ့တယ်။ ရက်ပြန်မဟုတ်တဲ့ ညအိပ်ညနေ တစ်ပါတ်လောက်ကြာနိုင်မယ့် အထူးလုပ်အားပေးပွဲကြီးပေါ့။ သူကြီးက တစ်အိမ်တစ်ယောက်နှုန်း ရိက္ခာအပြည့် သယ်သွားဖို့ ဆော်သြနေတယ်။ မသွားနိုင်တဲ့လူအတွက် လူစားငှါးပေါ့၊ မသွားနိုင်တဲ့လူအတွက် ဒဏ်ငွေက ဘယ်နှစ်သောင်း ဆိုလားပဲ။( တစ်ရက် လုပ်အားခ နှစ်ရာမျှ ရတဲ့ခေတ်)

စပါးသိမ်းရတော့မှာမို့ အတော်စိတ်ညစ်ရကြောင်း လအောင်က ကျနော့်ထံ ညည်းငြူခဲ့တာ မှတ်မိနေသေးတယ်။ အကယ်၍ လုပ်အားပေးသာ မသွားရင် သောင်းချီပြီး ငွေကုန်ရမယ်။ သွားပြန်ရင်လည်း စပါးကရိတ်ရတော့မယ်။ သူ့အမေနဲ့ တိုင်ပင်ခိုင်းတော့ စပါးကရက်မလွန်လောက်ဘူးဆိုတော့ လုပ်အားပေးကိစ္စကို အရင်သွားဖို့ ညှိလိုက်ကြတယ်။ ဒီမှာလုပ်စရာရှိတဲ့ စပါးတလင်းကိစ္စ၊ စပါးကျီကိစ္စကို သူ့အမေနဲ့အဖွားကပဲ ကြည့်ပြီး လုပ်ထားနှင့်မှာပေါ့။

လုပ်အားပေးသွားတဲ့ မနက်မှာ လအောင်အဖွားက ဆန်၊ ငါးပိ၊ ငရုတ်သီး စတဲ့ ရိက္ခာတွေ စီစဉ်ပေးခဲ့တယ်။ ကျနော်မေ့မရတဲ့ စကားတစ်ခွန်းကို မှတ်ရမိတယ်။ လအောင် အဖွားက သူတို့ ငယ်စဉ် ဂျပန်ခေတ်က ချွေးတပ်ဆွဲတဲ့ ခေတ်များ ပြန်ရောက်နေပြီလား မသိဘူးတဲ့လေ။ သူတို့ငယ်စဉ်က ဒီမြ၀တီလမ်းမကြီးအတွက် ဂျပန်တွေ ချွေးတပ်ခေါ်ခဲ့ကြသတဲ့။ ကျနော့်အဖွားလိုပဲ ဂျပန်ခေတ်ကို မှီခဲ့ကြတော့ မကြာခဏ ဂျပန်ခေတ်ပုံပြင်ကို ပြောပြတတ်ကြတယ်။

လအောင် လုပ်အားပေးခရီး သုံးလေးရက်အကြာမှာထင်တယ်။ သူကြီးကတော်က သူ့လူယုံအတွက် အောင်သွယ်တော်ပေးဖို့ ရောက်လာကြောင်း ရွာသားတွေ ပြောသံကြားရပြန်တယ်။ ဒီမီးကတုတ်က သူကြီးကိုယ်စား လူထိန်းဖို့ သူကြီးလွှတ်လိုက်ပါရဲ့။ ဘယ်ကနေ သဝေထိုးပြီး ရွာပြန်ရောက်ခဲ့သလဲတော့ မသိဘူး။ လအောင်မရှိတုန်း လအောင့်အမေကို ပြန်လာပိုးတဲ့ အကြံထင်ရတယ်။ သူကဆယ်အိမ်ခေါင်းရာထူးနဲ့မို့ သွားချင်ရာသွား၊ လာချင်ရာလာလို့ ရတာကိုး။

ဒီလိုနဲ့ ကြမ္မာဆိုးလား၊ မိုးနတ်ဒေ၀ါလား မသိနိုင်တဲ့ အဖြစ်အပျက်က မတားသာဆီးမရပဲ လအောင်တို့ မိသားစုထဲ ရောက်လာပါတော့တယ်။

အနီးကပ်ရွာထဲမှာ ကျန်နေတဲ့ ကျနော်တောင် ဘာမှ မသိလိုက်ခင်၊ လုပ်အားပေးခရီးထွက်နေတဲ့ လအောင်က ဒီအဖြစ်အပျက်ကို ဘယ်သိနိုင်မှာလဲ။

မိုးလင်းအချိန်တစ်မနက်ခင်းမှာ တောမီးလောင်သလို သတင်းပြန်နေတဲ့ လအောင်အမေသတင်းကို ကြားရပါတော့တယ်။

လအောင်သာသိရင် ဘယ်လိုခံစားရမလဲ မမှန်းတတ်ပေမယ့်၊ လအောင်ကိုယ်စား ကျနော် အရင်ကြေကွဲနေပြီ။ ညတုန်းက လအောင်အမေနဲ့ မီးကတုတ် ညားသွားကြပြီတဲ့လေ….။

တွေးမရ၊ နားမလည်နိုင်အောင် ဖြစ်ပေမယ့် သူ့မိသားစုအတွက် တစ်ခုခုကို လအောင်အမေ ဆုံးဖြတ်လိုက်တာလို့ ပဲ နားလည်လိုက်ရတော့တယ်။ ဒါမှမဟုတ် သူကြီးကရော၊ သူကြီးကတော်ကပါ ဘယ်လိုများ အယုံသွင်းခဲ့ကြသလဲမှ မသိတာ။

ဒီမီးကတုတ်နဲ့ လအောင်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ ကျနော် အသိဆုံးပါ။ ဒီလူက ရွာထဲက လူပျိုတွေနဲ့ ခဏခဏ ပြသာနာတက်နေတာ။ လူပျိုဝိုင်းမှာ သူ့ကိုယ်သူ လူပျိုလိုလို၊ လူကြီးဝိုင်းမှာကတော့လည်း သူ့ကိုယ်သူ သူကြီးလိုလိုနဲံ့လေ။ တစ်လောကတင် လအောင်အမေကိစ္စနဲ့ ခနဲ့တဲ့တဲ့ လုပ်လို့ လအောင်နဲ့ ရန်ဖြစ်ထားခဲ့တာ။

လအောင်ပြန်လာရင် ဘယ်လိုလုပ်မလဲ။ လအောင်ရော သိပြီလား…။ သူ့အမေ ထင်ထားသလို သူတို့မိသားစုအတွက်တကယ်ပဲ အားထားရမလား။ တစ်နေ့နဲ့ တစ်ညတောင် ကျနော် လိုက်တွေးခဲ့တယ်။

လအောင်ကို သွားပြီး အကြောင်းဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။ မနက်စောစောစီးစီးပဲ စက်ဘီးနင်းပြီး ရွာကနေထွက်လာခဲ့တယ်။ ရွာအပြင်နား အထွက်မှာပဲ လအောင် ပြန်လာတာကို တွေ့လိုက်ရတယ်။

သူ့အမေသတင်းကြားရလို့ လအောင်ပြန်လာတာလို့ ကျနော် ထင်နေတာ။ သိပြီးပြီမို့ ဘာမှ မပြောချင်တော့လို့ ကျနာ် ငြိမ်နေလိုက်တယ်။ သူ့အမေကို စိတ်မချလို့ ပြန်လာတာလို့ သူပြောမှပဲ သူ ဘာမှ မသိသေးမှန်းသိရတယ်။ ကျနော်က ဘာမှ ပြောမထွက်လို့ ငြိမ်နေလိုက်တယ်။

“ ငါ့အမေနဲ့ အဖွားနေကောင်းကြလားဟ။”
“ ကောင်းပါတယ်၊”
“ ဟိုလူ မီးကတုတ် ရွာပြန်လာတယ်ဆို။ ဘာတွေ လုပ်သေးလဲ။”
“ အင်း …. ရှိတယ်။ တွေ့သေးတယ်။”
“နင် ဘယ်သွားမလို့လဲ။ ငါ့ကို အရင်ပြန်ပို့လေ။”
သူ့ရဲ့ စိုးရိမ်ပူပန်စိတ်က အခါနှောင်းမှန်း မသိသေးတဲ့လအောင်ကို သနားရုံကလွဲပြီး ကျနော် ဘာမှ မတတ်နိုင်တော့ပါ။ သူ့ကို စက်ဘီးတင်ပြီး အိမ်ဆီအမြန်ဆုံး နင်းလာခဲ့တယ်။

အိမ်ရောက်တော့ သူ့အဖွားတစ်ယောက်တည်း အိမ်နောက်ဖေးဘက်မှာ စပါးလုံးကောက်နေတာတွေ့ရတယ်။ အပြေးတစ်ပိုင်းနဲ့ လအောင် အိမ်ပေါ်ပြေးတက်လေရဲ့။ သူ့အမေကို ရှာနေပုံရတယ်။
“ အဖွား.. အမေတို့ရော။’”
“ တလင်းထဲမှာ ထင်တယ်။”
အဖွားလေသံက တုန်နေတယ်။ ကျနော် မသိမသာနဲ့ ခိုးကြည့်တော့ လအောင့်အဖွား ငိုနေမှန်းတွေ့ရတယ်။
“ ဘာတွေ ရှိလဲ အဖွား။ ကျနော် ဗိုက်ဆာတယ်။ လုပ်အားပေးမှာက စားမ၀၊ အိပ်ရေးမ၀နဲ့ အဖွားရာ။”
“ ကျနော် မနိုင်တော့ဘူးအဖွား၊ ဒါဏ်ရိုက်ချင်လည်း ရိုက်ပါစေတော့။ မနက်အစောကြီးက ခိုးပြန်လာတာ။ ဘာမှ မစားခဲ့ရဘူး။”
ပြောရင်းနဲ့ လအောင်က မီးဖိုဆောင်ထဲ စားစရာတွေ လိုက်မွှေနေတယ်။ သူ့အဖွား ဖေါင်းမမော့ရဲတာ လအောင် သတိထားမိပုံ မရသေးဘူး။
“ ငါ ဘာမှ မချက်ရသေးဘူးဟဲ့။ နင်ဆာနေရင် ဟို ငှက်ပျောသီးမှည့်တွေ အရင်စားလိုက်ပါလား။ ဘုရားစင်အောက်မှာရှိတယ်။”
အလျင်အမြန်ပဲ လအောင်က ငှက်ပျောသီး ဆွဲစားနေတော့တယ်။
“ အဖွားတို့က ဘာပွဲတွေ တင်ပြန်ပြီလဲ။ ကျနော်လုပ်အားပေး သွားတာလေများ ပွဲတင်ပြီး ဆုတောင်းနေရသေးလား အဖွားရ။”
သူ့အဖွား မနေသာတော့လို့ထင်ပ။ ရှိုက်သံကြီးနဲ့ အော်ပါလေရော။
“ နင့်အတွက် မဟုတ်ဘူးဟဲ့။ နင့်အမေအတွက် အိမ်ဦးနတ်ကို ပူဇော်ထားတာ။”
“ ဘာ … အမေက ဘာဖြစ်လို့လဲ။ အမေ.. အမေ .. ဘာတွေလုပ်လို့လဲ အဖွား။ “
သံသယမျက်လုံးနဲ့ အလန့်တစ်ကြား သူ့အဖွားကို ပြန်မေးတော့တယ်။
“ နင့်အမေ လင်ရတာ နင်မသိသေးဘူးလား ဟဲ့။ အဟီး.. ဟီး။ ဂျပန်ခေတ်မို့ ဂျပန်နဲ့ညားသူညား၊ သူပုန်ခေတ်မို့ သူပုန်နဲ့ညားသူက ညားတာပဲရှိတယ်။ အခုတော့ ဆယ်အိမ်ခေါင်းခေတ်ရောက်မှတော့ ဆယ်အိမ်ခေါင်းနဲ့ ညားမှ ဘ၀ချမ်းသာမှာကိုး…။“
“ ဘာ…. ။ အဖွားတစ်ကယ်ပြောတောလား။”
လအောင်က ကျနော့်မျက်နှာကို လှမ်းကြည့်လိုက်တယ်။ တစ်ကယ်လား ဆိုတဲ့ အဓိပ္ပါယ်နဲ့။ ကျနော် ဘာမှ မပြောသာလို့ ခေါင်းတစ်ချက်ပဲ ညိတ်နိုင်တော့တယ်။
“ သွားဟာ… သွားဟာ။”
လအောင်က သူ့လက်ထဲက ငှက်ပျောသီးရော၊ ကန်တော့ပွဲထဲက ငှက်ပျောသီးကိုပါ ယူပြီး ပေါက်ပစ်နေတော့တယ်။ ငိုကြီးချက်မနဲ့..
“ ကျနော်ပြောပါတယ်၊ နောက်ယောက်ျား မယူပါနဲ့တော့။ ကျနော် လုပ်ကျွေးပါ့မယ်ဆို…။ “
“ တောက်…”
“ စိတ်ထိန်းပါဟာ..။ ယူပြီးနေပြီပဲ။ နင့်အမေကို နင့်ကို သနားလို့။ နင် ပင်ပန်းတာ မကြည့်ရက်တော့လို နေမှာပေါ့။”
“ တော်စမ်းပါ လခမ်းရာ။ ဒီအိမ်မှာ ငါမနေတော့ဘူး။ ငါတောဝင်မယ်။”
“ ငါ အဖွားတစ်ယောက်လုံးရှိပါသေးတယ်။ နင် ဘယ်မှ မသွားရဘူး။ ငါ ရင်ကွဲအောင် မလုပ်ပါနဲ့ လအောင်ရယ်။ ”
ရှိုက်ကြီးတစ်ငင်နဲ့ မြေးအဖွား ဖက်ပြီး ငိုနေကြတယ်။
ပြောပြောဆိုဆို လအောင် ဓါးကိုပြေးယူနေတယ်။
“ အဲဒီ မီးကတုတ်ကို ငါသတ်မယ်။ ငါ့ ပထွေးအဖြစ် လုံးဝ လက်မခံနိုင်ဘူး။”
လအောင် အိမ်အောက် ဆင်းပြီး၊ တလင်းဘက် ပြေးသွားတော့တယ်။ သူ့အဖွားရော ကျနော်ပါ တားဖို့ ပြေးလိုက်ခဲ့ကြတယ်။ တော်တော့ကို ဖြေသိမ့်ချော့မော့ ခဲ့ကြရတယ်။

ရွာအပြင်ဘက်က တလင်းထဲကို လှမ်းကြည့်တော့ သူ့အမေရယ်၊ မီးကတုတ်ရယ်၊ သူကြီးလင်မယားရယ်ကို တွေ့လိုက်ရတယ်။

သူက အိမ်မှာမနေချင်လို့ တောထဲဝင်ဖို့ပဲ ပြောနေတော့တယ်။ တောတွင်းသူပုန်အဖွဲ့ထဲ ၀င်ပြီး မီးကတုတ်ကို ပြန်လာသတ်ဖို့ ကြိမ်းဝါးနေလေရဲ့။

လောလောဆယ်ဆယ် ကျနော်နဲ့ နေဖို့ ချော့ပြီး အိမ်ကို ခေါ်လာခဲ့တယ်။ သူ့အဖွားလည်း လိုက်လာပြီး အမျိုးမျိုး ချော့လေတယ်။ သူပိုင်ဆိုင်သမျှကို အကုန်လုံး အမွှေလွဲဖို့နဲ့ ပထွေးရန်က အသက်နဲ့လဲပြီး ကာကွယ်ဖို့ တစ်တွတ်တွတ် ပြောနေတော့တယ်။

ထမင်းစားချိန်လောက်မှ လအောင်အမေ လအောင်ပြန်ရောက်မှန်း သိပုံရတယ်။ ကျနော့်အိမ်အထိ လိုက်လာပြီး အိမ်ပြန်ဖို့ လအောင်ကို ခေါ်နေတော့တယ်။ ချော့မရလို့ မျက်ရည်စက်လက်နဲ့ သူ့အမေပြန်လှည့်ခဲ့ရတယ်။ ညနေရောက်မှ ကျနော့် မိဘရော၊ ကျနော်ပါ၊ ပြီး သူ့အဖွား ကပါ လာခေါ်ပြီး အိမ်ပြန်ပို့ခဲ့ရတယ်။

အမေဘေးမှာ ၀င်အိပ်လိုအိပ်၊ တစ်ခါတစ်လေ အဖွားဘေးမှာ အိပ်လိုအိပ်တတ်တဲ့ လအောင်တစ်ယောက် အခုတော့ တစ်ကိုယ်တည်း အိပ်ရတော့မှာတွေးပြီး လအောင် ၀မ်းနည်းနေမိတယ်။ နောက်နေ့တွေမှာ လအောင်တစ်ယောက် တစ်ခြားကာလသားလူပျိုတွေလို အဆင်ပြေတဲ့ အိမ်မှာ ၀င်အိမ်နေတော့တယ်။ မိုးလင်းလို့ သူ့အလုပ်သူလုပ်၊ ပြီး.. ညနေ စားသောက်ပြီးတာနဲ့ အိပ်ဖို့ တန်းထွက်တတ်တော့တယ်။

လယ်ထဲရောက်တော့လည်း သူလုပ်စရာရှိတာ သူ့ဘာသာ သူလုပ်ပြီး။ သူ့အမေကသာ လင်တော်မောင်အသစ်ကို အလုပ်သင်ပေးခဲ့တယ်လို့ ပြန်လာပြောပြခဲ့တယ်။ ဒါပေမယ့် သူ့အမေထင်ထားတဲ့ လုပ်အားအကူအညီက မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ ဆယ်အိမ်ခေါင်းရာထူးနဲ့မို့ သူကြီးက တစ်ချိန်လုံး အခေါ်လွှတ်နေတော့တယ်။ လယ်ထဲရောက်တဲ့အထိတောင် ကင်းသမားလွှတ်ပြီး ခေါ်ခိုင်းတတ်တယ်။ မီးကတုတ်အကြံလား၊ သူကြီးအကြံလားတော့ ဘယ်သိနိုင်မှာလဲ။

စပါးရာသီပြီးပေမယ့် လအောင် မသက်သာခဲ့ပါဘူး။ တစ်မိုးစာအတွက် ထင်းချိန်ရောက်လာခဲ့ပြန်တယ်။

တောထဲသွားဖို့ အချိန်မရှိဘူးလို့ ဆယ်အိမ်ခေါင်းက သူ့မိန်းမကို ဆင်ခြေပေးနေတော့တယ်။ သူကြီးလူယုံမို့ သူကြီးအနားမှာ အမြဲရှိနေရမှာပေါ့။ ရွာသားတွေနဲ့ သူ့အလှည့် ကိုယ်အလှည့်နဲ့တင် လအောင်ထင်းကိစ္စ ပြတ်နိုင်တော့တယ်။

နေ့ပူညချမ်း ရာသီကြမ်းတဲ့ လပေါင်းကိုရောက်တဲ့ တစ်ရက်မှာ ပြသာနာက ပေါ်ပါလေရော။

ထင်းပိုင်း၊ ထင်းခွဲ အလုပ်လောက်တော့ ကျနော်တို့ရွာသားတွေ အေးအေးလူလူနဲ့ ညဦးပိုင်းမှာ လုပ်လေ့ရှိတယ်။ နေ့ခင်းက ပူလွန်းတော့ ညအချိန်မှာသာ စကားပြောရင်း၊ အလုပ်လုပ်ရင်းပေါ့။ ပြီးတော့ လာဝိုင်းလုပ်တဲ့ လူတွေကို တစ်ခုခု လုပ်ကျွေးရင်းနဲ့ ပျော်စရာတောင် ကောင်းလွန်းလို့။

တစ်ရက်မှာ လအောင်အမေက သူ့ယောက်ျားကို ထင်းလုပ်ခိုင်းပုံရတယ်။ ဟေးလားဝါးလားနဲ့ သူများတွေ အလုပ်လုပ်နေတဲ့ ထင်းပုံနား မီးကတုတ်ရောက်လာတယ်။ လအောင်အမေကပါ ရောက်လာပြီး ပိုင်းပြီးသား ထင်းတွေကို စီပေးခဲ့တယ်။ ဒီမှာတင် လာဝိုင်းလုပ်နေကြတဲ့ လအောင်သူငယ်ချင်းတွေ မသိမသာနဲ့ တစ်ယောက်ပြီး တစ်ယောက် လစ်ပါလေရော။

လအောင်အမေ တစ်ခုခုယူဖို့ အိမ်ပြန်နေချိန်မှာ ပြသာနာပေါ်ပါတော့တယ်။

ဝုန်းဒိုင်းကြဲသံ၊ ဆဲဆိုသံ၊ တိုးကြိတ်သံတွေ ကြားခဲ့တယ်။ အမေနှမ ဆဲသံတွေလည်း မကြားဝံ့မခံသာ။ ပထွေးနဲ့ မယားပါသားတို့ ရန်ဖြစ်သံကြားတော့ အိမ်နီးနားချင်းတွေ ပြေားလာကြတာပေါ့။ ကျနော်ရောက်သွားချိန်မှာ မီးကတုတ်ကြီးမေ့လဲ နေပြီ။ လအောင်လက်ထဲမှာ ထင်းပိုင်းရှည်ကြီးနဲ့။ သူ့အမေကလည်း အော်ဟစ်ငိုကြွေးလို့။ အိမ်နီးနားချင်းတွေ တောတော့်ကို ဖျန်ဖြေခဲ့ရတယ်။

လအောင်အမေက လူမိုက်၊ လူသတ်သမားဆိုပြီး အော်ဆဲနေတော့ လအောင်အဖွား မခံရပ်နိုင်လို့ ထင်ပ။ သူ့အမေပါးကို နှစ်ချက်သုံးချက်လောက် ရိုက်မိသွားတယ်။ သတိလစ်နေတဲ့မီးကတုတ်က ဘယ်အချိန်ကတည်းက သတိရလည်း မသိဘူး။ လအောင်ကို ၀င်ရုန်းလိုက်တယ်။ ထင်းပိုင်း မချရသေးတဲ့ လအောင်ကလည်း အားရပါးရ ရိုက်ပြန်လေရော။ အဲဒီအချိန်မှာ သူကြီးရောက်လာတော့ ကျနော်နဲ့ သူငယ်ချင်းတစ်ချို့ လအောင်ကို ဆွဲပြီး လစ်လာခဲ့ကြတယ်။ သူကြီးရဲ့ သတ်မယ်ဖြတ်ဆိုတဲ့ ကြိမ်းသံကနေ မနည်းပြေး ခဲ့ရတယ်။ ကျနော်အားလုံးပဲ မီးကတုတ်သေပြီလို့ ထင်ထားခဲ့ကြတာ။ သက်ဆိုးရှည်တဲ့ မီးကတုတ် မသေခဲ့ဘူး။

လအောင်ကိုတော့ ရွာအရှေ့ဘက် ဂျိုင်းဖြစ်ဘေးက ခြံတစ်ခြံထဲမှာ ၀ှက်ထားခဲ့ကြတယ်။ ရွာထဲ ပြန်ရောက်တော့ ကျနော်တို့အဖွဲ့ကို သူကြီး စစ်ပါလေရော။ အားလုံးပဲ မသိဘူး၊မတွေ့ဘူးလို့ပဲ ငြင်းခဲ့ကြတယ်။

နောက်နေ့ မနက် ရွာကလူ မသိအောင် ကျနော်ရွာကနေ ခိုးထွက်လာခဲ့တယ်။ လအောင်အခြေအနေ ကြည့်ဖို့ပါ။ ဒါပေမယ့် လအောင် မရှိတော့ဘူး။ ကူးတို့ဆိပ်တွေမှာ မသိမသာနဲ့ သွားစုံစမ်းပေမယ့် ဘာမှ မသိခဲ့ရဘူး။

နောက်တစ်ပတ်အကြာလောက်မှ လအောင်တစ်ယောက် ယိုးဒယားနယ်စပ်ဘက် ရောက်သွားမှန်း သိရတော့တယ်။ မီးကတုတ်လည်း အတွင်းကြေဒါဏ်ရာနဲ့ အိပ်ရာထဲ လှဲနေတော့တယ်။ လအောင်အမေလည်း ကိုယ်ဝန်ဆောင်နေကြောင်း ရွာသားတွေဆီက ကြားခဲ့ရတယ်။

တစ်ရက်မှာ လအောင်အမေ ကျနော်တို့အိမ် လာလည်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရင့်ချိန်တောင် ဖြစ်နေပြီ။ ကျနော့်အမေဆီ ငွေချေးဖို့ လာကြောင်း အမေပြောပြခဲ့တယ်။ သူ့အိမ်ထောင်ပြုမှားကြောင်း အမေဆီ ညည်းခဲ့တယ်။ လအောင်ကိုလည်း ရွာပြန်လာရင် သူကြီးက တစ်ခုခုလုပ်လိမ့်မှာကိုလည်း စိုးရိမ်ကြောင်း ငိုယိုပြီး ပြောပြခဲ့တယ်။

ကြံရာမရတဲ့ မုဆိုးမရဲ့ မေတ္တာတရားက သားကို သတ်တဲ့ အမှားဖြစ်လေသလားပဲ။ လအောင်အဖွားလည်း သူ့မြေးအတွက် ရင်နာလို့ ဘာပစ္စည်းကိုမှ ထုတ်မပေးတော့ကြောင်းလည်း သိလာခဲ့ရတယ်။ လအောင်ကို မြစ်ဘေးက ခြံထဲ သွားဝှက်ခဲ့တုန်းက ပြသာနာအစကို မေးမိခဲ့ပါတယ်။ မီးကတုတ်က ထင်းဝိုင်းသိမ်းရတာကို နေ့မသိ၊ညမသိ သူ့အမေ ခိုင်းစားတယ်ဆိုပြီး တစ်တွန်တွန်ညည်းနေလို့တဲ့။ သူ့လိုရာထူးရှိတဲ့ လူကိုများ ကျွန်မှတ်နေသလား ဆိုပြီး ရန်ရှာခဲ့လို့ ပြသာနာ ဖြစ်ခဲ့ရကြောင်း လအောင် ပြောပြခဲ့တယ်။

မိုးဦးကျရာသီမှာပဲ အတွင်းကြေဒါဏ်ရာနဲ့ မီးကတုတ် ဆုံးခဲ့တယ်။ လအောင်အမေလည်း ဒုတိယအကြိမ် မုဆိုးမဘ၀ ရောက်ပြန်ရော။ ဒီအချိန်မှာ လအောင်အဖွားကလည်း သူ့သမီးကို ဘယ်လိုစိတ်ဆိုးရက်မဦးလဲ။

နောက်ပိုင်းမှာ လအောင်အမေက လအောင်ပြန်လာဖို့ လူကြုံရှိတိုင်း မှာခဲ့ပါတယ်။ လအောင်နဲ့ တွေ့သူတိုင်းက သတင်းဆိုးပဲ ကြားခဲ့ရတယ်။ လအောင်တစ်ယောက် တောကအဖွဲ့အစည်းတစ်ခုထဲ ၀င်သွားသလိုလို။ အရက်တွေချည်း ဖိသောက်လို့ ထုတ်ခံထိသလိုလို။ တစ်ချို့ကပြောတော့ ယိုးဒယားဘက်မှာ အလုပ်လုပ်သလိုလို၊ မူးလာရင် သွေးရူးသွေးတန်းနဲ့ သူ့အမေကို မုန်းကြောင်း၊ စိတ်နာကြောင်း လိုက်အော် နေတတ်ကြောင်း ပြန်ပြောပြခဲ့ကြတယ်။

နှစ်တွေကြာလာလို့ ဘန်ကောက်ခေတ်ဖြစ်တော့ လအောင်လည်း ဘန်ကောက်ရောက်ကြောင်း ကြားရပြန်တယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေနဲ့ လအောင်မပေါင်းခဲ့ရဘူး။ ယိုးဒယား ကလေကချေတွေနဲ့ ပေါင်းပြီး ပျက်စီးနေတဲ့ သတင်းဆိုးချည်း ကြားခဲ့ရတယ်။ သူများတွေက ရသမျှ၊ စုမိသမျှတွေ အိမ်ကို ပို့တာ တွေ့ရပေမယ့် လအောင်က မိဘမရှိ၊ အိုးအိမ်မရှိ သလို ပျောက်ချက်သား ကောင်းနေတော့တယ်။

လအောင်အမေလည်း သမီးတစ်ယောက်နဲ့ တစ်ဝမ်းတစ်ခါးပြည့်ရုံ ရွာထဲမှာ အဆင်ပြေသလို ရုန်းကန်ခဲ့ကြပါတယ်။ သူ့အဖွားလည်း ရှိတဲ့လယ်မြေတွေ လအောင်အတွက်ဆိုပြီး ထားခဲ့တာ ယခုထိတိုင်ပဲ။ သေတဲ့အထိ မှာကြားနေတော့ လအောင်အမေလည်း ဒီအတိုင်းပဲ ထားပစ်လိုက်တယ်။ အခုလို လယ်ခေတ်မရှိတော့သလို လယ်သမားတွေ အဖြစ်ဆိုးနေကြတော့ လယ်လုပ်သူနည်းပြီး လယ်ခင်းတွေ ပစ်ထားလိုက်ကြတာ ကိုင်းတောကြီးတွေ ဖြစ်လို့။

သူ့အဖွားရဲ့ နောက်ဆုံးခရီးကို လအောင် မမြင်ခဲ့ရရှာဘူး။ အဲဒီအချိန်က ပင်လယ်ထဲ ငါးဖမ်းသင်္ဘောလိုက်နေတယ်လို့ ပြောတယ်။ လအတော်ကြာပြီးလို့ ရွာကလူနဲ့ဆုံမှ သူသိခဲ့ရတယ်ဆိုပဲ။ ကြားကြားချင်း ရင်ကွဲမတတ်ခံစားရပါတယ်တဲ့။ အခန်းအောင်းပြီး ကလေးငိုသလို အားရပါးရ ငိုပစ်လိုက်တယ်လို့ ပြောပြလေရဲ့။

လအောင်နဲ့ တစ်ညလုံး စကားပြောလိုက်တာ မူးလွန်းလို့လား၊ အိပ်ငိုက်လို့လား မပြောတတ်ဘူး ပြဇာတ်ကြည့်နေရသလို ဇဝေဇ၀ါနဲ့ ခေါင်းလည်နေတော့တယ်။

မနက်မိုးလင်းတော့ အလုပ်ပြန်ဆင်းရမယ်ဆိုလို့ လအောင်အစောကြီး ထပြီးရေချိုးနေတယ်။ သူရေချိုးနေတုန်း သူ့ပိုက်ဆံအိတ်ကို မွှေကြည့်လိုက်တယ်။ သူ့အတွက် လမ်းစရိတ် ထည့်ပြန်ပေးမလို့ပါ။ ဘတ်နှစ်ဆယ်တန် နှစ်ရွက်ပဲ ကျန်တာတွေ့ရတယ်။ ကျနော်က ရာတန်သုံးရွက် ထည့်ပေးလိုက်တယ်။ သူမသိအောင် ထည့်ရတာ။ အကောင်းပေးရင် ငြင်းနေဦးမှာမို့။ သူ့အိတ်ထဲ ဘာတွေရှိသေးလဲ သိချင်စိတ်နဲ့ ကျနော်ထပ်မွှေကြည့်တယ်။

မထင်မှတ်တဲ့ ဓါတ်ပုံကို ကျနော်တွေ့လိုက်ရတယ်။ ကျနော် ရင်တုန်သလို ခံစားမိသွားတယ်။ ၀မ်းသာလွန်းလို့ ဆိုပါတော့။ ဓါတ်ပုံလေးက ကြားကနေညှပ်ယူထားတဲ့ပုံပါပဲ။ အုပ်စုထဲကနေ ခွဲပြီး ညှပ်ယူထားခြင်းပါ။

လအောင်အမေရဲ့ ဓါတ်ပုံလေးပါ။ ဒီလူ သူများဆီကနေ ခိုးယူပြီး ညှပ်ယူသိမ်းထားပုံပဲ။ ဒါဆို သူ့အမေကို သူသတိရလို့ပေါ့။ ဟုတ်ပါပြီ လအောင်ရင်ထဲမှာ သူ့အမေကို ခိုးပြီးသတိရနေမှာပါ။ သူ့အမေသိရင် တော်တော့်ကို ၀မ်းသာမှာပါလို့ တွေးမိလိုက်တယ်။

သူရေချိုးမပြီးခင် သူ့အိတ်လေးကို နေရာအတိုင်း ကျနြော်ပန်သိမ်း ပေးလိုက်တယ်။ သူပြန်မယ်ဆိုလို့ ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ပေးခဲ့တယ်။

လိုင်းကားရောက်လာလို့ အဆင်သင့်ပေးဖို့ ပိုက်ဆံအိတ်ဖွင့်တော့ ပိုက်ဆံတွေ့သွားပုံရတယ်။ ပြီးတော့ ကျနော်ပြန်ထည့်ထားတဲ့ သူ့အမေရဲ့ ဓါတ်ပုံက ဘေးဘက်မှာ ပေါ်နေတာ သူတွေ့လိုက်တယ်။

လအောင်က ကျနော်မျက်နှာကို လှမ်းကြည့်လိုက်တယ်။

“ ဟေ့လူ မြန်မြန်သွား။ ကားထွက်တော့မယ်။”

ကျနော်သူ့ကို အမြန်ဆုံးဖြစ်အောင် ပြန်လွှတ်လိုက်တယ်။

“ ငါ့အတွက် မပူနဲ့။ ငါ့မှာ လမ်းစရိတ်ရှိသေးတယ်။ နင့်အမေအတွက်လည်း ဘာမှ မပူနဲ့။ ရွာရောက်ရင် နင်သတိရနေသေးကြောင်း ပြောပြပေးပါမယ်။ သွား .. သွား မြန်မြန်။”

လအောင် ကားပေရောက်မှပဲ ကျနော် စိတ်အေးတော့တယ်။ မဟုတ်ရင် ဘာတွေ ဂျီကျဦးမလဲ မသိ။ ဒါပေမယ့် ကျနော် အရမ်းပျော်သွားတယ်။

ရွာရောက်ရင် သူ့အမေကို ဖုန်းဆက်ခိုင်းရမယ်။ သူ့အမေရဲ့ အသံလေးကြားမိရင် လအောင်တစ်ယောက် အိမ်ပြန်ချင်စိတ်လေးများ ပေါ်နိုင်ကောင်းပါရဲ့……။

အမေအိမ်သီချင်းထဲကလို လအောင်တစ်ယောက် သူ့အမေအိမ်လေးကို လွမ်းနေပါစေတော့….။

ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

ဘ၀တစ်ခု(၂) သို့မဟုတ် အမေ့အိမ်သို့အပြန်




ခမ်းကီးရဲ့ ဘန်ကောက်အတွေ့အကြုံ၊ ဒုတိယ တနင်္ဂနွေခရီးစဉ်ကို ရေးဖို့စဉ်းစားတာ ကြာပြီ။ စာရေးတော့မယ်ဟေ့ဆို အိပ်ငိုက်လာတတ်တဲ့ ခမ်းကီးအကျင့်ကြောင့် အခုမှ ရေးဖြစ်တယ်။

လူမသိနတ်မမြင်တဲ့ ကိုယ့်ရွာသားတွေရဲ့ဘ၀ကို ပြောပြချင်လွန်းလို့ ကြိုးစားပြီးရေးလိုက်တယ်။

စနေနေ့ညနေမှာပဲ လူပျိုကြီးဝေးထင်ပေါ်က မလိုက်မှာစိုးလို့ ကြိုပြီးလာကြိုလေရဲ့။ မနက်ဖြန်ကျရင် စက်ချုပ်ရုံမှာ မွေးနေ့ပွဲရှိလို့တဲ့။ ဒီလောက်တောင် ကြပ်ကြပ်တည်းတည်းနေကြရတာ မွေးနေ့ပွဲတောင် ကျင်းပနိုင်သေးလားလို့ ပူပန်စိတ်နဲ့ ခမ်းကီး ဝေးပေါ်ကို စောဒက တက်ပြီးမေးလိုက်တယ်။ လူကြီးမဟုတ်ဘူး၊ ကလေးလေးရဲ့ပွဲလို့ ဝေးပေါ်ပြန်ပြောတယ်။ မနက်ဖြန်သွားမှ အကြောင်းစုံသိရမယ်လို့ ပြောတော့ ခမ်းကီး ငြိမ်နေလိုက်တယ်။ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးစုံအောင် စကားပြောလိုက်ကြတာ ညသန်းခေါင်တောင် ကျော်သွားတယ်။

အလှူရှင်က အစောကြီးလာခဲ့ပါ၊ တက္ကစီခထုတ်ပေးမယ်ဆိုလို့ အမြန်ဆုံးထလာခဲ့ကြတယ်။ Express way ပေါ် တက္ကစီသမား မောင်းလာခဲ့တော့ ဘန်ကောက်မြို့အလှကို ကောင်းကောင်းကြီး မြင်နိုင်ခဲ့တယ်။ အေးစက်တဲ့အဲယားကွန်းနဲ့ အိညက်နေတဲ့ သူတို့တက္ကစီကို စီးရတာ မိုးတွင်းဆိုရေယိုပြီး လမ်းမှာလူကြိုတတ်တဲ့ ရန်ကုန်က တက္ကစီကကို ပြေးပြီး သတိရမိသေးတယ်။ လမ်းတွေကို ယှဉ်မိရင် အမေကျော် ဒွေးတော်လွမ်းလို့ ပြောခံထိနေဦးမယ်၊ မယှဉ်တော့ဘူး။


စကားတွေပြောလာကြတော့ တက္ကစီသမားက ဘာလူမျိုးတွေလဲလို့ မေးတယ်။ မြန်မာပြည်ကပါလို့ပြောတော့ ဘတ်(လက်မှတ်)ရှိကြလားတဲ့။ ရှိတယ်လို့ ဝေးပေါ်ပြန်ဖြေတယ်။ သေချာတယ်နော် တဲ့။ သူ့ပုံက မြန်မာပြည်သားတွေကို ရိုက်စားလုပ်တတ်တဲ့ ပုံပဲလို့ ဝေးပေါ် တိုးတိုးလေးပြောပြတယ်။ ခဏနေတော့ တက္ကစီသမား ဖုန်းဆက်တာသတိထားမိလိုက်တယ်။ ခမ်းကီးကတော့ ကြိုးတံတားကြီးအလှ၊ တိုက်မြင့်မြင့်ကို ငေးရင်းနဲ့ပါပဲ။ ဟော.. express way ဆင်းပြီး တစ်မှတ်တိုင်စာ အရောက်မှာ ပုလိပ်ကားတစ်စီး ခမ်းကီးတို့ကားကို တားနေတာ တွေ့လိုက်ရတယ်။ ကားရပ်ပြီး ချက်ချင်းပဲ မီဘတ်မိုင်… မီဘတ်မိုင် ဆိုပြီး ကားတံခါးကို ဆွဲဖွင့်တော့တာပဲ။ ဝေးပေါ်က သူ့လက်မှတ်ကို ယူထုတ်ပြလိုက်တယ်။ ခမ်းကီးလဲ စာအုပ်ကို ထုတ်ပြလိုက်တယ်။ သူတို့က မပြီးဘူး။ ကားပေါ်ဆင်းခိုင်းနေတယ်။ ခရီးဆက်ဖို့ ရှိကြောင်း ဝေးပေါ်ရှင်းပြပေမယ့် မရဘူး။

တက္ကစီသမားကလည်း ဇွတ်ကြီး ဆင်းခိုင်းနေတယ်။ ပြီးတော့ ပုလိပ်က သူတို့ကားပေါ် တက်ခိုင်းလိုက်တယ်။ တစ်ယောက်က ကားမောင်းပြီး ကျန်တစ်ယောက်က ဝေးထင်ပေါ်ရဲ့ လက်မှတ်နဲ့ ခမ်းကီးစာအုပ်ကို စစ်ဆေးနေတယ်။ သူတို့ကားထဲမှာရှိတဲ့ ကွန်ပြုတာငယ်ကို နှိပ်ပြီး ဘာတွေ လိုက်စစ်မှန်း မသိတော့ဘူး။ မြို့ပြင် လူသူရှင်းတဲ့ လမ်းဘေးတစိနေရာမှာ ကားကိုရပ်လိုက်တယ်။ ဝေးပေါ်ကို ဘာတွေမေးမှန်း မသိဘူး။ တော်တော်ကြာတယ်။ ခမ်းကီးကိုလည်း ဘာလာလုပ်လဲ၊ ဘယ်မှာတည်းလဲ၊ အလုပပ်လုပ်လား စုံအောင်ရစ်နေတယ်။ ဘာမှမလုပ်ဘူး၊ လာလည်တာ၊ တစ်ရက်နှစ်ရက်ဆို ပြန်ပြီလို့ ပဲပုပ်သံဝဲတဲ့ အင်္ဂလိပ်လို ပြန်မှုတ်လိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်ကို တောင်းကြည့်တော့တယ်။

တော်သေးတာပေါ့ ခမ်းကီးက ရာတန်သုံးရွက်နဲ့ အကြွေတွေသာ ထည့်လာခဲ့လို့။ ဝေးထင်ပေါ် အိတ်ထဲမှာ ရာတန်နှစ်ရွက်သာ ရှိတယ်။ ပုလိပ်က ယူမယ်လုပ်တော့ ဝေးထင်ပေါ်က မရဘူး၊ မပေးဘူးလို့ ပြန်ငြင်းလိုက်တယ်။ သွားဖို့ရှိကြောင်း၊ စားစရိတ်မရှိတော့ကြောင်း ပုလိပ်တွေကို ရှင်းပြနေတယ်။ ခမ်းကီးကလည်း မပေးနိုင်ဘူး၊ ယူသွားရင်တော့ တိုးရစ်စ်ပုလိပ်ကို ပြန်တိုင်မယ်လို့ ပြောလိုက်တယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ညှိနေကြတယ်။ အဆင်မပြေဘူးဆိုတဲ့ မျက်နှာထားတွေနဲ့။ သူတို့ မိနေကျ သားကောင်လို မဟုတ်မှန်းသိတော့ မအီမလည်ပုံစံတွေနဲ့။ ပြီးတော့မှ တက္ကစီဖိုးပေးပြီးပြီလားဆိုပြီး မေးတော့တယ်။ ဘယ်ပေးရမတုန်း တက္ကစီသမားကလည်း အချဉ်ရဖို့ မှန်းထားတာနေမှာပေါ့။ ဝေးထင်ပေါ်က တက္ကစီဖိုး နှစ်ရာပေးလိုက်တယ်။ အမှန်က တစ်ရာ့ငါးဆယ်ကျော်ပဲ ကျသေးတယ်။

ဝတ်ထားတဲ့ ယူနီဖေါင်းနဲ့ ပုခုံးပေါ်က ဘားတွေ၊ ရင်ဘတ်မှာထိုးထားတဲ့ တံဆိပ်တွေ၊ ကားပေါ်က ဌာနဆိုင်ရာ အမှတ်တံဆိပ်ကိုမှ အားမနာလေတဲ့ ပုလိပ်စုတ်တွေလို့ ဝေးထင်ပေါ် ကျိန်ဆဲနေတော့တယ်။ တော်တော်ကို ခံပြင်းပုံရတယ်။ ယူနီဖေါင်းဝတ် ဓါးမြတွေ..တဲ့။ ခမ်းကီးတို့ တက္ကစီးထပ်ခေါ်ပြီး အလှူပေးတဲ့ အလုပ်ရုံဆီ ဆက်လာခဲ့တယ်။

ဟိုရောက်တော့ လူတွေတော်တော်စုံနေပြီ။ အမှန်က မွေးနေ့ပွဲ မဟုတ်တဲ့ ကလေးကင်မွန်းတပ်ပွဲရယ်ပါ။

ဒီလောက်ကြပ်ကြပ်တည်းတည်းနေကြရတဲ့ကြားက ကလေးကင်မွန်းတပ်ပွဲ လုပ်အားသေးတယ်လို့ မသိရင်တော့ ဝေဖန်ရက်မှာပါ။
ဘာဖြစ်လို့လဲဆိုတာ ဝေးထင်ပေါ် ရှင်းပြခဲ့ပါတယ်။ လူ့လောကထဲက လူသားပီပီ အချိန်တန်ရင် ချစ်မယ်ကြိုက်မယ်ပေါ့။ သဘာဝက တောင်းဆိုတာကိုး..။ သူတို့ဘ၀၊ သူတို့အချစ်၊ သူတို့စိတ်ကူးယဉ်အိပ်မက်အတိုင်း သူတို့မှာရှိတဲ့ တွေးတောတတ်တဲ့ အတိုင်းအတာထိ သူတို့ ရှင်သန်နေကြမှာပဲ။ ဘ၀က သင်ယူမှတ်သား ထားတဲ့ အတွေးအခေါ်အထိ ဘ၀သစ်တည်ဆောက်ကြတယ် ဆိုပါတော့.. တဲ့။

သူတို့အတွက် အဆင်ပြေခြင်း၊ မပြေခြင်းတိုတာက ကြာလာတော့ နေသားကျနေတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သွားပြီလေ…။ အဆင်ပြေမှ လက်ထပ်ကြမယ်ဆိုတဲ့ အတွေးမျိုး တွေးကောင်းတွေးမိကြမှာပေါ့။ ဒါပေမယ့် အဆင်ပြေမယ့်ရက်ကို သူတို့ မမျှော်စွမ်းသာကြဘူးလေ…။

နီးစပ်ရာက အတုမြင်အတတ်သင်ကြပြီး သူလိုကိုယ်လိုပဲ ဘ၀အတွက် ဆုံးဖြတ်ကြတော့တာပဲ..။

ကလေးကင်မွန်းတပ်ဆိုပေမယ့် ဗွီယိုရိုက်ပြီး မှတ်တမ်းတင်နေလေရဲ့။ ဖေါဖေါသီသီသုံးစွဲနိုင်လို့ မဟုတ်ပါဘူး။ ဒီဗွီဒီယိုက အလွမ်းပြေ ကြည့်ဖို့ပါတဲ့…။ ဒီကလေး သုံးလကျော်ရင် ရွာကိုပို့တော့မှာ။ ဟုတ်ပါတယ်။ သူတို့ကလေးတွေကို နို့ဖြတ်အရွယ်ထိ ပြုစုစောင့်ရှောက်ချိန် မရှိကြဘူး။ အလုပ်လုပ်ရဦးမယ်၊ ငွေရှာရဦးမယ်လေ..။

ခမ်းကီးတို့ရွှာကို လာလည်ရင်တော့ အပျိုမချောချောလှလှကို တွေ့ရမှာ မဟုတ်ဘူးနော်။ ကလေးငယ်ကို ထိန်းနေတဲ့ အဖိုးအဖွား၊ အဒေါ်ကြီး၊ အမေကြီး ဒါမှမဟုတ် ခရီးထွက်ဖို့ လမ်းစရိတ်မရှိတဲ့ ငမူးသမားတွေကိုပဲ တွေ့မှာ။

ခမ်းကီးတို့လည်း ကလေးကို လက်ချည်ဆုတောင်းပေးပြီးတာနဲ့ အပေါ်ထပ်မှာနေကြတဲ့ လူပျိုလေးတွေ အခန်းဆီ တက်လာခဲ့ကြတယ်။ သူတို့ အားရက်မို့ ဟင်းကောင်းတွေ ချက်စားကြမယ်။ ယမကာတွေနဲ့ ပျော်မြူးကြမယ်ပေါ့။ ဧည့်သည်ခမ်းကီးတို့ လာမယ်ဆိုတော့ စုံနေအောင် ချက်ပြုတ်နေကြတယ်။ အလုပ်လုပ်တဲ့ ရက်တွေမှာ ဆယ်ဘတ်တန် ဟင်းထုပ်ကို မ၀တစ်ဝ ၀ယ်စားကြရတာ ခုလိုအားလပ်ရက်မှာ တစ်ဝတစ်ပြဲ စားဖို့လဲပါမှာပေါ့။

အခန်းကျဉ်းကျဉ်းလေးထဲမျာ ငါးယောက်ခြောက်ယောက်တောင် စုပြီးနေကြတယ်ဆိုလို့ ခမ်းကီး အံ့သြသွားတယ်။ ရေချိုးအ၀တ်လျှော်နိုင်ဖို့၊ ခေါင်းချအိပ်စက်ရဖို့ပဲ အရေးကြီးတာပါတဲ့လေ…။ အင်းပေါ့လေ… ငွေများများစုရဖို့ အရေးကြီးတာကိုး။ အခန်းထဲရောက်တော့ ဘီယာအသင့်၊ အမြည်းတွေ အဆင်သင့်ပဲ။ သူတို့လူအုပ် မစုံကြတော့ ဝေးထင်ပေါ် မေးကြည့်လိုက်တယ်။ တစ်ယောက်က ကောင်မလေးအခန်းဆီလိုက်လည်၊ တစ်ယောက်က ကုန်တိုက်မှာ လမ်းသလား၊ တစ်ယောက်က အမျိုးတွေဆီလိုက်လည်နဲ့၊ ကိစ္စအသီးသီးနဲ့ရယ်။ လက်မှတ်မရှိလို့ ပုလိပ်ကြောက်တတ်တဲ့ လကျော်လည်း မတွေ့ပါလားလို့ ဝေးပေါ် ငဖြိုးကို မေးလိုက်တယ်။

‘ လကျော်တို့ကို သနားပါတယ် ဦးပေါ်ရာ၊ သူ့ညီမကို သွားအားပေးနေပြီထင်တယ်။ “
“ လကျော်တို့က ဘာဖြစ်နေကြလို့လဲ ‘ ဝေးထင်ပေါ် နားမလည်လို့ ငဖြိုးကို ပြန်မေးလိုက်တယ်။
“ ဟာ.. ဦးပေါ် မသိသေးဘူးလား။ လကျော်တို့ အဖေ ညတုန်းက ဆုံးသွားပြီလေ။ “
“ ဟေ …. တစ်ကယ်ပဲလား၊ “ ဝေးထင်ပေါ် အံ့သြသလို မယုံသလိုနဲ့။ ခမ်းကီးလည်း မယုံနိုင်အောင်ပဲ၊ ခမ်းကီး ခရီးမထွက်လာခင်က လကျော်တို့အဖေနဲ့ လမ်းမှာဆုံလို့ နှုတ်ဆက်ခဲ့သေးတယ်။
“ အရက်သောက်များသွားလို့လား၊ လေဖြတ်တာလား မသိဘူး။ သူတို့အမေ မနက်က ဖုန်းဆက်ကြောင်းကြားတာ။ ကျနော်တို့ မနည်းဘူး အားပေးဖြေသိမ့်ကြရတာ။” “ သူများတွေ ပြောကြတာက လကျော်တို့အဖေ စိတ်ညစ်လွန်းလို့ အရက်ကိုချည်း ဖိသောက်နေတာ။ သူ့မိန်းမကြောင့် စိတ်ဓါတ်ကျပြီး အရွဲ့တိုက်လိုက်တာတဲ့။ “
ဟာ… နှမြှောလိုက်တာကွာ လို့ ဝေးပေါ်ညည်းနေတယ်။ ဟုတ်ပါရဲ့။ လကျော်တို့အဖေ ဦးထွန်းဖြုက တစ်ကယ့်လူရိုးလူအေးကြီးပါ။ အလုပ်ကို ကြိုးစားပြီး မိသားစုကို တစ်ကယ်ဂရုစိုက်တဲ့လူ။ နောက်ပိုင်း သူ့မိန်းမ ဒေါ်သိန်းနှစ်လုံးထီလောင်းကစားလို့လား၊ အကြွေးတင်လို့ဆိုလား ရန်တစ်ဖြစ်ဖြစ်နဲ့။ ရှိမဲ့စုမဲ့ ရွှေရောင်း၊ ပြီးတော့ လယ်ပေါင်ယာပေါင်တဲ့အထိတောင် နှစ်လုံးထီလောင်းကစားခဲ့တယ်လို့ ကြားမိတယ်။

ခမ်းကီးတို့ဆီမှာ နှစ်လုံးထီအလောင်းကစားက ယဉ်ကျေးမှုအသစ်တစ်ရပ်လို ဖြစ်နေပြီလေ။ ဘယ်သူဘယ်ဝါကစလို့၊ ဘယ်လိုဘယ်လမ်းကနေ ပြန့်ပွါးလာသလဲ မသိဘူး။ အခုတော့ တောကြိုတောင်ကြားကရွာတွေအထိ ပျံ့နှံ့လို့။ လောင်းကစားဝါသနာပါ လူရင်းတွေ မဆိုထားနဲ့၊ ရိုးရိုးအအ လယ်သမားယာသမား အဖိုးကြီးအဖွားကြီးတွေဆီထိ ကူးစက်လို့ပဲ။ မနက်မိုးလင်းချင်း လူချင်းတွေ့ရင် ပထမဆုံး ဆွေးနွေးကြရတာက သူ့အိပ်မက်ကိုယ့်အိပ်မက်အကြောင်းတွေ။ တစ်ချို့က ပြာပြာသလဲ အချိန်လုပြီး ပြေးလွှားလှုပ်ရှားနေရတာက ဟိုဘိုးတော်၊ ဒီဘုန်းကြီးဆီက အတိတ်တောင်းကြဖို့။ တစ်ကယ့် စီးပွါးရေးသမားကြီးတွေလိုပါပဲ။ ဟိုရွာဒီရွာ ကူးလူးသွားလားနေတဲ့ ကော်မရှင်စားတွေကလည်း စည်ကားသိုက်မြိုက်လို့ရယ်။

အိပ်မက်ကောင်းလို့လား၊ ကော်မရှင်စားက အဆွယ်ကောင်းလို့လားတော့ မသိဘူး။ စာမတတ်ပေမတတ်တဲ့ ဖိုးဖိုးဖွားဖွားတို့ နှစ်လုံးထီထိုးကြတာ ဟုတ်လို့။ ရာဖိုးလောက်ပေါက်ဖူးပြီးရင် ထောင်ဖိုးရှိ နောက်ထပ်တစ်ကြိမ် ပေါက်ဦးမယ် ဆိုတဲ့ အိပ်မက်တွေနဲ့။ တစ်နေ့နှစ်ကြိမ်၊ တစ်ပါတ်ကိုဆယ်ရက်တောင်မှ မင်းဘယ်ပြေးမလဲ ဂဏန်းလေးနှစ်လုံးရယ်ပေါ့…။ ဒါပေမယ့် ရက်တွေကြာလာတော့ အကြွေး မိတ္တုတွေသာ ထပ်ကြပါလေတယ်။ အခုတော့ အိုးကွဲအိမ်ကွဲ၊ ဘ၀တွေပါကွဲလို့။

လကျော်တို့အမေက ရိုးရိုးအအ အိမ်ထောင်ရှင်မပါ။ နောက်ပိုင်းဘယ်လိုကနေ ဘယ်လောက်ထိတောင် ကစားခဲ့သလဲမသိဘူး။ သူ့ယောက်ျားသိတဲ့အချိန်မှာ အတွင်းပစ္စည်းကုန်လို့ လယ်ကိုပေါင်ရတဲ့အထိ လွန်နေပြီ။ ကော်မရှင်ချုပ်ဆီမှာ သိန်းငါးဆယ်နီးပါး မိတ္တုရှင်းဖို့ ကျန်သေးတယ်လို့ ကြားရတယ်။ ဒီမှာတင် ဦးထွန်းဖြူ စိတ်ထိခိုက်သွားပုံရတယ်။ လယ်ပစ်နွားပစ်ပြီး အရက်အိုးထဲ နှစ်နေတော့တာပဲ။ ငါးတန်းတက်နေတဲ့ သမီးကို ကျောင်းထုတ်ပြီး ဒီကိုအရင်ရောက်နေတဲ့ လကျော်ဆီ ပို့လာခဲ့တယ်။

ဒီလို ဦးထွန်းဖြူဒေါ်သိန်းတို့လို အဖြစ်မျိုးကို ခမ်းကီးတို့ရွာတင်မက နယ်တိုင်းမှာလည်း ဖြစ်ပျက်နေကြမှာပါ။ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုသစ်တောင် ဖြစ်နေပြီပဲ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာ ဗွီဒီယိုခွေမှာ ကျော်သွားလေ့ရှိတဲ့ တောသူတောင်သားတွေအဖို့ တွက်နည်းကောင်းရဖို့အရေးနဲ့ တည့်တိုးပေးတတ်တဲ့ ဘိုးတော်ကို ပသရေးက အရေးပါဦးမည်သာ…။

ဝေးထင်ပေါ်နဲ့ ခမ်းကီးလဲ စိတ်မချမ်းသာလွန်းလို့၊ လကျော်တို့ကို အားပေးဖို့ လကျော်တို့အခန်းဘက် ထွက်လာခဲ့တယ်။

ဝေးထင်ပေါ်ကို မြင်တာနဲ့ ငိုကြီးချက်မနဲ့ ပြေးဝင်ဖက်ပါလေရော။ တစ်ရှိုက်ရှိုက်ငိုနေတဲ့ သူ့ညီမလေးကို မြင်ရတာ ရင်တို့စရာရယ်ပါ။
“ ဦးပေါ်.. ကျနော်တို့ကို ကယ်ပါဦး ဦးပေါ်ရယ်။ ကျနော့်အဖေမရှိတော့ဘူး၊ ကျနော့်အဖေကို ကျနော်မမြင်ရတော့ဘူး.. “
ဝေးထင်ပေါ်ကို ဦးအရင်းလို၊ လူကြီးအရင်းတစ်ဦးလို အားထားကြတာမို့ ကလေးငယ်ပမာ အားကိုးတစ်ကြီးနဲ့ ဖက်ငိုနေတော့တယ်။ အဖေ့အသုဘအမှီပြန်မလို့ စီစဉ်နေကြတယ်။ ဦးထင်ပေါ်ကို ကားဂိတ်ဆီ လိုက်ပို့ဖို့ အကူအညီတောင်းတော့တယ်။ ခမ်းကီးတို့လဲ မနည်း ဖျောင်းဖျရတယ်။ သေချာစီစဉ်ကြဖို့ပေါ့။

ခဏအကြာမှပဲ လကျော်ဖုန်းမြည်လာတယ်။ အမေ့ဆီကတဲ့။
“ အမေ မကောင်းဘူး၊ အမေရက်စက်တယ်။ အမေ့ကြောင့် အဖေသေရတာ။ သားတို့ ဒီညပဲ ပြန်လာကြမယ်။ သားတို့ကို စောင့်ပါနော် အမေ။ အဖေ့ကို သားမြင်ချင်သေးတယ် အမေရယ်.. ဟီး .. ဟီး..” လကျော်က ပြောရင်းငိုရင်းနဲ့။
“ ….. … … .. “
“ ဘာ… ပြန်မလာနဲ့တော့။ မရဘူး။ အဖေ့ကို သား မြင်ချင်တယ်။ သား ပြန်လာမယ်။”
ကြည့်ရတာ သူတို့အမေ ပြန်မလာခိုင်းပုံရတယ်။
“ … … .. …. “
“ ဘယ်လောက်ပဲ ကုန်ကုန် သားပြန်လာမှာပဲ။ သားစရိတ်ကို သားဘာသာ သားရှာယူမယ် “
“ ….. .. … .. “
ဝေးထင်ပေါ် မနေသာလို့ထင်ပ။ လကျော်ရဲ့ဖုန်းကို လှမ်းယူလိုက်တယ်။ ပြီးတော့ ဖုန်းစပီကာကို ဖွင့်လိုက်တယ်။
“ နင်တို့ ပြန်လာလည်း ဘာထူးတော့မှာလည်း၊ သေတဲ့လူက ပြန်ရှင်လာမှာမှ မဟုတ်တာ…။ အမေ့အကြွားတွေ ကြေအောင် ဆက်နေပါဦး သားတို့ရယ်….။ အမေလည်း ရင်ကွဲမတတ် ခံစားရပါတယ်။ “
ငိုရှိုက်နေတဲ့ ဒေါ်သိန်းအသံကို အတိုင်းသားကြားနေရတယ်။ အဖေ့ရဲ့ နောက်ဆုံးမျက်နှာတောင် မြင်ခွင့်မရကြတော့ပြီလားကွယ်…။
“ မနက်ဖြန်ကျရင် အသုဘရောအလှူပါ တစ်ပါတည်း တရားနာရေစက်ချမယ်။ မွန်းလွှဲတစ်နာရီလောက်ကျရင် နင်တို့ မောင်နှမ အာရုံပြုပြီး သာဓုခေါ်ပေး၊ အမျှဝေပေးကြ.. ကြားလား…..”
အဖေ့ရဲ့ နောက်ဆုံးခရီးကို အဝေးကနေပြီး နှုတ်ဆက်ရတော့မှာလား။ ဘယ်လိုဘ၀ကံကြမ္မာ ကြောင့်လည်း ကလေးတို့ရယ်..။
ငိုနေတဲ့ လကျော်ညီမ မိနှင်းလည်း သူ့အမေစကားကြားပြီး သတိလစ်တော့တယ်။
“ အစ်မသိန်း ကလေးတွေကို သနားဦးလေ..။ အငယ်မ မေ့မြှောနေပြီ..။ “
ဂရုဏာဒေါသကြောင့် ဝေးထင်ပေါ် ဒေါ်သိန်းကို လှမ်းအော်နေတယ်။ ခမ်းကီးတို့လည်း မိနှင်းကို အလျင်အမြန် ပြုစုယူရတယ်။
“ ထင်ပေါ်ရယ် အစ်မကလေးတွေကို ၀ိုင်းစောင့်ရှောက်ပေးပါကွယ်။ အစ်မ စိတ်ထိခိုက်လွန်းလို့ ထင်ပေါ်ရယ်….”
ရှိုက်သံတွေက ဖုန်းထဲကရော၊ အပြင်ကရော ကမ္ဘာပျက်မတတ် ဆူညံသွားတာပဲ။ ရွာမှာ ခမ်းကီးတွေ့ဖူးတာက ကြေကွဲစရာ သားသမီးမရှိတဲ့ အသုဘပွဲတွေ၊ သားသမီးအမှီ ပြန်မရောက်နိုင်တဲ့ အသုဘပွဲတွေ။ အခုတော့ မိဘရဲ့ နာရေးကိုတောင် ပြန်ခွင့်မရတဲ့ သားသမီးတွေ….။

ဖုန်းထဲကနေ ဘေးလူတွေရဲ့ သူတစ်ခွန်းငါတစ်ပေါက် ပြစ်တင်သံတွေ၊ အကြံပေးသံတွေကို ကြားနေရတယ်။ ကျွန်မ ဘာမှ မသိတော့ဘူး၊ ကျွန်မ ဘာမှ မလုပ်တတ်တော့ဘူး.. ဟီး… ဟီး…။ အော်ဟစ်ငိုကြွေးနေတဲ့ ဒေါ်သိန်းအသံကို ကြားနေရတယ်။
ခဏနေတော့ ဒေါ်သိန်းအစ်မက မိနှင်းကို အမှီပြန်လာဖို့ ဝေးထင်ပေါ်ကို လှမ်းမှာနေတယ်။

မိနှင်းပြန်ရမယ် ဆိုပေမယ့် ပြသာနာက မပြီးသေးဘူး။ အဖေါ်ရဖို့ လူကြုံကို ထပ်ရှာရသေးတယ်။ အလာတုန်းကတော့ ရှယ်ကားဆိုပြီး ဟင်းသီးဟင်းရွက်ကြားမှာ ငါးချဉ်သိပ်သလို စီးလာနိုင်ပေမယ့်၊ အပြန်လမ်းက တစ်ယောက်တည်းမို့ ဘယ်စိတ်ချနိုင်မလဲ။ ဝေးထင်ပေါ်တစ်ယောက် ဟိုအလုပ်ရုံဒီအလုပ်ရုံက ရှိသမျှအသိတွေကို လိုက်မေးရတော့တာပေါ့။ ကံကောင်းလို့ ခမ်းကီးတို့ရွာအနီး ရွာတစ်ရွာက အစ်မကြီးတစ်ယောက်ကိုတွေ့တော့တယ်။ သူကလည်း သားသမီးနေမကောင်းကြလို့ အမြန်ပြန်ရမယ်ဆိုပဲ။

မိနှင်းပြန်ဖို့ စီစဉ်ထုပ်ပိုးစရာတွေကို အမြန်ဆုံး ၀ိုင်းလုပ်ရတာပေါ့။ ပိုက်ဆံဘယ်လောက်စုမိပြီလဲ မေးကြည့်တော့ အင်း.. ရွာရောက်တဲ့အထိတော့ လောက်နိုင်ပါရဲ့။ အလာလမ်းစရိတ်တော့ မကြေသေးဘူးလို့ လကျော်ပြောပြတယ်။ ရောက် ရောက်ချင်းလဲ အလုပ်မရခဲ့ဘူးလေ။ အကောင်သေးလွန်းတော့ အလုပ်ရှင် မလိုခဲ့ဘူး။ အသက်လိမ်ပြီး အတင်းကို အလုပ်သွင်းခဲ့ရတာတဲ့။ အတော်များများက အလုပ်ရဖို့အရေး အသက်လိမ်ခဲ့ကြရတယ်ဆိုပဲ။

ကားဂိတ်ထိလိုက်ပို့ဖို့က ဝေးထင်ပေါ်ရဲ့ တာဝန်ပါ။ ရွာပြန်မယ့် ခမ်းကီးတို့ ရွာသားတွေ ဝေးထင်ပေါ်ကို အကူအညီခေါ်နေကြပဲတဲ့။ ခမ်းကီးကိုလည်း ဘန်ကောက်ရဲ့ကားဂိတ်ကြိးကို ရောက်ဖူးသည်ရှိအောင် ခေါ်ခဲ့တယ်။ ညနေပိုင်းမှာ တက္ကစီငှါးပြီး မော်ချစ်လို့ခေါ်တဲ့ ကားဂိတ်ကြီးကို ထွက်လာခဲ့ကြတယ်။

ကားဂိတ်က အတော်ကြီးပြီး သားသားနားနားရယ်ပါ။ ကားဂီတ်ထဲရောက်တော့ လူတွေနားနေတဲ့ အလယ်နားလောက်က ခုံလွတ်မှာ မိနှင်းနဲ့ အဖေါ်အစ်မကြီးကို ဝေးထင်ပေါ် ထိုင်ခိုင်းလိုက်တယ်။ ဘေးနားမှာထိုင်ရင် တောကြောင်တွေ ချီသွားမယ်တဲ့။ ဟုတ်သားပဲ။ ပုလိပ်တွေ လမ်းသလားနေတာတွေ့ရတယ်လေ။ လုံခြုံရေးအတွက် ကင်းလှည့်တာလား၊ အချဉ်ရနိုင်မယ့် ရွြှေ့မန်မာကို လိုက်ချောင်းနေတာလားတော့ မသိဘူး။ အတွေ့အကြုံရှိတဲ့ ဝေးထင်ပေါ်က သတိရှိပုံရတယ်။ သူတို့ကို ထားခဲ့ပြီး ကားလက်မှတ် သွားဝယ်ပေးလိုက်တယ်။

ကားလက်မှတ်ဝယ်ပြီး စားသောက်ဆိုင်ဘက်မှာ ခမ်းကီးတို့ အနားယူကြတယ်။ ဝေးထင်ပေါ်က မော်ချစ်ကားဂိတ်ကြီးရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ ကားလက်မှတ်ရလည်းမပြီး၊ ကားပေါ်ရောက်လည်း စိတ်မချရ၊ ကားထွက်ပြီးမှ စိတ်အေးရတယ်လို့ ညည်းရှာတယ်။ ဘန်ကောက်မြို့နယ်နိမိတ်အတွင်းက လက်မှတ်ကိုင်သူတွေအတွက် စိတ်ချရပေမယ့် တစ်ခြားနယ်က ပြန်လာတဲ့သူတွေ ဒုက္ခရောက်ကြတယ်။ နယ်ကျော်ဆိုပြီး ပုလိပ်တွေ ရိုက်စားကြတယ်။ ကိုယ့်ရွှေမြန်မာတွေကလည်း ထိုင်းတွေကြားမှာ သိသာလွန်းတယ်လေ။ အိမ်အပြန်လက်ဆောင်လား၊ စုဆောင်းထားတဲ့ ရိက္ခာလား မဆိုနိုင်။ လူတစ်ယောက်ကို အနည်းဆုံး မြွေခွံအိတ်ကြီး နှစ်လုံး၊သုံးလုံးက ပါနေကြ။

ကားထွက်ခါနီးပြီမို့ မိနှင်းတို့ကို နယ်စပ်ထွက်ဂိတ်အမှတ်ဆီ ခေါ်လာခဲ့တယ်။ ကားကလွယ်လွယ်နဲ့ ဂိတ်မထိုးတော့ ကို့ယိုးကားယားနဲ့ မတ်တပ်ရပ်နေရတယ်။ တောကြောင်တွေ လမ်းသလားနေတော့ မိနှင်းအတွက် စိတ်ပူမိတယ်။ အဲဒီမှာတင် ခမ်းကီးအသိမိတ်ဆွေ လင်မယားနဲ့ တွေ့ခဲ့တယ်။ ဘာလာလုပ်ကြတာလဲလို့ မေးတော့ သူငယ်ချင်းတစ်ယောက်ကို အဖေါ်လိုက်လာတာတဲ့။ ကလေးလာပို့တာတဲ့။ ခမ်းကီးလှမ်းကြည့်တော့ မျက်ရည်ရွဲနေပြီး ကလေးသိပ်နေတဲ့ ကလေးအမေတစ်ယောက်ကိုတွေ့လိုက်တယ်။ ကလေးအမေက မပြန်ဖြစ်ဘူး။ လူကြုံနဲ့ ထည့်ပြန်မှာတဲ့…။ မခွဲရက်ပေမယ့် ခွဲရမှာ ဘယ်ဖြေသာမလဲလေ..။

ကားဝင်လာပြီးလို့ မိနှင်းတို့ အထုပ်တွေကို ၀ိုင်းတင်ပေးကြတယ်။ ကားပေါ်အထိလိုက်ပို့နေချိန်မှာ ပုလိပ်တွေ ကားပေါ်အထိ လာစစ်နေတယ်။ အားလုံးပဲ မှတ်ပုံတင် အသီးသီး ထုတ်ထားကြပါတဲ့။ သွားပြီ မိနှင်းတော့..။ စိတ်အေးအေးထားဖို့ ဝေးထင်ပေါ် မိနှင်းကို အားပေးလိုက်တယ်။ မိနှင်းမျက်ရည်ဝဲပြီ။ ကြောက်လွန်းလို့ လက်တွေတောင် တုန်ရီနေတယ်။ လက်မှတ်မရှိတဲ့လူ ကားပေါ်ဆင်းလာခဲ့..တဲ့။ ပုလိပ်နောက်လိုက်သွား။ နောက်ကနေ လိုက်ရွေးပေးမယ်လို့ မိနှင်းကို အားပေးလိုက်တယ်။

ဝေးထင်ပေါ်လည်း အပြေးအလွှားနဲ့ သွားရွေးနေတယ်။ ကားနောက်ကျရင် ပိုပြီး ဒုက္ခရောက်မှာ။ ကားတန်းအမှီ ပြန်ဆင်းရမှာ။ ကားတန်းအစောကြီးဆင်းရင် သူ့အဖေကို မိနှင်းမြင်ရမှာပါ။ ကားတန်းနောက်ကျရင်တော့ ….။

နာရေးကိစ္စနဲ့ ဒုက္ခရောက်နေကြောင်း ဝေးထင်ပေါ်ခမျှာ ကြိုးစားပြီး ရှင်းပြပေမယ့် ပုလိပ်တွေက မလွှတ်နိုင်ဘူးတဲ့။ နောက်ဆုံးတော့ ဘတ်တစ်ထောင်ကေးလိုက်ရတယ်။ ငိုယိုပြီးတောင်းပန်နေတဲ့ ရွှေမြန်မာတွေ တစ်အုပ်ကြီး ရှိနေတာတွေ့မိလိုက်တယ်။ ငါတို့ ကံကြမ္မာ ဘယ်ကလာပါလိမ့်…။

ကားထွက်တော့မှာမို့ အပြေးအလွှား ပြန်လာခဲ့ရတယ်။ လိုအပ်တာတွေ ဝေးထင်ပေါ် ရှင်းပြလိုက်တယ်။ လမ်းမှာ ဘယ်ဂိတ်ရောက်ရင် ဘယ်လိုရှင်း၊ ဘယ်လိုပေးဖို့ပါ။

လူမသိနတ်မမြင်တဲ့ ခမ်းကီးတို့ ရွာသားဖြစ်အင်မျိုး ဘယ်တော့မှ အဆုံးသတ်လေမလဲ …။ ဘယ်လောက်ထိ ရင်ဆိုင်နေကြရဦးမလဲကွယ်…။

မိနှင်းရယ်… နင့်ရဲ့ချွေးစက်၊သွေးစက်တွေကို ဂိတ်အသီးသီးမှာ ရေစက်ချပြီး နင့်အဖေရဲ့ နောက်ဆုံးမျက်နှာကို မြင်နိုင်ပါစေ.. လို့။


ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

ဘ၀တစ်ခု (သို့မဟုတ်) အလွှာသစ်လူတန်းစား




အရင်တစ်ခေါက်က ပြောပြဖို့ကျန်တဲ့ ခရီးသွားအတွေ့အကြုံလေးတွေ ရေးမယ်ဆိုပြီး အချိန်ဆွဲခဲ့တာ အခုမှရေးဖြစ်တယ်။
အမြဲတမ်း အလုပ်များချင်ဟန်ဆောင်တတ်တဲ့ ခမ်းကီးရဲ့ အကျင်ပါ့။ (ကြော်ငြာ) ဒီလိုပါ။ ထိုင်းနိုင်ငံရောက်တုန်း ရွာသားတွေရဲ့ မင်္ဂလာပွဲ သွားဖို့ရယ်၊ ကွမ်းယာဝါးချင်တဲ့ အကြောင်းရယ်ပါ။

သတို့သားကလည်း ခမ်းကီးမသွားမှာစိုးလို့ တစ်ချိန်လုံး ဖုံးဆက်နေရော။ သူ့ခမျှာ ခမ်းကီးလိုဧည့်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ဧည့်ခံပြုစု ချင်ပုံရတယ်။ သူတို့ရွာသားလည်း လေယဉ်ပျံနဲ့ နိုင်ငံခြားကို လာနိုင်ကြောင်း သူ့အပေါင်းအသင်းတွေကို ကြွားချင်ပုံရတယ်။ (မိမိအထင်) စနေနေ့ညနေမှာပဲ လူပျိုကြီးဦးထင်ပေါ်ကို လွှတ်ပြီး လာကြိုခိုင်းလေရဲ့။

ကိုထင်ပေါ်က ရဟန်းလူထွက် လူပျိုကြီး။ ဒီကိုရောက်တဲ့လူတွေ သူ့ကို ဆရာတစ်ဆူလို အားထားနေကြလေရဲ့။ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီဖို့ပဲဖြစ်ဖြစ်၊ အလှူအတန်းလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ ရန်ပွဲကို ဖြေရှင်းဖို့ပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး လင်မယားရန်ဖြစ်လို့ ကြောင်းကျိုးကြီးငယ် ဖြေရှင်းဖို့အထိ သူမပါရင် မပြီးတတ်ဘူး ဖြစ်နေတာ။ တိုင်းတစ်ပါးရောက်နေတဲ့ ရွာသားတွေ လူကြီးအရာအဖြစ် အားကိုးကြတာပါ။ သူကလဲ အားလုံးအတွက်ကို စိတ်ရှည်ရှည်ထား၊ စေတနာအပြည့်နဲ့ ကူညီခဲ့ပါတယ်။ ဘန်ကောက်ရောက်တာ ကြာပြီလားလို့ မေးရင်တော့ ဆယ်နှစ်လောက် ရှိပြီဆိုပေမယ့်၊ အိမ်ကို ဘယ်လောက်ထိ ပို့ပေးလဲ့ပြီလဲလို့ မေးရင် ခပ်ပြုံးပြုံးလေးနဲ့ ဘာမှ မပို့နိုင်သေးဘူးဟာ လို့သာ ကြားရတော့တယ်။ သူ့ရဲ့ လူမှုရေးစိတ်ဓါတ်နဲ့ စေတနာကိုတော့ ချီးကျူးမိပါတယ်။


ခမ်းကီးနဲ့က ရွာမှာကတည်းက ရင်းနှီးခဲ့တာမို့ ဒီအထိ ခမ်းကီးအလည်ရောက်တော့ သူဝမ်းသာမဆုံး ဖြစ်နေတယ်။ မေးလိုက်တဲ့ ရွာအကြောင်း၊ လူတွေအကြောင်းတွေ၊ ဖြေရတာ မောဟိုက်သွားတယ်။ အဝေးရောက် လူတိုင်း ဒီလိုပဲ ဖြစ်ကြမယ် ထင်ပါရဲ့။

“ ခမ်းကီး.. မနက်ဖြန် မင်္ဂလာပွဲကို ဖြစ်အောင်သွားရမယ်နော်။ တိုင်းတစ်ပါးရောက်နေတဲ့ ငါတို့ရွာသားတွေရဲ့ မင်္ဂလာပွဲကို နင့်ကို မြင်စေချင်တာ။ ကလေးတွေကိုလဲ သွားအားပေးပေါ့။”

“ သွားချင်ပါတယ်။ ဒါပေမယ့် ဖရမ်ဆောင်(Rama 2)က အဝေးကြီးဆို။ တနင်္ဂနွေဆို ပုလိပ်တွေ အရမ်းရှုပ်တယ်ဆို။ “
“ နင့်လက်မှတ်ပါတာပဲ ဘာမှကြောက်စရာ မလိုပါဘူး။ တနင်္ဂနွေနေ့က ကားသိပ်မကြပ်ပါဘူးဟ..။ သတို့သားရော သတို့သမီးရော နင့်ဆီ သကြားလုံး မပို့ပေမယ် ငါ့ကို အရခေါ်ခိုင်းတာ။ “
“ သကြားလုံးက ဘာအဓိပ္ပါယ်လဲ ဝေးပေါ်ရ..။ “
“ ဒီလိုဟ…။ ဒီမှာက ရွာလို ဘယ်တူနိုင်မလဲ။ ဖိတ်စာပို့ဖို့၊ ဆေးလိပ်ကမ်းဖို့က မဖြစ်နိုင်ဘူးလေ။ ဒီမှာက ထုံးစံတစ်မျိုးထွင်ရတာပေါ့။ ကိုယ်အလုပ်ရုံတစ်ရုံထဲကလူတွေ၊ နီးစပ်တဲ့ အလုပ်ရုံကလူတွေကို သကြားလုံးပေးပြီး အကြောင်းကြား ဖိတ်ရတယ်လေ။ တနင်္ဂနွေနေ့ အားရက်ပဲ ရကြတော့ အချိန်လုပြီး လှုပ်ရှားနေရတာ။ ကိုယ့်အချင်းချင်း သိဖို့က အဓိကပဲလေ”

အော်.. ဒီလိုလားလို့သာ ပြောနိုင်ပြီး တိုင်းတစ်ပါးရောက် သူတို့လေးတွေရဲ့ ဘ၀ကို နားလည်သဘောပေါက်ရတော့တယ်။ ရွာမှတုန်းက မြင်ဖူးတဲ့ အဝေးရောက်သူတို့လေးတွေရဲ့ မင်္ဂလာဆောင် ဗွီဒီယို ကြည့်ရတာ ပျော်ဖို့တောင်ကောင်းသေးတယ်။ အင်း.. မနက်ဖြန်ကျရင် သွားဖြစ်အောင် သွားရမယ်။

ခမ်းကီးတည်းတဲ့နေရာနဲ့ သူတို့အလုပ်ရုံက တစ်နာရီကျော်တောင် လိုင်းကားစီးရတယ်။ ဒါတောင် ကားရှင်းတဲ့ တနင်္ဂနွေနေ့မို့တဲ့။ အင်း တစ်ခြားရက်တွေဆို ဘယ်လောက်ထိ ကြာမလဲ မပြောနိုင်။ မြို့လယ်နဲ့ ဖရမ်ဆောင်(Rama 2) လမ်းမကြီးအထိရောက်ဖို့တောင် မိနစ်လေးဆယ် ကျော်ကြာနေပြီ။ အဲဒီ ဖရမ်ဆောင်(Rama 2) လမ်းမကြီးက မြန်မာပြည်သား အများဆုံး အလုပ်လုပ်နေကြတဲ့ မဟာချိုင်းမြို့အထိ ရောက်တယ်ဆိုပဲ။ ဒီလမ်းမတစ်လျှောက် ဘေးဝဲယာက အလုပ်ရုံတွေမှာ မြန်မာပြည်သားတွေ တစ်ပုံကြီးလို့ ဝေးပေါ် ရှင်းပြပါတယ်။

“ ခမ်းကီး… ကားပေါ်ကနေ ကားမှတ်တိုင်တွေမှာ သတိထားပြီးကြည့်။ တောကြောင်တွေ၊ မြေခွေးတွေ သားကောင်တွေ လိုက်ဖမ်းတာ နင်တွေ့ရမယ် “
“ ဗျာ “ ဝေးပေါ်စကားကို ခမ်းကီးနားမလည်လို့ ကြောင်သွားတယ်။ ဘာအဓိပ္ပါယ်ပါလိမ့်။ ခမ်းကီးမမေးခင်မှာပဲ ဝေးပေါ် ပြန်ရှင်းပြလေတယ်။
“ ဒီလိုဟ… အမဲရောင်ပုလိပ်ကားတွေ၊ အ၀ါရောင် ဦးထုပ်နဲ့ ဆိုင်ကယ်စီးနေတဲ့ ပုလိပ်တွေကို သတိထားမိလား။ ဒီလို တနင်္ဂနွေနေ့မှာ သူတို့ ရီုက်စားပဲ။ လူဆိုးလူမိုက်တွေကို လိုက်ဖမ်းဖို့ လှည့်နေတာမဟုတ်ဘူး။ မြန်မာပြည်သားတွေကို ရိုက်စားထုစားဖို့ လိုက်လှည့်နေကြတာ။ “
“ ဟေ.. “ နားမလည်နိုင်အောင်ဖြစ်လို့ ဟေကနဲ ခမ်းကီးဖြစ်သွားတယ်။ လက်မှတ်မရှိတဲ့လူတွေကို လိုက်ဖမ်းတာလားလို့ မေးကြည့်တော့
“ လက်မှတ်ရှိရော၊ မရှိရော အကုန်ဆွဲတာ၊ ပြီးမှ ပိုက်ဆံကုန်နည်းတာနဲ့ များတာပဲ ကွာတာ။ နင်ကြည့်နေ အခန်းရောက်မှ နင့်ကို ငါရှင်းပြမယ်။ “ ခမ်းကီးနှုတ်ဆိတ်ပြီး ဝေးပေါ်ပြောသလို ကားမှတ်တိုင်တွေမှာ လိုက်ကြည့်ခဲ့တယ်။

တစ်အောင့်လောက်အကြာမှာ လူရှင်းတဲ့ ကားမှတ်တိုင်တစ်ခုမှာ ပုလိပ်ကားတစ်စီးရပ်နေတာတွေ့ရတယ်။

ခုံးကျော်တံတားတိုင်အကွယ်မှာ ပုလိပ်တစ်ယောက် လူငယ်လေးနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေတာ တွေ့လိုက်ရတယ်။ သူငယ်နှစ်ကောင် မျက်နှာသေလေးတွေနဲ့..။ သေချာပါပြီ။ ဒီကောင့်သားနှစ်ယောက် မြန်မာပြည်သားမှ မြန်မာပြည်သားစစ်စစ်။ ၀တ်စားပုံက အချိုးမပြေတဲ့ ဒီဇိုင်းတွေနဲ့။ ပုလိပ်က သူတို့ ပိုက်ဆံအိတ်ကို မွှေနှောက်နေတာ တွေ့ရတယ်။ ဝေးပေါ်ပြောတဲ့ သားကောင်ဆိုတာ အခုမှ သေသေချာချာကို တွေ့ရတော့တယ်။ ကြောက်လန့်ပြီး ငြိမ်ကုပ်နေတဲ့ သူတို့ရုပ်က တစ်ကယ့်သားကောင်ရယ်ပါ။

လိုင်းကားကျော်လွန်သွားတော့ သူတို့ဘာတွေ ဆက်ပြီး ဖြစ်ပျက်နေကြမလဲဆိုတာ မပြောနိုင်တော့ဘူး။ ရွာမှာနေတုန်းက ကြားနေရတဲ့ ပုလိပ်ရှုပ်တယ်တယ်ဆိုတဲ့ နေရာကို ရောက်နေမှကိုး။ ရောက်ခါနီးပြီလားလို့ ဝေးပေါ်ကို မေးကြည့်တော့။ လိုသေးတယ်၊ နင်ဆက်ြ့ပီးကြည့်နေ ထပ်တွေ့ရဦးမယ်တဲ့။ သူကပြုံးစိစိနဲ့။

အိနြေ္ဒရရသွားလာနေကြတဲ့ ထိုင်းတွေကြားမှာ မြန်မာပြည်သားကိုမှ ဘယ်လိုရွေးပြီး ဖမ်းတတ်ကြသလဲလို့ တွေးမိသား။ ရွာသားတွေ ပြောပြဖူးတဲ့ သူတို့အတွေ့အကြုံကို နားထောင်ခြင်းဖြင့် ဒီထိုင်းပုလိပ်တွေ ၀ါရင့်မုဆိုးဖြစ်ကုန်မှန်း ခန့်မှန်းမိတယ်။

Express Way တံတားတစ်ခု အကျော်မှာ ဦးထုပ်ဝါဆိုင်ကယ်စီး ပုလိပ်နှစ်ယေက် ကောင်းမလေးနှစ်ယောက်ကို စစ်ဆေးနေတာ တွေ့ရပြန်ရော။ ကောင်မလေးတွေက အ၀တ်အိတ်တွေနဲ့။ သူတို့ပုံစံက အခန်းပြောင်းဖို့လား၊ အလုပ်ရုံပြောင်းဖို့လား တစ်ခုခုဖြစ်ပုံရတယ်။ ဒီတောကြောင်နှစ်ကောင်ရဲ့လက်ထဲက လွှတ်လမ်းမရှိတဲ့ သားကောင်တွေ။ သူတို့ရုပ်ရည်က ပအိုဝ်းမလေး မဟုတ်ရင် ကရင်မလေးဖြစ်ဖို့များတယ်။ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူလေးတွေ။ အို… သူတို့ပိုက်ဆံကို ယူသွားတာထက် သူတို့ တစ်ခုခုများ ဖြစ်သွားမလား ဆိုပြီး ခမ်းကီးရင်ထဲ ဒိတ်ကနဲဖြစ်သွားတယ်။

သူတို့ကိုယ်စား ခမ်းကီးရင်ထိတ်လာရင်းက စင်ထရယ်ရ်(Central Rama 2) ဆိုတဲ့ ကုန်တိုက်ကြီးရှေ့တောင် ရောက်လာခဲ့တယ်။ ဝေးပေါ်က ရောက်ခါနီးပြီဆိုပြီး ဆင်းဖို့ လက်ကုတ်လိုက်တယ်။ မနက်ကုန်တိုက်ဖွင့်ချိန်ထင်ပ။ လူတွေ လှုပ်လှုပ်ရှားရှား စည်စည်ကားကားနဲ့ရယ်။ ဝေးပေါ်က နေ့လယ် မင်္ဂလာပွဲပြီးမှ ကုန်တိုက်ပေါ် လာလည်ကြမယ်လို့ ပြောနေတယ်။ မင်္ဂလာပွဲရှိတဲ့ အလုပ်ရုံက ကုန်တိုက်အနောက်ဖက်ခြမ်း ဆိုင်ကယ်တစ်ဆင့် ထပ်စီးပြီးမှ ရောက်တော့တယ်။

ရှစ်ထပ်အမြင့်ရှိ တိုက်ခန်းကြီးတစ်လုံးရှေ့ရောက်ခဲ့တယ်။ အခန်းပေါင်း ငါးရာကျော်ရှိတယ်လို့ ဝေးပေါ်ရှင်းပြတယ်။ အိမ်ခြေအနေနဲ့တွက်ရင် ရွာကြီးတစ်ရွာစာလောက်တောင်ရှိတယ်။ ခမ်းကီးရွာသားချည်းက အခန်းပေါင်း သုံးဆယ်ကျော်နေပြီတဲ့..။ ရွာကလူတွေ ဒီကို ရောက်ကုန်ပြီထင်ပ။ သွားလာနေကြတဲ့ ရွာက ကလေးတွေကို အရင်တွေ့လိုက်တယ်။

‘ ဟယ် ဝေးခမ်းကီး။ ဘယ်တုန်းကရောက်လာတာလဲ၊ ဘယ်သွားမလဲ၊ ကျမတို့မခန်းကို လာလည်နော်။ “
“ ဦးခမ်းကီး … ကျနောတို့အခန်းကိုလဲ လာလည်နော်၊ ဦးခမ်းကီးကို ကောင်းကောင်း ပြုစုမှာ၊ ခဏနေ ကျနော် လာကြိုမယ်နော်။ “

‘ မင်းတို့ကောင်တွေ တယ်ထွားနေကြပါလား၊ မှတ်တောင် မမှတ်မိဘူး၊ “

ရွာက ကလေးတွေ သူတစ်ခွန်းငါတစ်ပေါက်နဲ့ ခမ်းကီးကို နှုတ်ဆက်လိုက်ကြတာ။ ကြည့်စမ်း. ရွာမှာတုန်းက ပိစိကွေးလေးတွေ၊ ဒီမှာရောက်မှ ထွားလိုက်ကြတာ။ သူတို့ကို ကြည့်ရတာ ပျော်လို့၊ ရွှင်လို့။ သူတို့ ရပ်ရွာလို မှတ်နေကြသလား မဆိုနိုင်။

ကိုထင်ပေါ်က ဦးဆောင်ပြီး မင်္ဂလာဆောင်တဲ့ အခန်းပေါ် တက်လာခဲ့ကြတယ်။ ခြောက်ထပ်မြောက်မှာဆိုလို့ ဓါတ်လှေကားနဲ့ တက်လာခဲ့ကြတယ်။ တော်တော်ညစ်ပတ်တဲ့ ဓါတ်လှေကားရယ်ပါ။ သာမန်ရပ်ကွက်က သာမန်အလုပ်သမားများ နေကြတဲ့ တိုက်ခန်းမို့လား မဆိုနိုင်။ အမှိုတ်တွေ၊ ရေးရာခြစ်ရာတွေနဲ့၊ ကွမ်းတံထွေးရည်တောင် ပါလိုက်သေးတယ်။

အပေါ်ရောက်တော့ လူတွေ အတော်များများတောင် ရောက်နေတာတွေ့ရတယ်။ ခမ်းကီးရွာသားရော၊ တစ်ခြားအရပ်ဒေသက လူတွေရော စုံလို့။ သောက်စားတတ်တဲ့ ယောက်ျားလေးတွေအတွက် အခန်းသုံးလေးခန်း၊ မိန်းကလေး ဧည့်သည်တွေအတွက် ကျွေးမွေးဧည့်ခံတဲ့ အခန်းတွေနဲ့။ သတို့သား၊ သတို့သမီး လက်ချည်တဲ့ အခန်းကို ရောက်လာခဲ့ကြတယ်။
“ ဦးထင်ပေါ်တို့ ဦးခမ်းကီးတို့ ရောက်လာပြီဟေ့..။ လာ.. လာဦးတို့ သတို့သားသတို့သမီးက မျှော်နေတာ။ “
“ ဝေးခမ်းကီး လာမှလာပါ့မလားလို့ မျှော်နေတာ။ ဦးထင်ပေါ်အတွက် ကျနော်တို့ အလယ်တိုင် ကိုချန်ထားပေးတယ်၊ ဆုကောင်းကောင်းလေးနဲ့ လက်ချည်ပေးနော်ဦးပေါ် “
အလယ်တိုင် ဆိုတာက လက်ချည်ပေးမယ့် မော်ဆရာအတွက်ထားလေ့ရှိတဲ့ အရက်ကိုပြောတာပါ။ ကန်တော့ပွဲတင်တဲ့ အရက်ပါ။ သူတို့လေးတွေက လက်ထပ်ထိမ်းမြှားခြင်းဆိုတဲ့ ထုံးစံအပြည့်နဲ့ရယ်။ သတို့သားက ရခိုင်ပုဆိုးအင်္ကျီအဖြူနဲ့၊ သတို့သမီးကလည်း မြန်မာဆန်ဆန် ၀တ်စုံလေးနဲ့ပါ။ မြန်မာပစ္စည်းလာရောင်းတဲ့ လူတွေဆီက အော်ဒါမှာထားရတယ်လို့ ပြောတယ်။ ကောင်လေးတစ်ယောက်က စာအိတ်တစ်လုံးနဲ့ သကြားလုံး၊ ဆေးလိပ်ကို လာကမ်းပေးတယ်။ လက်ခံဧည့်ခံခြင်းပေါ့။ စာအိတ်က သူတို့ကို ကူညီဖို့ လက်ဖွဲ့စာအိတ်လေးပေါ့။

ခမ်းကီးလည်း တတ်နိုင်သလောက် အနီရောင်(ရာတန်) သုံးလေးရွက်လောက် ထည့်လိုက်ပါတယ်။ (စရိတ်နည်းနေလို့)။ လူတွေများလို့ လုပြီးတောင် လက်ချည်ပေးခဲ့ရတယ်။ သူတို့က မရိုးနိုင်တဲ့ မုန့်ဟင်းခါးနဲ့ ဧည့်ခံရှာပါရဲ့။ ဘီယာပေါတဲ့အရပ်မို့ သောက်စရာတွေ ဖာပေါင်းမနည်းဘူး။ လူပျိုတစ်ချို့ ရေချိန်ကိုက်လို့ အသံကျယ်ကျယ် လောင်လောင်နဲ့ အော်လို့ဟစ်လို့။ ခမ်းကီးတို့ကိုတော့ လူရှင်းတဲ့ အခန်းတစ်ခန်းမှာ ဧည့်ခံလိုက်တယ်။

ခမ်းကီးနဲ့ ဝေးထင်ပေါ်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် သူတို့တွေ လက်ထပ်ကြရသလဲဆိုတာ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အဓိကကတော့ မိဘတွေနဲ့ဝေးနေကြလို့ပေါ့။ ထိန်းသိမ်းပေးမယ့်လူမရှိဘူး။ သွန်သင်ဆုံးမမယ့် လူကြီးမရှိဘူး။ ပညာဆို ဝေလာဝေးပေါ့။ အများအားဖြင့်က လေးငါးတန်းနဲ့တင် ကျောင်းထွက်ပြီး တိုင်းတစ်ပါးကို ရောက်လာကြရတာ။ ဆိုးဆိုးရွားရွားထိ ဘ၀မပျက်စီးအောင် နေနိုင်ကြတာက ပတ်ဝန်းကျင်ကပေးတဲ့ အသိတရားနဲ့ရယ်။ ပတ်ဝန်းကျင် အပေါင်းအသင်းကောင်းလို့ လိမ်လိမ်မာမာ ထိန်းထိန်းသိမ်းသိမ်း နေနိုင်တဲ့သူတွေ ရှိသလို၊ အပေါင်းအသင်းမကောင်းလို့ ပျက်စီးနေတဲ့ လူတွေ တစ်ပုံကြီးပေါ့။ နေ့စဉ် သိရှိသင်ကြားလာခဲ့တာတွေက တီဗွီ၊ ဗွီဒီယို စတဲ့ သူတို့နဲ့ အနီးစပ်ဆုံးအရာမျှသာ။ အခုလို လူသိရှင်ကြား အကြင်လင်မယားဖြစ်ဖို့ တွေးမိတာကလည်း ရွာမှာတုန်းက ဖြင်ဖူးတွေ့ဖူးတဲ့ ဓလေ့ထုံးစံ မို့သာပေါ့။ ဘ၀ရဲ့တန်ဖိုးကို နားလည်တတ်ကြသေးလို့ တော်ပါသေးရဲ့။

ဘီယာလေးငါးလုံးလောက် ကုန်ပြီးချိန်မှာ ကွမ်းယာစားချင်တယ်လို့ ခမ်းကီးညည်းတော့ အခန်းကိုင်ရှင်ရဲ့သမီးလေးက အောက်ထပ်မှာရောင်းတယ်ဆိုလို့ ဆင်းပြေးဝယ်ရှာတယ်။ ဒီမှာက မြန်မာပြည်ပစ္စည်းဆို မရှိတာက မိနဲ့ဖဆိုပဲ။ အခန်းထဲမှာ ဆိုင်ခန်းဖွင့်ပြီး ရောင်းတာရှိသလို ကားနဲ့လာရောင်းကြတာလဲ ရှိတယ်လို့ပြောတယ်။ အခန်းပိုင်ရှင် ကိုထွန်းလူကလည်း လင်ရောမယားရော ကလေးပါ ဒီကို အကုန်ရောက်နေကြတာ။ သူ့တို့သမီးငယ်က လေးတန်းအောင်ပြီးလို့ အလယ်တန်းတက်ရမှာ။ ဆက်မထားနိုင်တာလား၊ စိတ်မချတာလား မသိနိုင်။ အခုတော့ တိုင်းတစ်ပါး ရောက်နေလေရဲ့။ အဖေအမေတွေ အလုပ်ဆင်းရင် ဒီမှာပဲမွေးတဲ့ မောင်ငယ်လေးကို ထိန်းဖေါ်ရတယ်လို့ ကိုထွန်းလူက ပြောတယ်။ ခမ်းကီးတို့ရွာသားတွေများ နိုင်ငံခြားထွက်မယ့် လက္ခဏာတွေ ပါလာကြလေသလား မဆိုနိုင်။ ဘာဗေဒင်၊ ဘာယတြာမှ မလိုပဲ အသက်တစ်ဆယ်စွန်းစွန်းနဲ့တင် အော်တိုမစ်တစ်ကို နိုင်ငံခြားရောက်လာကြပြီ။ မြေလျှိုးလို့ပဲဖြစ်ဖြစ်၊ မိုးပျံလို့ပဲ ဖြစ်ဖြစ်၊ တောင်ကျော်လို့ပဲ ဖြစ်ဖြစ် သူများနိုင်ငံရောက်သွားမှတော့ နိုင်ငံခြားပဲပေါ့နော။

စကားပြောလို့ အရှိန်ကောင်းတုန်း ကောင်းလေးတစ်ယောက် အပြေးအလွှားနဲ့ ရောက်လာတယ်။

“ ဦးထင်ပေါ်.. ဦးထင်ပေါ်.. ပုလိပ်တွေ ၀င်လာတယ်နော်။ လက်မှတ်မရှိတဲ့လူတွေကို ရှောင်နေခိုင်းလိုက်ပါ။ တိုက်ရှေ့မှာ လက်မှတ်မရှိတဲ့ လူ သုံးလေးယောက်ကို ဆွဲသွားပြီတဲ့။ “
ကောင်လေးက အထိတ်တလန့်နဲ့ ဝေးထင်ပေါ်ကို လာတိုင်နေတယ်။
“ အပေါ်တက်လာမလို့ တံခါးမှူးနဲ့ စကားပြောနေတယ်။ “
“ အင်း.. ယိုဒယားတွေ တိုင်ပြန်ပြီထင်တယ်။”
ဝေးပေါ်က သာမရိုးကျ ပုံစံနဲ့ညည်းနေတယ်။ ခမ်းကီးကို အေးအေးဆေးဆေးနေခိုင်းပြီး သူက မင်္ဂလာဆောင်တဲ့ အခန်းကို ဆင်းသွားတယ်။ ခမ်းကီးလဲ မနေသာလို့ လိုက်ဆင်းသွားခဲ့တယ်။ ဓါတ်လှေခါးထဲမှာ လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးလွှားတက်ဆင်းကြတာ တွေ့လိုက်တယ်။ အမကြီးတစ်ယောက်က တုန်တုန်ရီရီနဲ့
“ ငါပြောတာပဲ၊ အလှူပွဲ မလုပ်ကြပါနဲ့လို့။ လက်မှတ်မရှိတဲ့ သူတွေကို နဲနဲမှ မထောက်ကြဘူး။ ဖြစ်လာရင် ငါတို့ပဲ ဒုက္ခရောက်တယ်။ ငါက လမ်းစရိတ်တောင် မကျေသေးဘူး။ “
သူ့ပုံစံက ဒီကိုရောက်တာ သိပ်မကြာသေးပုံရတယ်။ ခမ်းကီးရောက်သွားတော့ မင်္ဂလာဆောင်တဲ့ အခန်းရှေ့မှာ ပုလိပ်ရောက်နေပြီ။ တံခါးမှူးရယ်၊ သတို့သားရယ်၊ သတို့သားရဲ့ဦးရယ်၊ ဝေးပေါ်ရယ် ပုလိပ်တွေနဲ့ စကားပြောနေတာတွေ့ရတယ်။ သတို့သားမျက်နှာပျက်နေပုံက တကယ့်သနားစရာ။ တစ်အောင့်လောက်မှာ ဝေးပေါ်က ပုလိပ်တစ်ယောက်ကို ထောင့်တစ်နေရာမှာ ခေါ်သွားတာ တွေ့ရတယ်။ တစ်ခုခုသွားညှိကြပုံရတယ်။

ခဏလေးအကြာမှာ မှိုရတဲ့မျက်နှာနဲ့ ပုလိပ်ပြန်လာတာတွေ့ရတယ်။ အဆင်ပြေသွားပြီ ထင်ပါရဲ့။ ဘာဘာညာညာတွေပြောပြီး ပုလိပ်တွေ ပြန်ဆင်းသွားကြတယ်။ သတို့သားသတို့သမီးမျက်နှာတွေ ငိုမဲ့ငိုမဲ့နဲ့ရယ်။
“ ကဲ ကဲ အေးဆေးပဲ။ လုပ်စရာရှိတာဆက်လုပ်ကြ။ မြန်မာပြည်သားတွေ ဆူညံကြတယ်ဆိုပြီး ယိုးဒယားတွေတိုင်လို့ ပုလိပ်လာစစ်တာ။ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးနေကြပါ။ သိပ်ပြီး မဆူညံစေနဲ့ပေါ့။ ပုလိပ်ခေါ်သွားတဲ့ လူတွေကို ဦးတို့ လိုက်ရွေးပေးမယ်။ ဘာမှ စိတ်မပူကြနဲ့ “
ဝေးပေါ်က သူ့လူတွေကို လိုက်ထိန်းနေလိုက်တယ်။ ပြီးတော့ ခမ်းကီးကိုခေါ်ပြီး အခန်းဟောင်းပေါ် ပြန်တက်လာခဲ့တယ်။

“ ဒီလိုပဲ ခမ်းကီးရာ၊ သူများနိုင်ငံမှာနေရတာ ဒုက္ခအမျိုးမျိုးပဲ ကြုံရတယ်။ မျက်နှာငယ်လည်း ခံရတယ်။ ပိုက်ဆံလည်း ကုန်ရတယ်။ စိတ်လည်းဆင်းရဲရတယ်။ ကလေးတွေကို တားဆီးပိတ်ပင်ဖို့က မဖြစ်နိုင်ဘူးလေ။ သူတို့အကြောင်းနဲ့ သူတို့ ရှိသေးတာကိုး။ သူတို့တွေက အထိန်းအကွတ် မရှိတော့ လက်လွန်ခြေလွန် တာတွေရှိမှာပေါ့။ ရွာနဲ့ဝေးပြီ ဆိုပေမယ့် ဒီကဖြစ်တဲ့ ပြသနာကို ရွာက အကုန်လုံးသိကြတာပဲ။ ဒီမှာ တစ်ခုခုဖြစ်ရင် ရွာကလူတွေ ချက်ချင်းသိတယ်။ ဒီမှာက အသိအမှတ်ပြုသဘောနဲ့ မင်္ဂလာပွဲ လုပ်နေတာ။ သူတို့ အဆင်ပြေတဲ့တစ်နေ့ကျရင် ရွာပြန်ပြီး မိကောင်းဖခင်သားသမီးပီပီ၊ ထုံးတမ်းစဉ်လာအတိုင်း မင်္ဂလာပြန်ဆောင်မှာပါ။ ဂုဏ်သိက္ခာတစ်ခု အတွက် အတူတူနေနိုင်ဖို့ရယ်ပါ။ “
“ ယိုးဒယားတွေကလည်း လွန်လွန်းတယ်၊ သူတို့ အချင်းချင်းဆို ဆောင်းဘောက်တွေ အကျယ်ကြီးဖွင့်ကြ၊ အော်ကြီးဟစ်ကျယ်နဲ့ မူးရူးနေပေမယ့် တစ်ယောက်မှ မညည်းရဲကြဘူး။ မြန်မာပြည်သားတွေ နည်းနည်း ဖြစ်ပြီဆို ဟိုတိုင်ဒီတိုင်နဲ့။ ခုနက ပုလိပ်တွေတွေ့လား၊ ငါးထောင်ပေးလိုက်ရတယ်။ တစ်သောင်းတောင်းတယ်။ မနည်းဘူး တောင်းပန်ယူရတယ်။ တံခါးမှူးကိုလည်း အလှူရှင်တွေ တစ်ထောင်တောင် ပေးထားတယ်။ ပုလိပ်ကို စောင့်ကြည့်ဖို့လေ။ အခုဟာက ဒီထဲက ယိုးဒယားတွေ ရဲစခန်းထိ တိုင်လို့တဲ့။ ဒါကြောင့် ကားနဲ့လာကြတာ။ “
ဝေးပေါ်ရှင်းပြတာတွေ နားထောင်ရင်း ခမ်းကီးတောင် ခေါင်းကိုက်လာတယ်။ အဲဒီအချိန်မှာပဲ ကိုထွန်းလူမိန်းမ ပြန်ရောက်လာတယ်။ အကြောက်မပျယ်သေးဘူးထင်ပ။ တုန်တုန်ရီရီနဲ့။
“ ဒီမှာ ပွဲတစ်ခါခါလုပ်ရင် ငါသေတောင်သေချင်တယ်။ ပုန်းရပြေးရနဲ့။ “
“ အမက လက်မှတ်မရှိဘူးလား။”
မိသားစုလိုက်နေကြပြီး လက်မှတ်မရှိဘူးဆိုလို့ ခမ်းကီးအံ့သြသွားတယ်။
“ မရှိဘူး။ နင့်အကိုထွန်းလူပဲ ရှိတယ်။ “ ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ရသလဲ မေးကြည့်တော့။ မန်နေဂျာကို ပိုက်ဆံပေးပြီး အလုပ်ဝင်ခဲ့တာတဲ့။ ပွဲလုပ်တော့မယ်၊ လူရှုပ်တော့မယ်ထင်တဲ့ တနင်္ဂနွေနေ့ဆို လူးရှင်းတဲ့ အခန်းတစ်ခန်းမှာ၊ ဒါမှမဟုတ် အသိယိုးဒယား အခန်း တစ်နေရာရာမှာ သွားပြီးနေလိုက်တယ်လို့ ထပ်ပြီး ရှင်းပြတယ်။ ပုလိပ်မိသွားရင် မိသားစုလိုက် ပြန်ပို့ခံ ထိမှာမို့ မလွယ်ဘူးတဲ့လေ။
ခမ်းနားထယ်ဝါတဲ့ ဘန်ကောက်မြို့ထဲက သူတို့ဘ၀က မလွယ်ပါလား။

စကားပြောလို့ ကောင်းတုံး ဝေးပေါ်ဖုန်း မြည်လာတယ်။ ကြည့်ရပုံက တစ်နေနေရာမှာ ပုလိပ်ဝင်ဖမ်းနေပြီဆိုတာ သိလိုက်တယ်။ ဝေးပေါ်မျက်နှာ မသာမယာနဲ့ ဖုန်းချလိုက်တယ်။
“ သံကြိုးရုံက မင်္ဂလာဆောင်မှာ ပုလိပ်ဝင်ဖမ်းတယ်လို့ ကလေးတွေ ဖုန်းဆက်လာတာ။ နယ်ကျော်လာတဲ့ ဧည့်သည်တွေ အများကြီးပါသွားတယ် “
“ ဒီမှာ စားသောက်ပြီးရင် နင့်ကို အဲဒီအလုပ်ရုံဆီ ခေါ်သွားမလို့ ခမ်းကီး။ နင်လိုက်ဦးမလား။ “
“ ပုလိပ်တွေ အရမ်းရှုပ်ရင်လဲ မသွားတော့ဘူးလေ ဝေးပေါ် ‘
“ မသွားရင် ကလေးတွေ စိတ်မကောင်းဖြစ်နေဦးမယ်။ ငါ့နဲ့လဲ ဆွေမကင်းမျိုးမကင်းထဲကဆိုတော့ မသွားရင် မကောင်းဘူး။ ရောက်ဖူးသည်ရှိအောင် နင်လဲလိုက်ခဲ့လေကွာ။ “
ဝေးပေါ်အတင်းခေါ်နေမှ ခမ်းကီးလိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သတို့သားသတို့သမီးကို နှုတ်ဆက်ပြီး နောက်မင်္ဂလာပွဲတစ်ခုကို ထွက်လာခဲ့ကြတယ်။ ဘန်ကောက်မြို့ပြင်ဘက်တောင်ရောက်လာပြီ။ နောက်ထပ်နည်းနည်းဆက်သွားရင် မဟာချိုင်းကို ရောက်သွားပြီလို့ ဝေးပေါ် ရှင်းပြပေးတယ်။ ဆိုင်ကယ်၊ ကား၊ ဆိုင်ကယ် အဆင့်ဆင့်စီးပြီးမှ သံကြိုးရုံဆိုတာရောက်တယ်။ အလုပ်ရုံရောက်တော့ လူတွေရှင်းနေပြီ။

ဒီရုံက အလှူရှင် သတို့သားက မရွှင်မပြတဲ့ မျက်နှာနဲ့ ကြိုဆိုနေလေရဲ့။ သူ့မင်္ဂလာပွဲလေး ရုတ်ရုတ်သဲသဲဖြစ်သွားတာ ဘယ်စိတ်ကောင်း နိုင်မလဲလေ။ အထဲရောက်တော့ ငိုသူကငို၊ ပုလိပ်ကို ကျိန်ဆဲသူက ဆဲနဲ့။ မသန့်မရှင်းတဲ့ သူတို့နေတဲ့ အလုပ်သမားတန်းလျားဘက်မှာ ဘီယာကောက်ဖို့ ခမ်းကီးတို့ကိ ခေါ်လာခဲ့တယ်။ နေရာ သပ်သပ်ရပ်ရပ်မရှိတာ အားနာပါတယ်တဲ့။ ဘာမှ မဖြစ်ပါဘူး။ ကိုယ့်အိမ်ကိုယ့်ရာမှ မဟုတ်တာ။ ပိုက်ဆံလာရှာတာပဲ။ အလုပ်အဆင်ပြေဖို့သာ အရေးကြီးကြောင်း ခမ်းကီး အားပေးလိုက်ရတယ်။

အခန်းတစ်ခုမှာ ကောင်လေးတစ်ယောက်ကို ဆေးလူးပေးနေတာတွေ့တော့ ဘာဖြစ်တာလဲလို့ မေးကြည့်တော့။
ပုလိပ်ဝင်ဖမ်းတုန်းက ထွက်ပြေးတာ။ အလုပ်ရုံအနောက်ဘက်က အုတ်တံတိုင်းကို ကျော်တက်တာ။ ဘာနဲ့ရှပ်ထိသွားမှန်း မသိဘူး။ အလုပ်ရုံအနောက်က မြက်တောထဲ သွားပုန်းခဲ့ကြတာတဲ့လေ။ ဗွက်တောလား၊ ဆူးတောလား မသိဘူး။ ကိုယ်လွှတ်ရုန်း ပြေးခဲ့ကြတယ်။ အခုမှ နာမှန်းသိတာတဲ့။

ဒီမှာတင် ခမ်းကီးတို့အိမ်ဘေးက မပုနဲ့ လာတွေ့နေတယ်။ ခမ်းကီးကိုတွေ့ရတာ ၀မ်းသာကြောင်း၊ ဟင်းကောင်းကောင်းနဲ့ ဧည့်ခံပြုစုလိုကြောင်း တစ်တွတ်တွတ် ပြောနေတော့တယ်။ ခမ်းကီးပြန်ရင် သူရဲ့ သုံးလသားကလေးကို ထည့်ပြန်လို့ မရဘူးလားလို့မေးနေတယ်။ ဘုရားရေလို့ ခမ်းကီးတမိတယ်။ နယ်စပ်ဘက် ပြန်တဲ့လူကြုံလို ထင်နေပုံရတယ်။ အများအားဖြင့် မွေးပြီး သုံးလေးလ ရပြီဆို ရွာပြန်မယ့်လူကြုံ ဒါမှမဟုတ် ယိုးဒယား အဖွားကြီးကို ငှါးပြီး နယ်စပ်အထိ ပို့လိုက်တယ်။ နယ်စပ်မှာ အိမ်က လူကြီးတစ်ယောက်ယောက်ကို စောင့်ခိုင်းထားတာပေါ့။ မွေးကင်းစကလေးကို ပါဆယ်ထုပ်ပို့သလို ပို့ရက်ရတာကလဲ သူ့အကြောင်းနဲ့သူကိုး။ သူတို့ရဲ့ ဘန်ကောက်ရောက် နေထိုင်နေရတဲ့ ဘ၀ကိုကြည့်ပြီး ဘာမှကို သောက်ချင်စားချင်စိတ်တောင် မရှိတော့ဘူး။ သတို့သားက သူ့အခန်းမှာ သောက်စရာ၊ စားစရာနဲ့ ဧည့်ခံပါတယ်။

မကြာဘူး။ ဖမ်းမိသွားတဲ့ ကလေးတွေ သူတို့ကို သွားရွေးဖို့ ဝေးပေါ်ကို ဖုန်းထိုးလာကြတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေဆီက ပိုက်ဆံတွေ လိုက်ကောက်ရတာပေါ့။ ပုလိပ်တွေကများ ရာဇသံနဲ့။ ညနေငါးနာရီထိုးလို့ လာမရွေးရင် လ၀က လက်ထဲအပ်မယ်တဲ့။ လ၀က လက်ထဲရောက်ရင် ရွာကို တန်းရောက်ပြီပေါ့။ ရွာရောက်ပြီး နောက်ပြန်လာဖို့က လမ်းစရိတ်က မနည်းဘူးလေ။ ဒါကြောင့် အတတ်နိုင်ဆုံး ပုလိပ်တွေကို ညှိပြီး ရွေးယူရတယ်လို့ ဝေးပေါ် ရှင်းပြရှာတယ်။

အင်း… မလွယ်ပါလား ဘန်ကောက်မြို့ကြီးရယ်။

မိုးမျှော်တိုက်ကြီးတွေ၊ ကောင်းကင်ရထားတွေ၊ နောက်ဆုံးပေါ် ကားလှလှတွေ၊ ကုန်တိုက်အကြီးကြီးတွေအနောက်က လူမကူ နတ်မင်း မ မစလေတဲ့ လူတန်းစားတစ်ရပ်ကို ဖုံးကွယ်နိုင်ပါပေ့..။ လူသားဆိုတဲ့ အခွင့်အရေးအပြည့်နဲ့ ကြော့ကြော့မော့မော့ လှုပ်ရှားသွားလာနေတဲ့ သူတို့နိုင်ငံသားကြားမှာ စွန်ရဲ၊ မြေခွေးတွေကို တစ်ထိတ်ထိတ် သတိထားနေရတဲ့ ယုန်ငယ်လေးပမာ ရုန်းကန်ရှင်သန်နေရတဲ့ ဘ၀များစွာကို ဘယ်သူများ သိမြင်နိုင်လေမလဲ…။

နတ်သမီးမြို့တော်ထဲမှာ ငရဲမချစ်၊ လူစွန့်ပစ်တဲ့ အလွှာသစ်လူတန်းစားတစ်ရပ် အနေတတ်လို့ လူဖြစ်ရကျိုးနပ်ပါလေတော့…..။


(ကိုထင်ပေါ် ပို့ဆောင်ပေးခဲ့တဲ့ ဘန်ကောက်မြို့ထဲ တစ်ခြားလည်ပတ်ရောက်ရှိဖူးတဲ့ နေရာကို ထပ်ရေးဦးမယ်။)

ဆက်လက်ဖတ်ရှူရန်...

ပန်သစ္စာပြုဖူးသည်




ဆောင်းဦးရာသီရဲ့ ချမ်းအေးခြင်းအောက်မှာ စောင်ထူထူကြီးနဲ့ ကွေးနေအောင် အိပ်ရတာ အရသာရှိလှပါဘိ။

အိမ်နောက်ဖက်မှာ မေမေတို့ဆွမ်းချက်နေကြတာ သိပေမယ့် အိပ်နေဟန်ဆောင်ပြီး နှပ်နေလိုက်တယ်။

အော်… ဘာလိုလိုနဲ့ တန်ဆောင်မုန်းလပြည့်ပြန်ပြီ။

ကထိန်သင်္ဃန်းအလှူရှင် အိမ်တွေက အသံချဲ့စက်သံတွေ ကျယ်ကျယ်လောင်လောင် ဖွင့်နေကြလေရဲ့။

အောင်ခြင်းရှစ်ပါးသီချင်း၊ လင်းကြက်တွန်သံသီချင်း အာရုံဦး မင်္ဂလာသီချင်း အို စုံလို့။

အာရုံနည်းနည်းလင်းလာတော့ ရှေးဟောင်းသီချင်းတွေ ပြန်ဆိုတေးတွေ…။

… ရှေးကပြုဖူးတဲ့ ပန်သစ္စာလည်း ရှိခဲ့ဖူးသည်… မောင်ကမေ့ကို ခွင့်လွှတ်ခြင်းနဲ့ ချစ်၍လာခဲ့သည်… မေက မောင့်ကို ခွင့်လွှတ်ခြင်းနဲ့ ချစ်၍ လာခဲ့သည်… ဒါပေမယ့် မေတ္တာရေစက် သွေပျက်ခဲ့ပြီ….


နည်းနည်းလင်းလာတော့ သီချင်းကြီးကြိုက်တဲ့ ကိုထွန်းလူအိမ်ကနေ အနိုင်ပြန်လည်သီဆိုထားတဲ့ သီချင်းကြီးကို ကြားလိုက်ရတယ်။ ဒီမှာတင် ပန်သစ္စာပြုဖူးသည် သီချင်းကို ကြားလိုက်ရတယ်။ ဒီသီချင်းကို ကြားတိုင်း ဖိုးမောင်ပေကို ခမ်းကီး အမြဲသတိရမိတယ်။ သစ္စာဆိုတဲ့ ဒီစာသားကို ကြားတိုင်း ဖိုးမောင်ပေကို သတိရနေတတ်တာ နှစ်ပေါင်း မနည်းတော့ဘူး။ သူ့အကြောင်း လူတွေကို ဖွင့်ပြောချင်လိုက်တာ ခမ်းကီး ယားနေတာ။ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြောပါဆိုတဲ့ ကတိသစ္စာပေးထားတော့ ခမ်းကီးရင်ထဲမှာပဲ အတတ်နိုင်ဆုံး ထိန်းနေရတယ်။ (အခုတော့ အွန်လိုင်းမှာ ခိုးရေးမိပြီ)

သူ့အကြောင်းရေးချင်နေရတာက သူ့ကိုလေးစားမိလို့ပါ။ သူ့ရဲ့ ကတိသစ္စာကို ဂုဏ်ယူမိလို့ပါ။ ဖိုးမောင်ပေ နားလည်နိုင်ပါစေလို့။ ဒီပ်ု့စ်လေးကို ဖတ်မိရင် ခမ်းကီးကို ခွင့်လွှတ်ပါဗျာ။ (စိတ်ထဲက ကိုယ့်အသိတရားနဲ့ ကိုယ်သာ တောင်းပန်လိုက်ရတာ။ ဖိုးမောင်ပေက ဒေါနတောင်ခြေအနီး ပအိုဝ်းရွာငယ်က အသက်ခုနှစ်ဆယ်ကျော် အဖိုးကြီးဆိုတော့ ဒီအွန်လိုင်းပို့စ်လေးကို မြင်နိုင်လိမ့်မယ် မထင်တော့ဘူး)

ဖိုးမောင်ပေကို သိနေ၊ရင်းနှီးနေတာ ခမ်းကီး ငယ်ငယ်ကတည်းကပါ။ ခမ်းကီးတို့အဖွားနဲ့က မောင်နှမတွေလို ရင်းနှီးကြတယ်။ ခမ်းကီးအဖွားထက် အသက်ကြီးတယ်။ အဖွားရဲ့အစ်မ အဖွားမယ်သင်နဲ့ ရွယ်တူလို့ အဖွားပြောပြဖူးတယ်။ အစက သူ့ကို ခမ်းကီးတို့ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ကျွန်းကလေးရွာကလို့ ထင်တာ။ အမှန်က ခမ်းကီးတို့ရွာ ဇာတိ၊ ကျွန်းကလေးသူနဲ့ အိမ်ထောင်ကျပြီး အခြေချသွားတာ။ ဒါပေမယ့် သုံးလေးရက်တစ်ခေါက်တော့ ခမ်းကီးတို့ရွာကို ရောက်တတ်တယ်။ သူက သစ်ကုလားထိုင်တွေ၊ ခြင်းတောင်း၊ ပလိုင်း၊ ခမောက်တွေ လာပြီးရောင်းနေတာ။ တစ်ခါတစ်လေလည်း ရာသီပေါ် သစ်သီးတွေ လာရောင်းတတ်တယ်။ သူ့ရဲ့ထင်ရှားမှုက ယောက်ျားစီး စက်ဘီးအိုနဲ့ ဥပသကာလို ၀တ်စုံဖြူ အဖိုးပါ။

သူ့စက်ဘီးအိုက ခေါင်းလောင်းသံပေးပြီး ရွာတစ်ကာ ဈေးလိုက်ရောင်းနေတာ ဖိုးမောင်ပေဆိုတာ ဒီဝန်းကျင် ရွာတစ်ဝိုက် အကုန်သိနေတဲ့ လူကြီးပေါ့။ ရဟန်းဝတ်ဖူးတော့ ဗေဒင်လေးယတြာလေးလည်း ကြည့်တတ်သေး။ ဈေးရောင်းရင်း ဗေဒင်တွက်ရင်းနဲ့ သူသူငါငါ လေးစားနေတဲ့ လူလည်းဖြစ်တယ်။ ခမ်းကီးတို့အဖွားရော အမေပါ သက်ရောက်အဟော၊ ရှားမီးယတြာဆို သူ့ဆီပဲ မကြာမကြာ ကြည့်လေ့ရှိတယ်။ အဖွားတွေနဲ့ မောင်နှမရင်းလို ခင်နေတော့ ရှိတာဝင်စား၊ မရှိရင် ချက်စား ၀င်ထွက်သွားလာ နေတာပါ။

အဖွားပြောပြဖူးတာက အဖွားတို့ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာ ဖိုးမောင်ပေ စာရင်းငှါး(လူငှါး) လုပ်ဖူးတယ်။ ခမ်းကီးတို့အရပ်အခေါ် စာရင်းငှါး(လူငှါး)ဆိုတာက တစ်နှစ်စာ(စပါးစိုက်ကနေ စပါးသိမ်းပြီးတဲ့အထိ) အပြတ်ငှါး အလုပ်သမားပေါ့။ အရည်အချင်းပေါ်မူတည်ပြီး စပါးတင်း ၂၅-၃၀ စသည်ဖြင့် စားစရိတ်ပါအပြီး ငှါးလေ့ရှိကြတယ်။ ဖိုးမောင်ပေက ရိုးသားပြီး ကြိုးစားတော့ အဖွားရဲ့ အဖေက (ခမ်းကီးရဲ့ဘိုးအေပေါ့) ဖိုးမောင်ပေကို သိပ်ချစ်တာဆိုပဲ။ ဒါကြောင့် အဖွားတို့လည်းဖိုးမောင်ပေကို မောင်နှမလို ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တာပါ။ အဖွားမယ်သင်က အသက် လေးတယ်ကျော်ကတည်းက မုဆိုးမ ဖြစ်လာတာ။ ခမ်းကီးရဲ့ အဖိုးအရင်းကျတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးခဲ့တယ်။ ဖိုးမောင်ပေ မိန်းမကျတော့ ဆုံးတာ ဆယ်နှစ်ကျော်လောက်ရှိပြီ။

ဒါကအဖွားတို့ ပြောပြဖူးတဲ့ ဖိုးမောင်ပေ အကြောင်းတွေပါ။ ဒါပေမယ့် ခမ်းကီးပြောချင်နေတဲ့ ဖိုးမောင်ပေ အကြောင်းက အဖွားမယ်သင် ဆုံးပါးစဉ်က ခမ်းကီး မသိဖူးတဲ့ ဖိုးမောင်ပေ အကြောင်းပါ။

အဖွားမယ်သင်က အသက် ၇၁နှစ်မှာ လေရောဂါ(အစာအိမ်ကင်ဆာ) နဲ့ဆုံးခဲ့တယ်။ ခမ်းကီးတို့ဒေသမှာ အသက်ကြီးတဲ့ လူအိုတွေဆို မီးနဲ့သင်္ဂြိုလ်ကြတယ်လေ။ အဖွားမယ်သင်က ဘုရားဒယကာ၊ ကျောင်းဒကာ အရင်းမို့ ရွာနီးစပ်ခြုံက အသိတွေပါ အများကြီးရောက်လာကြတယ်။ဖိုးမောင်ပေ အပါအ၀င်ပေါ့။ ခမ်းကီး သတိထားမိတာ ဖိုးမောင်ပေ ရောက်လာတာ အဖွားမယ်သင် အသည်းအသန် ဖြစ်နေကတည်းကပါ။ သူက ဘုန်းကြီးကျောင်းမှာပဲ တည်းတတ်တော့ မသိမသာနဲ့ပဲ အိမ်ကို ရောက်လာတယ်။ ညည ဘုန်းကြီးကြွလာပြီး တရားဟောပေးစဉ်မှာ ဘုန်းကြီးနဲ့ လိုက်လာနေတတ်တယ်။ အဖွားမယ်သင် နောက်ဆုံးအချိန်ထိ တရားမြွက် ပေးတော့ ဖိုးမောင်ပေ ဘုန်းကြီးအနားမှာ ရှိနေယ်။ အမှန်က ဖိုးမောင်ပေ တစ်ယောက်ထဲ မဟုတ်ပါဘူး။ တစ်ခြား သက်ကြီးရွယ်ကြီး လူအိုတွေလဲ ရှိပါတယ်။ ရွာထုံးစံအတိုင်းပေါ့။

အသုဘချ မီးသင်္ဂြိုလ်ချိန်ထိ အားလုံးက ထုံးစံအတိုင်း ၀ိုင်းဝန်း ကူညီနေကြတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။

ဒါပေမယ့် အသုဘအလောင်းကို သားသမီးဆွေမျိုးတွေ နံ့သာရေဖျန်းပေးစဉ်မှာ ဖိုးမောင်ပေ နံ့သာရေ လိုက်ဖျန်းတာ တွေ့မိတယ်။ အမှန်က ယောက်ျားအိုတွေ ဒီနံ့သာဖျန်းခြင်းကို လုပ်လေ့မရှိဘူး။ ခမ်းကီးတို့နဲ့ ရင်းနှီးလို့ ဖြစ်မှာပေါ့လေလို့ပဲ တွေးလိုက်တယ်။

တရားနာရေစက်ချပြီးလို့ အလောင်းကို မီးစင်ပေါ်တင်တော့ လူလတ်ယောက်ျားတွေကြား ဖိုးမောင်ပေ ၀ိုင်းလုပ်ဝိုင်းကိုင်တာ တွေ့ရပြန်တယ်။ နာရေးကိစ္စမို့ ဘယ်သူကမှ အထူးအဆန်းကို သတိမမူကြပါဘူး။ တစ်ချို့လည်း မီးသင်္ဂြိုစဉ်မှာပဲ တစ်ဖွဲဖွဲနဲ့ ပြန်ကြတယ်။ ရွာဓလေ့အတိုင်း ထင်းမီးနဲ့ သင်္ဂြိုလ်ရတာမို့ အချိန်တော်တော် ကြာတတ်တယ်။

ညနေအတော်စောင်းတော့ ယောက်ျားကြီးတွေလောက်ပဲ ကျန်တယ်။ လူအိုတွေလည်း ကုန်လောက်ပေမယ့် ဖိုးမောင်ပေက မပြန်သေးဘူးဗျ။ အဲဒီအချိန်ထိ လူရင်းပေမို့လို့ပဲ ခမ်းကီးတွေးနေတာ။ ဆွေမျိုးတစ်ယောက်လို ရင်းနှီးယုံကြည်နေတာပေါ့။ ကျန်ရှိတဲ့ ယောက်ျားကြီးတွေအတွက် လာက်ရဲဇက်ရဲရှိဖို့ တောအရက်တွေ ခမ်းကီး ရှာပေးရတယ်။ ဧည့်ခံတာပေါ့။ အလောင်းတွေ မီးအကုန်လောင်နိုင်ဖို့ အတွေ့အကြုံရှိတဲ့ လူတွေကို အားထားရတယ်လေ။ တော်တော် နေစောင်းလာတော့ လူအိုဆိုလို့ ဖိုးမောင်ပေပဲ ကျန်တယ်။

လူကြီးတစ်ယောက်က ဖိုးမောင်ပေကို အရက်ခေါ်သောက်ကြည့်တော့ တစ်ခွက်လောက် ဖိုးမောင်ပေ ၀င်သောက်လိုက်တယ်။ အရက်မသောက်တတ်မှန်း ခမ်းကီး သိနေတော့ မူးနေဦးနော် ဖိုးမောင် လို့တောင် သတိပေးလိုက်သေးတယ်။

ငါးနာရီ ကျော်လောက်မှ အလောင်းပြာကျခဲ့တယ်။ ရေအိုးတွေ ကန်တော့ပွဲတွေ သိမ်းပြီး ခမ်းကီးတို့ သင်္ချိုင်းကနေ ပြန်လာခဲ့ကြတယ်။ ခမ်းသီးကပဲ မူးသွားလို့လား မသိဘူး။ ဖိုးမောင်ပေ ဘယ်အချိန်က ပြန်သွားမှန်းတောင် မသိလိုက်ဘူး။

အိမ်ရောက်တော့ အမေက ဓါးမတစ်လက် ပြန်ပါမလာဘူးတဲ့။ ခမ်းကီး လောလောနဲ့ ပစ္စည်းသိမ်းတာ ကျန်ခဲ့ပြီထင်တယ်။ စက်ဘီးယူပြီး သင်္ချိုင်းဘက် အမြန်နှင်းလာခဲ့တယ်။ ဓါးမကြီးက အဖေ့ဓါးမို့ ပျောက်သွားရင် မလွယ်ဘူး။ တီးခံထိမှာ။

သင်္ချိုင်းထဲရောက်တော့ အဖွားမယ်သင်ကို သင်္ဂြိုလ်ထားတဲ့ ပြာပုံကို လှမ်းကြည့်လိုက်တယ်။

ဟိုက်.. သရဲ…။

ဝတ်စုံအဖြုရောင်ကြီးနဲ့။

ကုန်းကုန်းနဲ့ သရဲကြီး။ ခမ်းကီး ခေါင်းကြီးပြီး တစ်ကိုယ်လုံး ထူပူသွားတယ်။ ခမ်းကီးကို သရဲခြောက်ပြီ။

ခမ်းကီး တစ်လုံး တုန်လာတယ်။ ခမ်းကီးဓါးကို မရတော့ဘူးထင်တယ်။ ဟီး.. အဖေတီးခံထိပြီ။

ကြောက်ကြောက်နဲ့ ခမ်းကီး သရဲကို တစ်ခေါက် ပြန်ကြည့်လိုက်တယ်။

လှုပ်လှုပ်နဲ့သရဲက ခမ်းကီးဘက်ကို မျက်နှာလှည့်လာတယ်။

ဟင်.. ဖိုးမောင်ပေ.. ဖိုးမောင်ပေ။

သူ့လက်ထဲမှာလည်း ပန်းပွင့်တွေ၊ ပန်းညွန့်တွေနဲ့။

ခမ်းကီးတစ်ချက်လောက် အားတက်သွားပါရဲ့။ ဖိုးမောင်ပေကို ခေါ်မလို့ လုပ်တုန်း..။ စိတ်ထဲမှာ တန်းကနဲ င်္သသယ၀င်သွားတယ်။

ဖိုးမောင်ပေ လူသေပြာပုံကို ဘာလုပ်နေလဲ။

ဟာ… ဖိုးမောင်ပေ အောက်လမ်းပညာနဲ့ ၀ိညဉ်ကို ခေါ်နေပြီထင်တယ်။ ခမ်းကီး အဲဒီလိုတွေးမိတာနဲ့ ဒေါသ တန်းထွက်လာတယ်။

“ဖိုးမောင်ပေ ဒါ.. ဘာလုပ်တာလဲ။ “

“အဖိုး အောက်လမ်းလုပ်နေတာလာ။ အဖိုး…အဖိုးး ဖွားမယ်သင်ဝိညဉ်ကို ခေါ်နေတယ် ဟုတ်လား။ “

ခမ်းကီးအော်လိုက်တော့ ဖိုးမောင်ပေ လန့်သွားတယ်။

“ဖိုးမောင်ပေ ကျနော့အဖွားဝိညဉ်ကို ခေါ်နေတာ မဟုတ်လား။ သူကြီးနဲ့ ပြန်တိုင်လိုက်မယ်နော် အဖိုး၊

အဖိုးယုတ်မာတယ်ဗျာ။ ကျနော် အဖိုးကို ရိုသေလေးစားလာခဲ့တာ အလကားပဲ။ အဖွားအမေတို့ကို ပြန်တိုင်မယ်။ သူကြီးကို ပြန်တိုင်မယ်။ “

“ ဟာ… မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့ကို အထင်မလွဲပါနဲ့။ ငါ့ကို အထင်မလွဲပါနဲ့ “

“ ဘာမဟုတ်ရမှာလဲ၊ ကျနော် မျက်စိနဲ့ မြင်နေရတာ။ လာ.. သူကြီးအိမ်သွားမယ်။”

“ မဟုတ်သေးဘူးဟ။ နင် ငါ့ကို အထင်လွဲနေတာ။ “
“ မယ်သင်ကို အမျှဝေပေးတာ၊ သူ့ကို နောက်ဆုံး အကြောင်းလာကြားတာ။”

“ ဘာ… အဖိုးက အမျှဝေတယ်၊ အကြောင်းကြားတယ်။ ဘာအဓိပ္ပါယ်လဲတာ။ “

“ ၀ိညဉ်ကို အမျှဝေတယ်။ အကြောင်းကြားတယ် ဆိုတာ အောက်လမ်းမဟုတ်လို့ ဘာသဘောနဲ့လဲ”

“ ငါရှင်းပြပါရစေ၊ ငါ့ကို အရင် နားထောင်ပါ ခမ်းကီးရယ်။”

ဖိုးမောင်ပေ မျက်နှာ တော်တော် ပျက်တာ သတိထားမိလိုက်တယ်။ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ပြီး တုန်တုန်ရီရီနဲ့ ဖိုးမောင်ပေကို ခမ်းကီး သနားစိတ် ၀င်လာတယ်။

“ အဖိုးဘာလုပ်နေလဲဆိုတာ ပြောနော။ရုပ်ရုပ် လုပ်လို့ကတော့ ကျနော် ပြန်တိုင်မှာ။ “

ဖိုးမောင်ပေ တုန်တုန် တုန်တုန်နဲ့ ကလေးပုံစံ ပေါက်နေတယ်။ မျက်ရည်တွေ ၀ဲနေတာလဲ တွေ့လိုက်ရတယ်။

“ ပြောရမှာ ရှက်စရာကွာ။ “

“ အဖိုး မဟုတ်တာလုပ်လို့ ရှက်နေပြီ မဟုတ်လာ။” “ အဖိုးကို အထင်ကြီး လေးသားခဲ့တာ အလကားပဲ။ အဖိုးက အောက်လမ်းသမား၊ လူယုတ်မာ”

ဒေါသနဲ့မို့ ခမ်းကီး အော်ဆဲမိလိုက်တယ်။ ဖိုးမောင်ပေ ခမ်းကီးကို လက်နဲ့ပဲ တားနေတယ်။

“ နင့်ကိုတော့ ငါရှင်းပြ ပါမယ်ဟာ။ ဒါပေမယ့် ငါ့ကိုတော့ ကတိပေးပါ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့”
“ အဖိုးမဟုတ်တာ လိုက်လုပ်တာ ကျနော် လူကြီးတွေကို ပြန်ပြောပြရမှာပဲ။”
“ အေးလေ.. ဒါကြောင့် နင့်ကို ငါရှင်းပြပါ့မယ်။ နင် ငါ့ကို နားလည်နိုင်ပါစေဟာ”
ဖိုးမောင်ပေ အခုမှ တစ်ကယ့် ကလေးတစ်ယောက်လို ပြာပြာသလဲ ဖြစ်နေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ လို့ ခမ်းကီးတွေးမိလိုက်တယ်။
“ အိုကေ… အဖိုးကျနော့ကို ဘာလုပ်နေသလဲဆိုတာ မှန်မှန်ပြော။ အောက်လမ်း လုပ်နေရင်တော့ ကျနော် ပြန်တိုင်ရမှာပဲ။”

“ ‘ဒီလိုဟာ… မယ်သင့်ကို ငါလာအကြောင်ကြားတာပါ။ ငါ့သစ္စာ၊ ငါ့ကတိတွေ တည်ပါတယ်။”
“ဘာ...”
ခမ်းကီး နားမလည်လို့ ဘာကနဲ ဖြစ်သွားတယ်။
“ နင့်အဖွါးမယ်သင်ကို ငါကတိပေး၊ သစ္စာပေးဖူးတယ်။ “
“ ဘယ်တုန်းသလဲ”
အူကြောင်ကြောင့်နဲ့ ဆုံးအောင် နားမထောင်ပဲ အရင် ဖြတ်မေးလိုက်တယ်။ ခမ်းကီး စိတ်ထဲက အဖွားသင်ကို ဗေဒင်တွက်ပေးတုန်းကလား။ ရောဂါ ပျောက်အောင် ကုပေးဖို့ ကတိပေးထားတာလားပေါ့။
“ မယ်သင်နဲ့ငါ ရည်းစားဘ၀တုန်းက သစ္စာရေ သောက်ခဲ့ကြတယ်။ ကတိပေးထားခဲ့ကြတယ်။ ငါတို့နှစ်ယောက် အိုအောင်မင်းအောင် သေတဲ့အထိ သစ္စာရှိရှိပေါင်ကြပြီး၊ တစ်ယောက်ယောက်က အရင် သေသွားရင် တစ်ယောက်က နောက်ဆုံးအချိန်ထိ ရှိပေးရမယ်လို့”

ဘုရား.. ဘုရား ခမ်းကီးကြားနေရတာ ဖိုးမောင်ပေပြောတဲ့ စကားတွေ ဟုတ်ပါလေစလို့ မယုံနိုင်အောင် ဘုရားတမိတော့တယ်။ လူကြီးတွေ ခင်မင်ရင်းနှီးကြတယ် အထိသာအမေတို့ အဖွားတို့ ပြောပြဖူးတာ။ ဒီအချစ်ဇာတ်လမ်းက တစ်ခါမှ မကြားဖူးဘူး။ ခမ်းကီးတို့က တတိယမျိုးဆက်တောင် ရှိနေမှတော့ မသိလိုက်တာလဲ ပါမှာပေါ့။ အမေတို့အရွယ် လောက်က ဇာတ်လမ်းမျိုးတော့ ကြားဖူးတာ ရှိပါတယ်။ ဘယ်ဦးလေး ဘယ်အဒေါ်၊ ဘယ်သူ့အဖေနဲ့ ဘယ်သူ့အမေတို့ အပျိုလူပျိုဘ၀က ရည်းစားတွေ ဖြစ်ဖူးကြ၊ ကြိုက်ဖူးကြ ဆိုတဲ့ ဇာတ်လမ်းမျိုးတော့ ကြားဖူးတယ်။ အခုဟာက အဖိုးအဖွားခေတ်ကဇာတ်လမ်းဆိုတော့။

“ အော်.. အဖိုးက ဖွားမယ်သင်ရဲ့ ရည်းစားကိုး”

“ ဘာလို့ မညားခဲ့ကြတာလဲ အဖိုး”

“ အကြောင်းအမျိုးမျိုးပေါ့ကွာ။ ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြောနေလဲ ဘာမှ မထူးဘူး။ သေတဲ့လူက သေနေပြီ။ ငါ့အသက်အရွယ်နဲ့ ဒီစကားတွေ မပြောအပ်တော့ပါဘူး။ နင်သိအောင်သာ ရှင်းပြနေရတာ။ ငါ့အဖြစ်က လူတွေ သိရင် ရှက်စရာကြီး။ ငါ့ကိုယ်ငါလဲ ရှက်ပါတယ်။ ဒါပေမယ့် ငါပေးထားတဲ့ကတိ၊ ငါပေးထားတဲ့ သစ္စာတွေ တည်ခဲ့ဖို့၊ ကတိတွေ ကျေဖို့ပါ။”

“ အခုတော့ ငါ့တာဝန်တွေ ကျေပါပြီ။ ငါအသေဖြောင့်ပါပြီ။ မဟုတ်ရင် ဒီသစ္စာ၊ ကတိအတုံးအခဲကြီးက ငါ့ကို အမြဲတမ်း ခြောက်လှန့်နေတာ။ ငါသာအရင် သေသွားခဲ့ရင် ငါ့အနား သူရှိနိုင်မှာ မဟုတ်ဘူး။ ဒီသစ္စာကတိတွေလဲ တည်နိုင်မှာ မဟုတ်ဘူး။ ဒီအတုံးအခဲကြောင့် သူအသေဖြောင့်နီုင်မှာ မဟုတ်ဘူး။ “

ဖိုးမောင်ပေ စကားနားထောင်ရင်း ခမ်းကီးမျက်ရည် ၀ဲလာတယ်။ ခမ်းကီး မြင်ဖူးတဲ့ ခပ်ညံ့ညံ့ တောဇာတ်လမ်း ဗွီဒီယို ထဲက သမီးရည်းစားအဖြစ်တွေကို မြင်ယောင်နေမိတယ်။

ဒါပေမယ့် ဖိုးမောင်ပေကို ခမ်းကီး အရမ်းလေးစားသွားတယ်။ ရှာမှရှားတဲ့ လူစားမျိုးရယ်ပါ။
သူ့သစ္စာ၊ သူ့ကတိမတည်ခဲ့လို့ ဘယ်သူသိတာမှတ်လို့။ ဒါပေမယ့် လူဆိုတာ ကိုယ်ကိုယ်ကို ကိုယ်အသိဆုံးပဲလေ။ ဘာကတိတွေပေးထားခဲ့လို့၊ ဘာသစ္စာတွေပြုခဲ့သလဲဆိုတာ။

ခမ်းကီးနားလည်သဘောပေါက်ခဲ့လို့ ဖိုးမောင်ပေကို ကတိပေးလိုက်တယ်။ ဘယ်သူ့ကိုမှ ပြန်လည်မပြောပြပါဘူးလို့။ အဲဒီအချိန်ကလည်း သင်္ချိုင်းကုန်းမှာမို့ ဘာမှ ဆက်မမေးတော့ပဲ ပြန်လာခဲ့ကြတယ်။ ဖိုးမောင်ပေက သူ့စက်ဘီးဟောင်းလေးကို ချုံတောကနေ ယူထုတ်လာတယ်။

လမ်းမှာ ဖိုးမောင်ပေရဲ့ လျှို့ဝှက် လှုပ်ရှားမှုတွေကို ဆက်စပ်တွေးတော လာခဲ့တယ်။ ခမ်းကီး ကဘောပေါက်သွားတယ်။ အဖွားသင်ရဲ့ ရက်လည်ပြီးလို့ အေးဆေးတဲ့ အချိန်ကျရင် အဖွားကို မသိမသာလေးနဲ့ ဖိုးမောင်ပေ၊ ဖွားမယ်သင်တို့ရဲ့ ဇာတ်လမ်းကို အသေးစိပ် သိရအောင် ပြန်မေးရဦးမယ်။
************
အင်း ကွေးလို့ကောင်းလို့ ကွေးနေလိုက်တာ မိုးစင်စင်လင်းနေပြီ။ အလှူအိမ်က သီချင်းသံတွေလည်း ဆူညံကုန်ပြီ။ ရေးခိုးပြီး အ၀တ်လှလှတွေ ၀တ်ပြီး အလှူအိမ် လိုက်စားဦးမှ။

ဆက်လက်ဖတ်ရှူရန်...

ဆရာတစ်လှည်း




ခမ်းကီးက သူများကို ဆရာလို့ခေါ်လိုက်။
သူများတွေကလည်း ခမ်းကီးကို ဆရာလို့ ခေါ်လိုက်နဲ့။
ဆရာပေါင်း တစ်သောင်းခြောက်ထောင် ဖြစ်ကုန်ရော။
ဟိုခေါ်ဒီခေါ်နဲ့ ခမ်းကီးတို့ရွာ ဒေါ်နန်းပေါက်ကို သွားသတိရမိတယ်။

ဒေါ်နန်းပေါက်နဲ့ ဦးကျော်လင်မယားက သာမန် တောသူတောင်သားပါ။ လယ်လုပ်မယ်၊ ယာလုပ်မယ်၊ ကျွဲနွား တွေမွေးမယ်ပေါ့။ သားသမီးအသီးသီးကလည်း အိမ်ထောင်ရက်သားပြုကြကုန်ပါပြီ။ ညနေပိုင်းဆို ဦးကျော်တစ်ယောက် ခပ်ထွေထွေလေးနဲ့ အမြဲတမ်း သိုင်းကွက်နင်းတတ်တဲ့ အကျင့်တော့ရှိတယ်။

“ အွဒါးစွောမ်း ပ့ထာ့ထီနောဝ့်၊ အလင်အလင် ထာ့ရာ့ရာ့စွိုး သူးသေတောဝ်း “
(ဒီအရည် သောက်တတ်တာကလွဲပြီး ဘာမှ မသိ၊ ဘာမှ နားမလည်၊ ဘာမှ သုံးစားလို့ မရတဲ့ လူတုံးကြီး)

ခပ်အေးအေးခပ်ရှင်းရှင်းနေတတ်တဲ့ ဒေါ်နန်းပေါက်ကလည်း ဒီထက်ပိုပြီး ဆဲလေ့မရှိဘူး။
နေ့ဘက်ဆို မရှိဘူးလို့ ထင်ရအောက်အောင် တိတ်ဆိတ်နေတတ်ပေမယ့် မူးလာရင် ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြားအောင် အော်ဟစ်ဆိုဆိုတတ်တဲ့ မကျင့်ရှိတယ်။ သူကြီး သို့မဟုတ် ပြည်သူ့စစ် တစ်ယောက်ယောက်က လာဟောက်မှ ဟုတ်ကဲ့ဆရာ၊ ကျနော် မအော်တော့ဘူးဆရာ၊ ကျနော် ထမင်းမစားရသေးလို့ဆရာ၊ ခဏနေ ကျနော်အိပ်တော့မယ်ဆရာ ဆရာ တစ်ဖွဖွနဲ့ ကြောက်ရွံ့ရိုသေ တဲ့ပုံစံနဲ့ ငြိမ်ကုတ်သွားတတ်တယ်။

သူတို့မှာ လယ်ယာစိုက်ပျိုးရေးက စာရေးတစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ သမီးတစ်ယောက်ရှိတယ်။ သားသမီးတောင်ထွန်းကား နေကြပြီ။ မြေးဦးယောက်ျားလေးကို သူတို့တော်တော်ချစ်တာ ခမ်းကီး သတိထားမိတယ်။ မြို့ပေါ်သာ သွားနေကြပေမယ့် တစ်လတစ်ခါလောက် ရွာကို ပြန်လာလည်ခိုင်းနေတယ်။

နယုန်လ မိုးဦးရာသီတုန်းက ဦးကျော်မြေးလေး သွေးလွန်တုတ်ကွေးဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်။ ဦးကျော်တို့ လင်မယား ပျာပျာသလဲ အဖြစ်သည်း လိုက်တာ ဘယ်ပြောကောင်းမလဲ။ ဟိုပစ္စည်းယူ၊ ဒီအထုပ်သိမ်း၊ ယောက်ျားလုပ်သူက မိန်းမကိုအော်။ မိန်းကလုပ်သူက ယော်ျားကိုအော်ဆဲနဲ့။ ဟိုပစ္စည်းမေ့၊ ဒီပစ္စည်းကျန်လိုက်နဲ့ ရှလပတ်လည်နေရော။

မိုးတွင်းရာသီဆို ခမ်းကီးတို့ရွာကနေ မြို့ပေါ်ရောက်ဖို့ လှေတစ်တန်၊ မြင်းလှည်းတစ်ဆင့်၊ ပြီး ကားတစ်ဆင့်ထပ်စီးပြီးမှ မြို့ပေါ်ရောက်တာ။

အမြန်လိုမို့ ဦးကျော်တို့လင်မယား စက်လှေငှါးပြီး သွားရမယ်။ လှေဆိပ်ရောက်တော့ ဦးကျော်က အရင်လိုပုံစံကြီးနဲ့

“ ဝေး.. စက်လှေဆရာ ငါတို့ကို ဟိုးဘက်ကမ်းပို့ပေးပါ။ ပိုက်ဆံ ဘယ်လောက်ကျကျ အမြန်ဆုံး မောင်းပေးနော်ဆရာ။ ကားမမှီပဲ နေမယ်ဆရာ်။”
“ သုံးထောင်လောက်ကျမယ်နော် ဦးလေး”
“ ဟာ ဆရာကလည်း သုံးထောင်တောင်၊ လျှော့ပေးဦးလေ ဆရာကလည်း၊ နှစ်ထောင်ငါးရာပဲ ယူနော်ဆရာ”
“ လူနာကို သွားကြည့်တာဆရာရယ်၊ လျှော့ပေးနော်ဆရာ” စက်လှေသမားက အိုကေပြီး ထွက်လာခဲ့ကြတယ်။

လှေဆိပ်ရောက်တော့ ဦးကျော်တို့လင်မယား မြင်းလှည်းငှါးဖို့ အလောတစ်ကြီး ပြေးလာခဲ့ကြတယ်။ ကားမမှီမှာ စိုးလို့ပါ။
“ မြင်းလှည်းဆရာ၊ ဝေး… မြင်းလှည်းဆရာ ကားဂိတ်ကိုမောင်းပေး၊ ဘယ်လောက်လဲဆရာ။”
“ သုံးရာပဲပေး ဦးလေး “
“ အာ ဆရာကလည်း လျှော့ပေးလေ၊ နှစ်ရာ့ငါးဆယ်ပဲ ယူနော်ဆရာ”
“ အေး အေး သွားမယ်”
ကားဂိတ်ရောက်တော့ ကားအလာကို လင်မယားထိုင်စောင့်ကြတာပေါ့။ အဲဒီမှာ ခပ်သန့်သန့် လူကြီးတစ်ယောက်ကိုတွေ့တော့
“ ကားမလာသေးဘူးနော် ဆရာ၊ ဘယ်နှစ်နာရီရှိပြီလဲ ဆရာ” စိုးရိမ်စိတ်နဲ့ ဦးကျော် ဟိုလူဒီလူကို လိုက်မေးနေတယ်။ တစ်အောက်လောက်ကြာတော့ မြို့ပေါ်သွားမယ်ကား ရောက်လာတယ်။ လောလောနဲ့ လင်မယား ကားပေါ်ပြေးတက်သွားကြတယ်။ ကားထွက်ခါနီးမှ အထုပ်တစ်ထုပ်ကျန်တာ သူ့မိန်းမ သတိရတယ်။ ဆင်းယူဖို့ သူ့မိန်းလှမ်းအော်လိုက်တယ်။
“ ဟို့ဆရာ ဟို့ ဟို့ အထုပ်ကျန်တယ်၊ အထုပ်ကျန်တယ်”
ဦးကျော် သူ့မိန်းမကို ပူညံပူညံ ဆဲပြီး ပြေးဆင်းယူလိုက်တယ်။ လင်မယားနှစ်ယောက် နင်အသုံးမကျ၊ ငါအသုံးမကျ ကားပေါ်မှာငြင်းခုံနေကြပြန်ရော။
“ ကားခဘယ်လောက်လဲ ကားဆရာ၊ ဆေးရုံထိ သွားမယ်နော်ဆရာ”
“ ကားက ဈေးအထိပဲရောက်တယ်ဦးလေး၊ ဈေးကနေ ဦးလေးဆို့ ဆိုက်ကား စီးသွားရမယ်”
“အော် ဟုတ်လားဆရာ၊ ဈေးရောက်ရင် ပြောနော်ဆရာ”
“ မပြောလဲ ဦးလေးတို့ ဆင်းရမှာပဲ “ ကားစပါယ်ရာက ဘုဆောက်ဆောက်နဲ့ ပြန်ပြောလိုက်တယ်။ ဒေါ်နန်းပေါက်က သူ့ယောက်ျားကို တုံးလိုက်ချည်လား ပုံစံနဲ့ သူ့ယောက်ျားကို ဘုကြည့် ကြည့်လိုက်တော့မှ ဦးကျော် အသံတိတ်သွားတယ်။
ကားပေါ်ကဆင်းပြီးတော့ ဦးကျော် ဆိုင်ကားကို လိုက်ခေါ်နေတယ်။
“ ဆိုက်ကားဆရာ… ဆိုက်ကားဆရာ..၊”
“ ဆေးရုံသွားမယ်။ ဘယ်လောက်လဲ။ နှစ်ယောက် သွားမယ်။ “
“ သုံးရာ ဦးလေး။ “
“အာ များတယ်။ နှစ်ရာပဲနော် ဆရာ။ ဦးတို့ ပိုက်ဆံမရှိလို့ပါ။ လူနာကို သွားပေးရဦးမယ်။”
“ အေး အေး တက်ဦးလေး။”
ဆေးရုံရောက်တော့ အထုပ်အပိုး ကပိုကသီနဲ့ အထဲဝင်မလို့ရှိတုန်း..
“ ဟေ့.. ဦးလေး။ ဘယ်သွားကြမလဲ။ ဒီအချိန် လူနာလာကြည့်တဲ့ အချိန်မဟုတ်ဘူး။”
တံခါးစောင့်ကုလားက ဦးကျော်တို့ကို လှမ်းဟောက်လိုက်တယ်။ ဦးကျော်တို့ လင်မယား မျက်လုံးပြူးသွားတယ်။ ၀င်လို့မရရင် ဒုက္ခပဲပေါ့။
“ ဆရာ.. ဆရာ ဦးတို့ကို ၀င်ခွင့်ပြုပါနော်။ ဦးတို့မြေးက အထဲမှာ အသည်းအသန်ဖြစ်နေတာ။ အရေးကြီးလို့ ဆရာရယ် “
မျက်နှာငယ်လေးနဲ့ တံခါးစောင့်ကုလားကို ဦးကျော်တောင်းပန်နေရှာတယ်။ တံခါးစောင့်ကုလားက ဦးကျော်တို့ လင်မယားကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေတယ်။ ပိုက်ဆံတောင်းမယ် အကြံနဲ့ရယ်။
“ ဦးတို့ လူနာက ဘယ်သူလဲ။ အရေးမကြီးရင် ပေးမ၀င်ဘူးနော်။ အချိန်မဟုတ်ဘူး “
“ ဦးတို့မြေးလေးပါ ဆရာရယ်။ သူ့အဖေက စိုက်ပျိုးရေးက မောင်ကျော်ထွန်းလေ၊ အထဲမှာ ရှိနေလားမသိဘူး။ “
“ အော် ကိုကျော်ထွန်းလူနာလား၊ ကိုကျော်ထွန်းရှိနေတယ်။ လာ လာ ဦးလေး “
တံခါးစောင့်ကုလား အသံပြောင်းသွားတယ်။ ဌါနကလူဆိုတာ သိသွားလို့ထင်တယ်။
ကုလားကြီးကပဲ ဦးဆောင်ပြီး ခေါ်သွားပေးတယ်။ မြေးကိုမြင်တော့ လင်မယားနှစ်ယောက်သား ပြေးဖက်လိုက်ကြတာ အိနြေ္ဒတောင် မထိန်းနိုင်ကြဘူး။
ကလေးအမေကိုရော၊ ကလေးအဖေကိုပါ အပြစ်တင်လိုက်တာ စုံလို့။ တစ်အောက်လောက်ကြာတော့ ခရမ်းရောင်ဝတ်သန့်ရှင်းရေးသမား အဒေါ်ကြီးတစ်ယောက်ဝင်လာတယ်။ ဦးကျော်က ဆရာဝန်ထင်ပြီး
“ ဆရာမ… ဆရာမ ဦးရဲ့မြေးလေးကို ကယ်ပါဆရာမရယ်။ မြန်မြန်ပျောက်အောင် ဆေးထိုးပေးပါနော် ဆရာမ။ ဆရာမတို့ ကျေးဇူးကို မမေ့ပါဘူး။ “
“ အဖေ သူက ဆရာဝန်မဟုတ်ဘူး အဖေရ။ သန့်ရှင်းရေးလာလုပ်တာ။ “
သူ့သမက် ရှင်းပြမှ ဦးကျော် ဟေကနဲ အော်ပြီး ငြိမ်နေလိုက်တယ်။ သူ့မိန်းမက ဘုကြည့်နဲ့။
“ ဆရာဝန်က ညနေလောက်မှ လာမှာအဖေ။ မနက်ကဆေးထိုးပြီးပါပြီ။ သက်သာပြီလို့ ဆရာဝန်က
ပြောတယ်။ “
သမက်စကားကြားပြီးတော့ ဦးကျော်တို့ လင်မယား စိတ်သက်သာပုံရသွားတယ်။ အဲဒီနောက်မှ ဟိုအကြောင်းဒီအကြောင်း မေးမြန်းပြောဆိုနေကြတယ်။ ဆရာဝန်ကို အမြန်လာခိုင်းလို့ မရဘူးလားလို့ သူ့သမက်ကိုတောင် စောဒကတက်လိုက်သေးတယ်။ ဒီမချိန်ကျမှ ဒေါ်နန်းပေါက် လူနာအတွက်စိတ်အေး သွားလို့ထင်ပ။ ဦးကျော်ကို လက်ညိုးထိုးပြီး။
“ ဆရာဝန်က သူ့အချိန်ကျ သူလာမှာပေါ့။ လမ်းမှာ ရှင်ခေါ်လိုက်တဲ့ ဆရာတွေ လှည်းတစ်စီးတိုက်စာ ရှိနေပြီ။ အခုထိ ရှင်မမောသေးဘူးလား “ တဲ့။ ဦးကျော် သူ့မိန်းမကို မျက်လုံးပြူးပြီး ကြည့်လိုက်တယ်။ တစ်ခုခု ပြောချင်နေပြီ။ သမီးနဲ့ သမက်ရှေ့မှာမို့လို့ထင်တယ်၊ မကျေမချမ်းပုံနဲ့ ငြိမ်နေလိုက်တယ်။
သမီးဖြစ်သူက အမေကိုမေးကြည့်တော့မှ
“ ခေါ်လာလိုက်တဲ့ ဆရာတွေ၊ စက်လှေဆရာ၊ မြင်းလှည်းဆရာ၊ ကားဆရာ၊ ဆိုက်ကားဆရာ၊ တံခါးစောင့်ဆရာ ၊ ဆရာဆရာ တွေ လှည်းတစ်စီးတောင် မဆန့်ဘူး “
(နာ့သီဖါ ဟဲ့လွုန်ငါးဆရားနောဝ့် တလေားပါ ကာတောဝ်းဒွုံသွူ)
ဒေါ်နန်းပေါက် တော်တော့ကို အမြင်ကတ်ခဲ့ပုံရတယ်။ သမီးနဲ့သမက်က ပြံး၍ပဲ နေလိုက်တယ်။
ဒါတောင် သူနာပြုဆရာမနဲ့ ဆရာဝန် တောင်မပါသေးဘူး။
အားလုံးကိုပေါင်းလိုက်ရင်တော့…။

ဆက်လက်ဖတ်ရှူရန်...

Monday, February 23, 2009

အံ့ဖွယ်နည်းပညာ

ယောက်ျားဘ၀ကနေ မိန်းမဘ၀ပြောင်း၊ မိန်းမဘ၀ကနေ ယောက်ျားဘ၀ပြောင်းကြတဲ့ သတင်း မကြာခဏ ဖတ်မိကြမှာပါ။

အခုအခါမှာတော့ လိင်ပြောင်းလိင်ဆက် အဆင့်ထိတောင် တိုးတက်နေကြပြီ။ တရုပ်နိုင်ငံက သတင်းမှာတော့ သေသူယောက်ျားအင်္ဂါတံကို ဖြတ်ပြီး ရှင်သူကို ပြန်ဆက်ပေးနိုင်ပြီတဲ့ဗျာ။


ဆဲလ်မသေသေးတဲ့ အင်္ဂါတံကို လိုအပ်တဲ့လူနာဆီ အမြန်ပို့နိုင်ရင် ရာနှုန်းပြည့် သုံးလို့ရအောင် ဆက်ပေးနိုင်ပြီ။ သူတို့နိုင်ငံမှာ လူနာ ၁၀ ဦးအထိတောင် ဆောင်ရွက်ပေးနီုင်ခဲ့ပြီ။ ယောက်ျားဖြစ်ချင်တဲ့ မတွေကို သုံးလက်မအရှည် ဖိုအင်္ဂါတံ ဆက်နိုင်တယ်ဆိုပဲ။ အရင်ကလို ပေါင်သားကိုယူပြီး လိင်တံချုပ်ပေးတဲ့ နည်းထက် အခုလို လိင်တံအစစ်က ပိုပြီးတော့ သဘာဝအတိုင်း ဖိုသဘာဝကို ခံစားရသတဲ့။ ပေါင်သားတွေက အတံအဖြစ်သာ ခံစားမှုရှိပြီး၊ ဒီလိင်တံခြင်းက အကြောအမျှင်တွေပါ ရှိတော့ တကယ့်ဖိုသဘာဝအတိုင်း ခံစားနိုင်တာပေါ့။

ဒါပေမယ့် လူသေရဲ့လိင်တံက ဆဲလ်မသေမှီ ခြောက်နာရီအတွင်း အမြန်ဆုံး ဆရာဝန်ဆီရောက်ရမှာပေါ့။ပြီးတော့ ရေမစိမ်မိစေနဲ့၊ ဖြစ်နိုင်ရင် အ၀တ်သန့်သန့်နဲ့ စည်းပြီး ရေခဲစိမ်ထားပါ။ အကြောတွေခဲဖို့ပေါ့။

ကျနော်နိုင်ငံသားတွေအဖို့ လိင်တံကို ဘာကြောင့်ဆက်ရသလဲဆိုတာ စိမ်းနေကြမှာပါ။ ဒီမှာက လိင်တံဖြတ်ခံထိတယ်ဆိုတာ သိပ်မကြားရလို့ပေါ့။ ဒီလိုပြသာနာက အိမ်ထောင်ရေး ဖေါက်ပြန်မှုများတဲ့ နိုင်ငံတွေမှာသာ အဖြစ်များတယ်။ ဥပမာ ထိုင်းမှာလိုမျိုးပေါ့၊ တစ်ယောက်တည်းကို မတင်းတိမ်ပဲ အငယ်အနှောင်းပါ ထားကြတော့ အိမ်ထောင်ရေးပြသနာ ဖြစ်လာရော။ မိန်းမတွေက သူတို့အနိုင်ရတဲ့နည်းနဲ့ စဉ်းစားကြမှာပဲ။ အနုနည်းမရတော့ အကြမ်းနည်းပေါ့၊ ဒီဟာကြောင့် ပြသနာဖြစ်နေတာ ဒီဟာမရှိမှ အေးမယ် ဆိုပြီး ယောက်ျားသတိလစ်ချိန်မှာ ဖြတ်ခံထိရော။ တစ်ချို့က လိင်တံ မပျက်မစီး ဆရာဝန်ဆီ အမြန်ရောက်တော့ ပြန်ဆက်ပေးနိုင်ပါရဲ့။ တစ်ချို့ကြတော့ ဖြတ်ခံထိပြီး မိန်းမတွေက လိင်တံကို ရေထဲပစ်ချ၊ တစ်ချို့က တိရိစ္ဆာန်တစ်ကောင်ကောင်ကို ကျွေးပစ်လိုက်ကြတဲ့အထိ လုပ်ရက်တော့ သုံးစားမရတဲ့ ပစ္စည်းဖြစ်သွားရော။

တစ်ချို့လူနာတွေက မွေးရာပါပစ္စည်းကို ငယ်တယ်ထင်ပြီး ကျေနပ်ကြဘူး။ ငယ်တာ မိန်းမတွေကို ဆွဲဆောင်မှုမရှိဘူးဆိုတဲ့ လွဲမှားတဲ့ အာူအဆတွေနဲ့ ဆေးထိုးဆေးလိမ်း နည်းမျိုးစုံတွေနဲ့ သုံးကြရော။ ဒေါက်တာရမ်းကုတွေနဲ့ လုပ်ထားတော့ ပုပ်ပွသွားတာတွေ၊ အကြောသေသွားတာတွေနဲ့ ကြုံရတာပေါ့။ ဖြတ်ပစ်ရတဲ့ထိ ဆိုးရွားတော့မှ တစ်သက်လုံး ယူကြုံးမရဖြစ်ကုန်တာ။

တရုပ်၊ ကိုးရီးယား၊ ထိုင်းတွေမှာ လူနာရဲ့ ကပ်ပါးအိတ်က ဆဲလ်ကိုယူပြီး အင်္ဂါချဲ့နည်းကို ကုနိုင်ကြပြီဆိုပဲ။ ဒါပေမယ့် သုံးလို့မရအောင် လိင်တံသေးလွန်းတဲ့ လူနာအတွက်သာပါတဲ့။ တစ်ချို့လူနာရဲ့ လိင်တံက သုံးစင်တီမီတာမျှသာ သေးငယ်ကြတာတဲ့။ ရိုးရိုးသူလိုကိုယ်လို အရွယ်ရှိနေရင် ဘာမှ မလုပ်တာအကောင်းဆုံးပေါ့။

အိမ်ထောင်ရေးသာယာဖို့က အဓိက လိင်အကြောင်းရင်း တစ်ခုတည်းမဟုတ်ပါဘူး၊ တစ်ဦးအပေါ်တစ်ဦး နားလည်တတ်ဖို့ပါ။ အကြောင်းရင်းများစွာကို နောက်ကြုံမှ တက်ရေးတာပေါ့။

(ဗဟုသုတ အနေဖြင့်သာ ဖတ်ပါ)

လေးစားလျှက်


ဆက်လက်ဖတ်ရှူရန်...