Tuesday, May 12, 2009

သားဖေဖေ့ကို သိကြပါသလား





“ ဟလို.. ဟလို.. ဂျပန်နိုင်ငံကလာကြတာလား.. “

“ ဂျပန်နိုင်ငံကဆိုရင် ဒီဓါတ်ပုံထဲကလူကို သိပါသလားခင်ဗျာ “

“ သူက ကျနော်ရဲ့အဖေပါ။ တွေ့ရင် ပြောပေးပါ။ သားသူ့ကို တွေ့ချင်တယ်.. တွေ့ရင် ပြောပေးပါဗျာ။”

“ ဦးဦးတို့ ဒေါ်ဒေါ်တို့က ဂျပန်နိုင်ငံကလားဗျာ… ။ ဒီပုံထဲက ကျနော်အဖေကို သိကြပါသလားဗျာ။ “


ထိုင်းနိုင်ငံ ဖိကျစ်ဆိုတဲ့ မြို့ထဲက ၀ပ်ထာ့လွန်ဆိုတဲ့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ရင် ကိုးနှစ်သားအရွယ် ကောင်ကလေးတစ်ယောက် ဓါတ်ပုံလေးကို ကိုင်ပြီး ဘုရားဖူးကို လိုက်ပြနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

သူက ဂျပန်နိုင်ငံကလာတဲ့ ဘုရားဖူးအဖွဲ့ကိုရွေးပြီး ဓါတ်ပုံထဲကလူနဲ့ သိနိုင်ကောင်းပါရဲ့ အထင်နဲ့ လိုက်မေးနေတာ ဖြစ်ပါတယ်။

ရက်လအတန်ကြာလာပေမယ့် သူလိုက်မေးနေတဲ့ ဓါတ်ပုံထဲကလူကို သိတဲ့လူ တစ်ယောက်မှ မတွေ့သေးပါဘူး။ ဒါပေမယ့် သူဆက်ပြီး လိုက်မေးနေဦးမှာပါတဲ့..။

သူက အမေထိုင်း၊ အဖေဂျပန် ကပြားလေးပါ။ သူ့အဖေဂျပန်ကြီးက တစ်နေ့နေ့ကျရင် ဒီဘုန်းကြီးကျောင်းကို ရောက်လာလိမ့်မယ်လို့ သူ့အမေက ပြောထားလို့ပါတဲ့။

ဘုန်းကြီးကျောင်းဝင်းမှာ ဘေးမဲ့ငါးရောင်းနေတဲ့ သူ့ကြီးမေက ဒီနည်းနဲ့ပဲ သူ့အဖေကို တွေ့နိုင်မယ်လို့ ထင်ထားတော့ သူ့တူလေးကို အပြစ်မဆိုသာခဲ့ပါဘူး။

သူ့ညီမငယ် နန်းထစ်တစ်ယောက် ဘန်ကောက်မြို့တော်မှာ အလုပ်လုပ်ဖို့ဆို ပြီး အိမ်ကထွက်သွားတာ ဆယ့်ခြောက်နှစ်အရွယ် ကတည်းကပါ။ လေးငါးနှစ်လောက် ကြာပြီးမှ သူမချစ်သူ ဂျပန်လေးကို အိမ်ကလူတွေနဲ့ သိကျွမ်းဝင်ဖို့ တစ်ကြိမ်ခေါ်လာပြဖူးပါတယ်။

နောက်သုံးနှစ်အကြာမှာ နန်းထစ်တစ်ယောက် လေးလသားအရွယ် ခေငိုနဲ့ အိမ်ကို ပြန်ရောက်လာပြန်တယ်။ ဒါပေမယ့် နောင်ရေးအတွက် ငွေရှာရဦးမယ်ဆိုပြီး ခေငိုကို ထားခဲ့ပြီး နန်းထစ်တစ်ယောက် ဘန်ကောက်မြို့ကို ထွက်သွားခဲ့ပြန်တယ်။

ဒီကြားထဲမှာ နန်းထစ်တစ်ယောက် အိမ်စရိတ် သုံးလေးကြိမ်လောက် ပို့လာဖူးပါတယ်။ ခေငို သုံးနှစ်အရွယ်မှာ နန်းထစ်တစ်ခေါက် ပြန်လာပြီးနောက်ပိုင်း ပျောက်သွားလိုက်တာ လွန်ခဲ့တဲ့ ၂၀၀၈ အထိပါလို့ ခေငိုရဲ့ ကြီးမေက မျက်ရည်ရွှဲရွှဲနဲ့ ဇာတ်ကြောင်းပြန်နေတယ်။

နန်းထစ်တစ်ယောက် ကျန်းမာရေးချုချာလွန်းလို့ အိမ်ပြန်ရောက်လာတာပါ။ ခေငို့အဖေ ဂျပန်ကြီး သူမကို ပစ်ထားခဲ့တာ ကြာခဲ့ပြီလို ပြောပြခဲ့တယ်။ အခုတော့ သူမမှာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါနဲ့မို့ ခေငိုမဲ့ နောက်ဆုံးအချိန်အဖြစ် နေချင်လို့ ပြန်လာခဲ့ခြင်းပါလို့ သူမမိသားစုကို ရှင်းပြခဲ့တယ်။

ခေငိုလေးက သူအမေ့ကို ရေပတ်တိုက်ပေး၊ ထမင်းတွေခွံ့ကျွေး၊ သန့်ရှင်းမှုမကျန် အကုန်လုပ်ပေးခဲ့ပါတယ်။ သူ့အမေက ခေငို့အဖေနဲ့အတူ ဒီဝပ်ထာ့လွန်မှာ သစ္စာအတူပြုဖူးခဲ့ကြတယ်။ ဒါကြောင့် သူ့အဖေ ပြန်လာဖြစ်အောင် ပြန်လာရမယ်လို့ ခေငို့ကို ပြောပြခဲ့တယ်။

ဒါပေမယ့် ခေငို့အတွက် သူ့အဖေရဲ့ ဓါတ်ပုံတစ်ပုံကိုပဲ အမွှေပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက နန်းထစ်ဆုံးခဲ့တယ်။

အမိမဲ့သွားတဲ့ ခေငိုတစ်ယောက် သူ့အဖေအားကိုးရှိသေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းပဲ သူ့အဖေကို လာရှာနေတော့တယ်။

“ ဓါတ်ပုံထဲကလူကို သိကြပါသလား .. သားရဲ့အဖေကို သိကြပါသလား.. “

“ ကျနော်က သူ့ရဲ့သားပါ။ အဖေက ဒီကျောင်းကို ပြန်လာရမယ်လို့ အမေက ပြောခဲ့တယ်.. “

“ သားရဲ့အဖေကို သိကြပါသလား….. “

(ထိုင်းနိုင်ငံထုတ် ၁၂၊မေ၊၂၀၀၉ရက်နေ့ သတင်းစာများမှ သတင်းအား ခံစားရေးသားပါသည်။)


ခမ်းကီး
၁၂၊မေ၊၂၀၀၉

2 comments:

မိုးခါး said...

စိတ်မကောင်းလိုက်တာ ....း(

စန္ဒီမိုးမြင့် said...

ကိုခမ်းကီးရဲ့ ဘလောခ်ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးတာပါ ။ဖတ်ကောင်းကောင်းနဲ့ ပို့စ်ဟောင်းတွေပါ ဆက်ဖတ်ဖြစ်တယ် ။ ဖတ်ရင်းနဲ့ ဒီပို့စ်လေးကိုတွေ့တာပါ ။အဲဒီကလေးလေးရဲ့ အဖေကို ဂျပန်နိုင်ငံမှာ ရှိတဲ့ ထိုင်းသံရုံးကို အကြောင်းကြားပြီး အစိုးရ အကူအညီနဲ့ ရှာဖွေ ခဲ့ပါတယ် ပြီးခဲ့တဲ့ ၂ပတ်လောက်ကဘဲ အဲဒီကလေးလေးရဲ့ အဖေကို ရှာတွေ့ပြီးသွားပါပြီ အဲဒီကလေးလေးနဲ့သူ့အဖေလည်းဖုန်းပြောဖြစ်တယ်လို့လဲ ပြောပါတယ် ။ ကလေး က သူ့ကလေးပါလို့လည်း ဂျပန် က ၀န်ခံပါတယ်တဲ့။သူ့သားအတွက်လည်းတာဝန်ယူကြောင်းပြောပါတယ်တဲ့
ထိုင်းသတင်းတစ်ခုမှာ ကျမတွေ့လိုက်ပါတယ် (သေချာတော့ မမှတ်မိတော့ပါ )
ခင်မင်လျက်
စန္ဒီမိုးမြင့်
(မန္တလေး)