Friday, May 29, 2009

ဘ၀အစ

လူ့ဘ၀ ဘယ်ကစ.....?

မေး မေးနေကြတဲ့မေးခွန်းပါ။

ကျနော်ကတော့ ကျနော့်ဘ၀ ဒီပုံထဲကလိုပဲ စခဲ့ပါတယ်လို့.....။





ယှဉ်ပြိုင်ခြင်းနှင့် စတင်ခဲ့သော...



အောင်မြင်ခြင်းအစ....



ရှင်သန်ခြင်းအစ...



ကြင်နာမှု၏ ရင်ခွင်ထဲဝယ်.....



လူ့လောကကြီးက ဘယ်လိုနေပါလိမ့်...



မေတ္တာရိပ်အောက်တွင်...



မကြာခင်လောကကြီးနဲ့ ရင်ဆိုင်ရတော့မယ်..



ပီတိများစွာ၏ ကြိုဆိုခြင်း၌...



ချစ်၍မ၀လေသောသူ...

ခမ်းကီး
၂၉၊မေ၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

အမေတူ၊အဖေကွဲအမြွာပူး




ရုပ်ချင်းမတူတဲ့ အမြွာပူးကို တွေ့ဖူးရင် တွေ့ဖူးကြမှာပါနော်။ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် အမြွာပူးမျိုး တွေ့ဖူးရင်လည်း တွေ့ဖူးကြမှာပါ။

ဒါပေမယ့် အမေတူအဖေကွဲအမြွာပူးဆို ကြားတောင်ကြားဖူးမှာ မဟုတ်ဘူးနော်…။

အခုလိုပြောနေတော့ သံသယနဲ့ မယုံချင်ဖြစ်နေကြပြီ ထင်ပါရဲ့။


ဆရာဝန်တွေက ရှိတတ်ပါတယ်လို့ ပြောရင် မယုံချင်၊ယုံချင်ပေါ့နော်။ ဒါပေမယ့် အခုတော့ တစ်ကယ်ပဲ ရှိခဲ့ပါပြီ… ။

ဟုတ်ပါတယ်။ မီအာဆိုတဲ့ အမေရိကန်သူလေး ပြီးခဲ့တဲ့ တစ်နှစ်လောက်က အမြွာပူးသားလေး မွေးခဲ့ပါတယ်။ သူမသားနှစ်ယောက် ရုပ်ချင်းမတူတာ သူမ သတိထားမိခဲ့ပါတယ်။

သူမ ဘာတွေလုပ်ခဲ့ဖူးသလဲဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်သိနေတော့ လိပ်ပြာ မသန့်စွာနဲ့ ဆရာဝန် အကြောင်းပြန်မယ့် သွေးအဖြေ(DNA) ကို ရင်တစ်ထိတ်ထိတ် စောင့်နေခဲ့ပါတယ်။

ဒီအဖြစ်မျိုး သူမ မကြားဖူးဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူးလို့ သူမ ယုံကြည်နေပါတယ်။ ဒါပေမယ့် DNA အဖြေကို အံ့သြထိတ်လန့်စွာ သူမ ရရှိခဲ့လေတယ်။

ကျမ လွယ်ထားရ၊ မွေးခဲ့ရတဲ့ ကျမရင်သွေးတွေ၊ ခုနှစ်မိနစ်သာခြားပြီး မွေးခဲ့တဲ့ ဒီအမြွာပူး တစ်ယောက်တစ်ဖေစီ ဖြစ်လိမ့်မယ်လို့ ကျမမတွေးခဲ့ပါဘူးလို့ ရင်ဖွင့်ရှာပါတယ်။

ဒါပေမယ့် သတ္တိရှိစွာဖြင့် သူမရဲ့ခင်ပွန်းအား အဖြစ်မှန်ကို ပြောပြခဲ့ပါတယ်။ သူမ တစ်ကြိမ်တည်းသော မိုက်မဲခြင်းကို ကျူးလွန်ခဲ့ပါလို့ ၀န်ခံခဲ့ပါတယ်။

အဖြစ်မှန်ကို ၀န်ချခဲ့တော့ သူမယောက်ျား ဂျိမ်းစ်က အစစအရာရာကို ခွင့်လွတ်ပြီး သွေးရင်းသားရင်းလို ဒီကလေးလေးကို မွေးဖို့ ကတိပေးခဲ့ပါတယ်။

ပြီးတော့ အခုသူမမှာ ရှိနေတဲ့ ကိုယ်ဝန်က သူ့တစ်ယောက်တည်းနဲ့သာ ရတဲ့ ကလေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောပြသွားပါတယ်။

သူမတို့နှစ်ဦးသား ဒီကလေးရဲ့အဖေ ဘယ်သူဘယ်ဝါဆိုတာတော့ လုံးဝဖွင့်မပြောဖို့ သဘောတူထားကြတယ်။ အကယ်၍ ဒီကလေးကြီးလာလို့ အဖြစ်မှန်ကို သိခဲ့ရင်၊ သူ့အဖေအရင်းကို သိချင်ခဲ့ရင်တော့ ပြောပြဖို့ စဉ်းစားထားပါသတဲ့လေ…။

ဆရာဝန်တွေရဲ့အဆိုအရတော့ ဒီလိုဖြစ်ရပ်မျိုးက လူတစ်သန်းထဲမှာ တစ်ယောက်နှုန်းလောက်သာ ဖြစ်တတ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

မိခင်ရဲ့မမျိုးဥကျစဉ် မိန်းကလေးဘက်က ယောက်ျားလေးတစ်ဦးထက် ပို၍ လိင်ဆက်ဆံခြင်း ပြုခဲ့ရင် ဖြစ်နိုင်ခြေနည်းလွန်းတဲ့ အဖြစ်မျိုးဆိုပေမယ့် ဆဲလ်စပမ်တွေက ဥတစ်လုံးစီနဲ့ မျိုးစပ်နိုင်ကြောင်း ဆရာဝန်ရှင်းပြခဲ့ပါတယ်။

(အမှန်တော့ အမြွာမဟုတ်တော့သော မအေတူ၊ဖအေကွဲ ညီအစ်ကို မျှသာ ဖြစ်သွားတယ်လို့ ထပ်ရှင်းပြပါတယ်)

မီအာတစ်ယောက် နောင်တရပေမယ့် ခွင့်လွတ်တတ်သော လင်ယောက်ျားကြောင့် စိတ်ချမ်းသာရကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

တစ်ခြားသော အမျိုးသမီးအားလုံးကိုလည်း သူလိုမမှားမိဖို့ သတိပေးချင်ပါသတဲ့..။

သို့မဟုတ်က သူမလို မယုံကြည်နိုင်သော မအေတူ၊ဖအေကွဲ အမြွာပူးတွေ မွေးမိလိမ့်မယ်….တဲ့။



ခမ်းကီး
၂၈၊မေ၊၂၀၀၉

Manager.co.th မှ ရယူသည်။

ဆက်လက်ဖတ်ရှူရန်...

Wednesday, May 27, 2009

စေတနာရှင်




Brian Burnie တစ်ယောက် ခြောက်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး သိပ်မကြာခင်မှာပဲ သူပိုင်ဆိုင်တဲ့ Doxford Hall Hotel and Spa ကို ရောင်းချဖို့ ကြော်ငြာခဲ့ပါတယ်။

1993 ကတည်းက ဖွင့်လှစ်လာခဲ့တဲ့ သူ့ဟိုတယ်လ်က အတော်ကြီးကို အောင်မြင်နေပါပြီ။ ဒီဟိုတယ်လ်က Chathill, Alnwick, Northumberland မှာပါ။

အခုတော့ ရောင်းချဖို့ ကြော်ငြာနေတော့ သူ့ရဲ့ စာရင်းကိုင်တွေက ဘရိုင်အန်ရူးနေပြီလားလို့တောင် ထင်နေကြတယ်။

ပြီးတော့ စတာလင်ပေါင်တန်ဖိုး (၁၆)သန်း ရှိ ဟိုတယ်လ်ရောင်းရငွေကိုလည်း ကင်ဆာရောဂါဆိုင်ရာကုသိုလ်ဖြစ် ဖောင်ဒေးရှင်းတစ်ခုမှာ အကုန်လှူဒါန်းဖို့ ဆုံးဖြတ်ထားပါသေးတယ်။

ကျနော်တို့ဆီမှာဆိုရင် တရားသဘောနားလည်သွားပြီလို့ ဆိုနိုင်မလားပဲ…။ သူ့ဇနီး Shirley က ရင်သားကင်ဆာဘေးကနေ သီသီလေး လွတ်လာခဲ့လို့ပါ။ အသက်ထက် ဘာမျှ အရေးမကြီးတာ သဘောပေါက်ခဲ့ပုံရတယ်။

အသက် ၆၅ရှိ ဘရိုင်အန်နဲ့ အသက် ၆၀ ရှယ်လီတို့ ဟိုတယ်လ်ရောင်းပြီးရင် ရိုးရိုးသာမန်အိမ်လေးတစ်လုံး ၀ယ်ပြီး အေးအေးဆေးဆေးနေဖို့ စိတ်ကူးထားပါတယ်။

“ ကျနော်ရဲ့ ရည်မှန်းချက်က ကျနော်သေရင် ငွေတစ်ပြားသားမှ ပါမသွားဖို့ပါ။ မွေးစက ဘာမှ မပါခဲ့သလို နောက်ဆုံးလည်း ဘာမှ ပါမသွားပါဘူးလေ….။ “

('We come into this world with nothing and we should leave with nothing,')

“ လူ့အဖွဲ့အစည်းအတွက် ကျနော် ကျေးဇူးပြန်ဆပ်လိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီး ပိုင်ရှင်ဖြစ်ဖို့ရယ် ငွေရေးကြေးရေး ချမ်းသာကြွယ်ဝဖို့ရယ်က အရေးကြီးပါတယ်။ ဒါပေမယ့် လူသားတစ်ယောက်လောက်တော့ အရေးမကြီးလှပါဘူး”

အခုဆို လူတွေလေ့လာဖို့ ဖွင့်ထားတဲ့ ပြခန်းသဖွယ် ဂေဟာလေးတစ်ခု ဖွင့်ထားပါတယ်။ သူ့လုပ်ရပ်မျိုး တစ်ခြားသော သူဌေးများ၊ ကုမ္ပဏီပိုင်ရှင်ကြီးများလည်း အတုယူကြဖို့ သူမျှော်လင့်ပါကြောင်း ပြောသွားပါတယ်။
သူ့လို စွန့်ဝံ့သူမျိုးက တကယ့်အသည်းနှလုံးအကြီးဆုံး လူသာဖြစ်နိုင်မှာပါလို့ သူ့ကိုယ်ရေး လက်ထောက်တွေ အံ့မကုန် ဖြစ်ချိန်မှာ သူက အဲဒီအသည်းကြီးက သူ့လို လူအိုတစ်ယောက်ရဲ့ ရင်ထဲမှာ လာရှိနေတာ နှမြှောဖို့တော့ ကောင်းပါရဲ့လို့ ပြောဆိုသွားပါသေးတယ်။




'We come into this world with nothing and we should leave with nothing,'




Doxford Hall Hotel and Spa.
Chathill, Alnwick, Northumberland










( manager.co.th မှ ရယူပါသည်)

ခမ်းကီး
၂၇၊မေ၊၂၀၀၉


ဆက်လက်ဖတ်ရှူရန်...

Monday, May 25, 2009

ယောက်ျားသားတို့ မျိုးတုံးလုနီးလေပြီလော..





ကမ္ဘာကျော် သြစတေးရီးယားနိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးက ဖိုဓါတ်တိုင်ရာ မျိုးရီုးဗီဇပိုးများ မသန်စွမ်းတော့ခြင်း၊ လျော့လျဲကျလာခြင်းကြောင့် ယောက်ျားသားတို့ မျိုးပြုန်းဖို့ရန် အဆင်သင့်ဖြစ်နေပြီလို့ ဟောကိန်းထုတ်နေပါတယ်။


သြစတေးရီးယားနိုင်ငံ အမျိုးသားတက္ကသိုလ်က မျိုးပွါးမှုဆိုင်ရာ မိုင်ခရိုဇုန်းကို အဓိကလေ့လာတဲ့ ပါရဂူကြီး ဂျင်နီဖာ ဂရစ်(ဖ်)က ဖိုဓါတ်ဆိုင်ရာ မိုင်ခရိုဇုန်း Y ဟာ အရည်အသွေး ညံ့ဖျင်းအားနည်းလာပြီး၊ မျိုးပြုန်းဖို့ရန် လာမည့်နှစ်ပေါင်း ငါးသန်းလောက်တွင် ဖြစ်နိုင်လိမ့်မည်လို့ ဆိုပါတယ်။

( နှောင်နှစ်ပေါင်း ငါးသန်းကျရင် မိုင်ခရိုဇုန်း Y များ လုံးဝ မျိုးပြုန်းနိုင်ကြောင်း )

သန္ဓေသားထည်ဆောက်ခြင်းကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက မိုင်ခရိုဇုန်းYများ သေဆုံးကုန်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တစ်ကယ့်ပြသာနာကြီးပါလို့ ပြောပါတယ်။

သူတို့ ဆက်ပြောပုံအရ ဖိုယောက်ျားသားတို့ဟာ ကြွက်ထီးတွေလို တုနိုင်ပါရဲ့။ ဖိုဓါတ်တွေ ကုန်ဆုံးပေမယ့် မျိုးဆက်ပြန့်ပွါးဖို့ရန် အစွမ်းကုန်ကြိုးပမ်းနေကြသလိုပေါ့။ လူသားတွေမှာ ဖိုဓါတ်မျိုးပြုန်းတဲ့ ဒုတိယမျိုးနွယ်ဖြစ်လာမှာ စိုးရိမ်ပူပန်မှု ဖြစ်နေကြပါတယ်လို့ ဆိုပါတယ်။

Thairath.co.th


ခမ်းကီး
၂၅၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Thursday, May 21, 2009

အသက်ဆိုတာ ဂဏန်းလုံး၊ အချစ်တည်ရာ အသည်းနှလုံး

အသက်ဆိုတာ အရေအတွက်ဂဏန်းလုံးမျှသာ…။ ဘယ်ရွေ့ဘယ်မျှလို့ ညွန်းရုံလောက်ပါ….။

အသည်းနှလုံးထဲက အချစ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အချစ်က အသက်နဲ့အတူ ရင့်ရော်မသွား၊ အိုမင်း မသွားခဲ့ဘူးလေ… ။

ဆယ်ကျော်သက်တုန်းအချစ်နဲ့ အခု ခုနှစ်ဆယ်ကျော် အချစ်က တူညီနေဆဲပါ။

ခုနှစ်ဆယ်သုံးနှစ်အရွယ်ကျမ ဆယ့်ရှစ်နှစ်တုန်းကလို ရင်ခုန်နေတယ်။ ကျမ သူ့ကို ချစ်မိနေတယ်။ ဟုတ်တယ်…။ သူချစ်ရေးဆိုလာတော့ ကျမလေ. ရင်ခုန်လိုက်ရတာ….။

သူ့ကို မြင်မြင်ချင်း ကျမရင်ထဲမှာ ရှိန်းကနဲဖြစ်သွားခဲ့တယ်။ တစ်ခုခုနဲ့ ပတ်သက်ဆက်နွယ်သလိုလို၊ သွေးသားချင်း ရင်းနှီးနေသလိုလို ကျမတန်းကနဲ ခံစားလိုက်ရတယ်။ သူ့အကြည့်နဲ့ ကျမအကြည့်ချင်း ဆုံတော့ ကျမနှလုံးသားလဲ အရည်ပျော်မတတ် ခံစားလိုက်ရတယ်။





ရင်းနှီးဖူးတဲ့ လူဟောင်းတစ်ယောက်လို သူက ကျမကို ကြည့်နေတယ်။ ကျက်သရေရှိလိုက်တာ၊ လှရက်လိုက်တာလို့ သူပြောတော့ ကျမ အရည်ပျော်မတတ်ပါပဲ။ ကျမရဲ့ သူငယ်ချင်းတွေက ဘာမှ မသိကြတော့ ဒီခုနှစ်ဆယ်ကျော် အဖွားကြီးအုပ်စုကကို လှတယ်လို့ ပြောတာ ဟာသမှတ်ပြီး ရယ်မောလိုက်ကြတာ။

ဒါပေမယ့် သူစကားက ရင်ထဲကလာတဲ့ စကားလို့ ကျမ ယုံကြည်နေမိတယ်။ ကျမတို့ စားပွဲဝိုင်းကနေ သူမခွါပဲ အနီးကပ် ဂရုစိုက်ခဲ့တယ်။ အားလုံး ပျော်ပျော်ပါးပါး စားသောက်ဖို့ ဟာသနှောရင်း၊ စားပွဲထိုး ၀န်ဆောင်မှုအပြည့်နဲ့ သူတာဝန်ကျေနေတယ်။ ကျမမျက်လုံးထဲမှာ သူက နတ်သားတစ်ပါးလို ကြည့်ကောင်းနေလိုက်တာ။ ကျမလေ ဆယ်ကျော်သက်လိုပဲ ကြည့်နူးနေလိုက်တာ..။

ကျမတို့ သူငယ်ချင်းဟောင်းတွေ စုပြီး ဒီစားသောက်ဆိုင်မှာ လာစားသောက် နေကြတာပါ။ အိမ်ထောင်ကိုယ်စီ၊ ဘ၀ကိုယ်စီမို့ မတွေ့ဖြစ်တာ ကြာခဲ့ကြပြီ။ တစ်ချို့က မိသားစု စုံလင်နေဆဲ၊ တစ်ချို့က လင်ဆုံးမုဆိုးမ ဘ၀တွေဖြစ်လို့၊ သားသမီးနဲ့ အတူနေသူကနေ၊ ၀န်ထမ်းဘ၀ အငြိမ်းစားယူပြီးသူကယူပေါ့။ ကျမတောင် မုဆိုးမဖြစ်ခဲ့တာ အနှစ်သုံးဆယ်နီးပါးခဲ့ပြီ။ ကျမ သမီးကြီးကတောင် ငါးဆယ့်ငါးနှစ် ရှိခဲ့ပြီလေ…။

အို… ကျမဘာတွေ လိုက်တွေးနေပါလိမ့်။ သူငယ်ချင်းဟောင်းတွေနဲ့ ဆုံရလို့ ကျမပျော်နေတာလား..။ ဒီကောင်လေးကို တွေ့လို့ ကျမပျော်နေတာလား..။ ကျမ အရမ်းပျော်နေတာပဲ ကျမ သိတော့တယ်။

ဟယ်.. ကျမတို့ ပြန်မယ်လုပ်တော့ သူက ဖုန်းနံပါတ် လာတောင်းနေတယ်။ ဖောက်သည်တွေရဲ့ ဖုန်းနံပါတ်ကို သိမ်းထားချင်တယ်လို့ သူအကြောင်းပြနေတယ်။ ကျမလည်း ကြောင်တောင်တောင်နဲ့ မိုဘိုင်းဖုန်းနံပါတ်ကို ပေးမိလိုက်တယ်။ ဆယ်ကျော်သက်ကလို ကျမရင်တွေ ခုန်နေတယ်..။

ကျမအိပ်ရာဝင်ခါနီးမှာ ဖုန်းဝင်လာနေတယ်။ သူက ကျမကို မ တဲ့။ နားရှက်သလိုလို ကျမခံစားလိုက်ရတယ်။ သူ့အသံ မကြားဖူးပေမယ့် ဖုန်းနံပါတ် အသစ်လေးကြောင့် သူပဲဆိုတာ ကျမအလိုလို သိနေတယ်။

ပြောတတ်လိုက်တဲ့ စကား၊ ဖွဲ့တတ်လိုက်တာမှား ရှာမှရှားပဲ ထင်ပ။ အတော်ကြာအောင် သူဖုန်းပြောပေမယ့် ကျမ နားထောင်လို့ မ၀နိုင်ခဲ့ဘူး…။ နှလုံးသားချင်း ရင်းနှီးနေလို့လားကွယ်….။

သူ့အသက်ကို ကျမမေးမိတယ်။ နှစ်ဆယ့်ခြောက်နှစ်တဲ့….။ ဘုရားရေလို့ ကျမတမိသွားတယ်။ ဟုတ်တယ်၊ သူ့အသက်က ကျမမြေးအကြီးနဲ့ ရွယ်တူလေ…။

နောက်နေ့တွေမှာလည်း သူ့ဆီက ဖုန်းလာနေတယ်။ အရွယ်နဲ့ မလိုက်အောင် နုပျိုနေတယ်လို့ သူပြောတော့ ကျမလည်း နုနိုင်သမျှ နုနေအောင် ပြင်ဆင်ဝတ်စားခဲ့ပါတယ်။ သူ့ဆိုင်ကို မကြခဏ သွားစားတတ်ခဲ့တယ်။

နောက်ပိုင်းမှာ ညအိပ်ရာဝင်ခါနီးတိုင်း သူ့ဆီကဖုန်းသံကို မျှော်နေမိတော့တယ်။


အို… ဟာ.. ဒီမိန်းမကြီးက လှလိုက်တာ..။ ကြည့်စမ်းပါဦး. ကျက်သရေရှိနေလိုက်တာ။ သူမပြုံးပျော် ကြည်နူးနေပုံက ဆယ်ကျော်သက်အပျိုလိုပါပဲလား…။ ငါ့သူမနဲ့ ရင်းနှီးဖူးသလိုလို…။ အို.. မဟုတ်သေးပါဘူး။ အခုမှ တွေ့ဖူးတာပါ။ သူမနဲ့ အနီးကပ်နေချင်လိုက်တာ..။

အလုပ်သာလုပ်နေရတာ။ သူမအနားမှာပဲ ငါသွားချင်နေတယ်။ အပျိုလူပျိုစကားတွေ ပြောတော့ သူတို့ သဘောကျနေလိုက်တာ။ အရင်က ဒီစကားမျိုး ငါမပြောတတ်ပါဘူး။ အခုမှ ဘယ်လိုဘယ်လို ပြောထွက်နေပါလိမ့်…။

သူမကို ကြည့်လိုမ၀နိုင်အောင် ဖြစ်နေတယ်။ ငါ့ရင်တွေ ခုန်နေတယ်။ သူမကို ထွေးပွေ့လိုစိတ်ပေါ်နေတယ်။ ငါ..ငါ.. ဘယ်လို ဖြစ်နေပါလိမ့်..။ သူမကို ပြုစုယုယလိုစိတ်တွေ ထိန်းမရတော့ဘူး..။ သူမပြန်သွားမှာ စိုးရိမ်နေတယ်…။

နောက်ဆို သူတို့ ဒီဆိုင်မှာ လာစားကြပါ့လား..။ သူမကို အမြဲတမ်း မြင်ရအောင် ငါဘယ်လို လုပ်ရပါ့…။ သူမဖုန်းနံပါတ်…။ သူမရဲ့ဖုန်းနံပါတ်ကို ယူထားရမယ်။

ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ရလိုက်သလို ငါပျော်လိုက်တာ။ သူမအသံကို ငါကြားချင်နေတာ။

သူမ ငါ့ကို စိုးမိုးနိုင်လွန်းပါလား…။ သူမနဲ့ အတူနေချင်တဲ့ စိတ်တွေ ထိန်းမရတော့ပါလား..။

သူမရဲ့အသံကို ကြားရမှ စိတ်ကျေနပ်ခဲ့တယ်။ ကြင်နာသူတစ်ယောက်လို သူမအပေါ် ခံစားနေရတယ်။ ငါ့ကိုယ်ငါ နားမလည်နိုင်တော့ဘူး။ သူမကို စွဲလန်းမိပြီဆိုတာ သေချာပြီ။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ငါမစိုးရိမ်မိဘူး။

သူမ အသက်ကိုမေးမိတော့ ခုနှစ်ဆယ်သုံးနှစ်တဲ့…။ ငါရှိန်းကနဲ ဖြစ်သွားသလိုလို၊ ရှက်သလိုလို ခံသားမိသွားတယ်။ ငါ့အဖွားထက်တောင် အသက်ကြီးနေပါလား….။ ငါ့အဖွားက ခုနှစ်ဆယ်၊ ငါ့အမေက လေးဆယ့်ပါးပဲ ရှိသေးတယ်လေ…။

ဒါပေမယ့် သူပအပေါ် တွယ်တာလိုစိတ်၊ ထွေးပိုက်လိုစိတ်ကို ငါမထိန်းနိုင်ခဲ့ပါဘူး….။ ရူးတယ်လို့ ပြောလည်း ပြောပါစေတော့..။ သူမကို အမှန်တစ်ကယ် စွဲလန်းခဲ့တာပဲ…။

အားလုံးကို ရင်ဆိုင်ရတယ်လို့ ဆုံးဖြတ်နိုင်ခဲ့ပြီးချိန်မှာ သူမကို ချစ်ရေးဆိုခဲ့ပါတယ်။ ကောင်မလေးနဲ့ ရည်းစားဖြစ်ခဲ့တုန်းက ငါဒီလောက်ထိ မပျော်ခဲ့ပါဘူး။ ကောင်မလေး အဆက်ဖြတ်တုန်းကလည်း ဘာမှ ထွေထွေထူးထူး မခံစားခဲ့ရပါဘူး။

သူမကိုကျမှ ငါခံစားနေရတာ။ ကြင်နာလိုစိတ်၊ ထွေးပိုက်လိုစိတ်က သူမကို အဖွားအိုတစ်ယောက်လို့ မမြင်မိခဲ့ပါဘူး။

ငါချစ်တာကို ချစ်တယ်လို ငါပြောရဲ့ခဲ့တယ်။ ယောက်ျားတစ်ယောက်ပီပီ သူမကို တောင်းရမ်းလက်ထပ်ယူဖို့ ငါဆုံးဖြတ်ခဲ့တယ်။

* * * * * * * *
စွမ်ဖွန်လို့ခေါ်တဲ့ အသက်နှစ်ဆယ့်ခြောက်နှစ် စားပွဲထိုးကောက်လေးက အသက်ခုနှစ်ဆယ့်သုံးနှစ် မုဆိုးမကို တောင်းရမ်းလက်ထပ်ယူမယ့် သတင်းကို တစ်နယ်လုံး အံ့သြသင့်စွာ ကြားခဲ့ရတယ်။

ဖြစ်နိုင်ပါ့မလား၊ ရူးများရူးနေကြသလားဆိုပြီး အမျိုးမျိုးအဖုံဖုံ ဝေဖန်ကြတာပေါ့.။

သတို့သားလောင်းမိခင်ကတော့ မိသားဖသားပီပီ ထုံးတမ်းစဉ်လာအတိုင်း ချွေးမလောင်းကို တင်တောင်းပေးခဲ့ပါတယ်။

သမီးကြီး(၅၅နှစ်)၊ သမီးငယ်(၅၁နှစ်) ၊ သမီးထွေး(၃၅နှစ်) တွေက လာရောက် တောင်းရမ်းခြင်းကို ကြည်ဖြူစွာ လက်ခံခဲ့ကြပါတယ်။ သုံးလကြာအောင် ကြိုးစားပိုးပန်းနေကြတဲ့ သတို့သား၊ သတို့သမီးကို နားလည် ကိုယ်ချင်းစာ တတ်ကြပါတယ်တဲ့။

အသက်ရှစ်ဆယ်ရှိတဲ့ သတို့သမီးအစ်မကတော့ အရေးကြီးတာက သူတို့နှစ်ယောက် အမှန်တစ်ကယ် ချစ်ကြိုက်ကြဖို့ပါပဲ။ ယောက်ားအချင်းချင်းတောင် ပြန်ချစ်ကြ၊ လက်ထပ်ကြသေးတာပဲ၊ သူတို့လို မိန်းမနဲ့ ယောက်ျား ချစ်မိကြတာ အဆန်းမဟုတ်ပါဘူးလို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

အသက်ကွာခြားမှုက ကျနော်တို့ရဲ့အချစ်ကို အနှေက်အယှက် မဖြစ်စေခဲ့ပါဘူးလို့ ကြွရောက်လာကြတဲ့ ဧည့်သည်အပေါင်းကို သတို့သားက ရှင်းပြခဲ့ပါတယ်။

ဘတ်ငွေနှစ်သောင်းနဲ့ ရွှေငါးမတ်သားတင်တောင်းတဲ့ နှစ်ဆယ့်ခြောက်နှစ် သတို့သားနဲ့ ခုနှစ်ဆယ့်သုံးနှစ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲကို ပျော်ရွှင်ကြည့်နူးစွာ ကျင်းပခဲ့ကြပါတယ်။

သူတို့နှစ်ဦးသား အပြန်မလှန် အနမ်းဖလှယ်ကြပြီး ပရိတ်သတ်ရှေ့ ချစ်သက်သေထူပြ ခဲ့ကြပါတယ်။





( သတင်းစာပါ ၂၆နှစ် သတို့သားနှင့် ၇၃နှစ် သတို့သမီး မင်္ဂလာဆောင် သတင်းအား ခံစားရေးသားပါသည်)

ခမ်းကီး
၂၁၊မေ၊၂၀၀၉



ဆက်လက်ဖတ်ရှူရန်...

Wednesday, May 20, 2009

မှန်ထဲက ငါ




မှန်ထဲက ငါ




ပြီးခဲ့တဲ့နှစ်ကလည်း ငါလိမ်ခဲ့တယ်။

ပြီးခဲ့တဲ့လကလည်း ငါလိမ်ပြီးပြီ။

မနေ့ကလည်း ငါလိမ်ခဲ့သေးတယ်။

ဒီနေ့လည်း ငါလိမ်မိနေသေး။


အခုလည်း ငါလိမ်ဖို့ စဉ်းစားနေတယ်။

သူတို့မသိလို့ ငါလိမ်နေတယ်။

ငါလိမ်နေတာ သူတို့ မသိကြဘူး။

သူတို့ မသိလို့ ငါဆက်လိမ်မယ်။

ငါလိမ်တာကို သူတို့ သဘောကျတယ်။

လိမ်ပွဲကြီးကို သူတို့ ကျင်းပနေတယ်။

လိမ်ညာသံနဲ့ သူတို့ ကြွေးကြော်နေတယ်။

ငလိမ်ငါ့ကို သူတို့ ကောင်းချီးပေးနေတယ်။

ကောင်းချီးသံကြားမှာ ငါ ကြည်နူးနေတယ်။

ငါမှငါဟဲ့လို့ ငါ ကြွေးကြော်ပစ်လိုက်တယ်။

ငါဟာ ငလိမ်… ငါဟာ ငလိမ်… ငါဟာ ငလိမ်………။


ခမ်းကီး
၂၀၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Monday, May 18, 2009

ဖေါက်ပြန်သူတို့ နှလုံးသား

ဖေါက်ပြန်သူတို့ နှလုံးသား


ပုရိသယောက်ျား.. တဲ့။

အာဇာနည် သူရဲကောင်း ယောက်ျား.…တဲ့။

မောင်းမတစ်ထောင်တဲ့ အားထားရာ ယောက်ျား…တဲ့။

အခုတော့ နှလုံးသားဖေါက်ပြန်တဲ့ ယောက်ျားလေလား….။

မိုးမမှန်၊ လေမမှန် ဥတုရာသီတွေ ဖေါက်ပြန်လို့ ယောက်ျားတို့ နှလုံးသားဖေါက်ပြန်လေသလား….။

ယောက်ျားတို့နှလုံးသား ဖေါက်ပြန်လို့ ရာသီဥတုမမှန်တော့တာလား….။

ကျားတို့၊ ခြင်္သေ့တို့၊ မြေခွေးတို့ သမင်ပျိုကို အရှုံးပေးတဲ့ ခေတ်ရောက်နေပြီလား…။





ကြည့်စမ်းပါဦး …..

ယောက်ျားနှင့် ယောက်ျား ထိမ်းမြားလက်ထပ်ပွဲ….တဲ့။

ဖိုမသဘာဝချစ်ကြိုက်ကြတဲ့ လောကကြီး…..။ အခုတော့ ဆန့်ကျင်ဘက်လိင်ကို ရွံရှာပြီး တဏှာမီးတွေ ဖေါက်ပြန်နေပါရော့လား…။

တစ်ကယ်ပဲ လောကကြီး ဖေါက်ပြန်နေပြီလား။

ဘုရားစကားကို နားထောင်ရမည့်အစား မိစ္ဆာတို့ရဲ့ တရားကို နာလိုကနာ..။

မေတ္တာထားရမည့်အစား အမုန်းပွါးလိုကပွါး..နဲ့။

ကမ္ဘာကြီးကို တို့ပုရိသတို့ တစ်ကယ်မုန်းနေပြီလား…။

ဣတ္ထိယ ကို ရှက်တတ်ပါစ မောင်မင်းကြီးသားတို့ရယ်။


ဒီပုံက သတင်းသာထဲပါတဲ့ ငဖြူတစ်ကောင်နဲ့ ယိုးဒယားထီးတို့ လက်ထပ်ပွဲပါ။ ငဖြူက ဘတ်ငွေတစ်သိန်းနဲ့ ရွှေတစ်ဆယ်သား တင်တောင်းခဲ့ပါသတဲ့။

မိန်းမသားတို့ရေ

ပုရိသယောက်ျားတို့ အချစ်တွေကုန်ခမ်းလာနေပြီ။ သတိထားကြပေတော့…… ။

ခမ်းကီး

ဆက်လက်ဖတ်ရှူရန်...

Friday, May 15, 2009

အတ္တနိဂုံး




အို… ငါ့ခန္ဓာကိုယ် ပေါ့ပါးနေလိုက်တာ။

ကြည့်စမ်းပါဦး…လေထဲလွင့်နေတဲ့ ငှက်မွှေးတစ်မျှင် ပေါ့ပါးနေလိုက်တာ..။

ဒါ.. ဒါဖြင့်… ငါ.. ငါ နေကောင်းသွားပြီပေါ့။

ပြီးတော့.. ပြီးတော့.. ရက်ရှည်လကြာ ငါခံစားလာခဲ့ရတဲ့ ဝေဒနာတွေ ဘယ်ရောက်ကုန်ပါလိမ့်…။

ဟုတ်တယ်။ အခုမှ ဝေဒနာတွေ ပျောက်ပြီး အေးချမ်းနေလိုက်တာ…။

အို… ငါ့သားသမီးတွေ.. ငါ့သားသမီးတွေ…. သူတို့သိရင် တော်တော် ၀မ်းသာကြမှာ.. ။

ငါ့ဝေဒနာ ပျောက်ကင်းကြောင်း ငါပြောပြရမယ်။ သူတို့သိရင် ၀မ်းသာကြမှာ…။



အို… ဟယ်…. သူတို့… သူတို့ ငါဘေးမှာ ၀ိုင်းဖွဲ့နေကြပါလား… ။

ငိုတဲ့သူကငို၊ မျက်နှာညိုးတဲ့သူက ညိုးနဲ့….။

အို.. ငါ့ချစ်သမီးထွေး ဘယ်လိုပြောလိုက်ပါလိမ့်.. အမေရေ… သမီးတို့ကို ထားခဲ့ပြီလား အမေရဲ့…

သူတို့က.. သူတို့က ငါသေပြီလို့ ထင်နေကြပါလား… ။

အို… ငါမသေသေးဘူး.. ငါမသေသေးဘူး..။ သူတို့ကို ငါ ပြောပြမှ..။

အို.. အို… တုန်ချိတုန်ချိနဲ့ လှုပ်ရှားယူရတဲ့ငါ့၊ သူများတွဲထူမှ ထနိုင်တဲ့ငါ.. ပေါ့ပါးနေလိုက်တာ။

ဟင်….

ငါ လှုပ်ရှားပေမယ့် ငါ့ခန္ဓကိုယ်က လှဲလျောင်းနေဆဲပါလား…။

ငါ ဘာဖြစ်နေပါလိမ့်…..။

အို…. ဒါဆို.. ငါ… ငါ.. ငါ။ အို.. မဟုတ်သေးဘူး၊ ငါသေလို့ မဖြစ်ဘူး။ ငါသေလို့ မဖြစ်သေးဘူး…….

ငါ ထပြီးထိုင်နေပြီပဲ…။ သူတို့ငါ့ကို မမြင်ကြဘူးလား။

သမီးထွေးကို ငါလှမ်းပုတ်ပေမယ့် သူ့ကို မထိသလိုနဲ့..။ သမီးကြီးတွေကလည်း ငိုလို့။ သားတွေကလည်း မျက်နှာ ညိုးလို့ပါလား။

အို.. ဘုရားတကာတွေကလည်း ကြေးစည်တီးလို့ပါလား……။

မဖြစ်ဘူး.. ငါသေလို့ မဖြစ်ဘူး။ ငါ့မြေးလေးကို ငါရှင်မပြုရသေးဘူး။ ငါသိမ်းထားတဲ့ ပစ္စည်းဥစ္စာတွေ ငါ့သားသမီးကို ငါမပြောပြရသေးဘူး။ ငါရစရာရှိတဲ့ အကြွေးတွေ ငါ့သားသမီးတွေ မသိကြဘူး။

ငါဝှက်ထားတဲ့ ရွှေတွေ သူတို့ကို ငါမပြောပြ ခဲ့ရဘူး။ ဘုန်းကြီးကျောင်းမှာ လှူဒါန်းဖို့ ငါစိတ်ကူးခဲ့တာ ငါမလှူရသေးဘူး…။

ငါအမြင်ကတ်တဲ့ ချွေးမကြီးက အခုမှ မျက်ရည်မျက်ခွက်နဲ့ပါလား..။ သူ့ကို ငါ့သားနဲ့ လုံးဝသဘောမတူးခဲ့ဘူး။ ရွာစွန်ရွာဖျား အုတ်ကြားမြက်ပေါက် သားသမီးတွေ။ ငါ့သားကို မရအရ ခိုးပြေးယူတဲ့ ကောင်မ..။

အို.. ငါ့သားလတ်အကောင်ရဲ့ မိန်းမကို မတွေ့ပါလား..။ သူ့ခမျှာ ဆိုင်ကြီးဖွင့်ထားတော့ မအားဘူးထင်တယ်။ ငါစိတ်ကြိုက် ပေးစားထားတဲ့ ချွေးမလေး ငါ့ကို စိတ်ကောင်တာ မပြေသေးဘူး။ ငါ့ဆီ အရင်းအနှီးတောင်းတာ ပေးတာနည်းလို့ဆို ပြီး သားပြန်ပြောမှ သိရတာ။

အို.. ငါ့သားအငယ်ကောင်..။ သူက တိုင်းတစ်ပါးရောက်နေတဲ့ကောင်။ ငါ.. ငါ ငါသူ့ကို မမြင်နိုင်တော့ဘူးပေါ့..။ အို.. သားရယ်။ ငါ့သားကို ငါ မြင်ချင်လိုက်တာ…… ။ သူများတွေ နိုင်ငံခြားသွားလို့ ချမ်းသာကြသလို သူလည်း ချမ်းသာပါစေဆိုပြီး ငါပဲ အတင်းသွားခိုင်းခဲ့တာ..။

ငါ့သမီးထွေး ငိုနေလိုက်တာ ငါမကြည့်ရက်လိုက်တာ…။ ငါသဘောမတူတဲ့သူနဲ့ ရည်းစားထားတာ မနည်းထိန်းနေရတာ။ ငါမရှိရင်… ငါ မရှိတော့ရင်…။ အို.. သူ့ရည်းစားဟောင်းနဲ့ ပြန်တွေ့ ပြီပေါ့။ လယ်လုပ်ကိုင်းလုပ် သားသမီးကို ငါသဘောမတူနိုင်ဘူး…။ ငါ.. ဘယ်လို ပြောရပါ့…။

ငါ့သူငယ်ချင်းတွေတစ်ချို့က ငါ့သမီူကို နားချနေကြပါလား….။ အတိုးနဲ့ပိုက်ဆံယူထားတဲ့ မတုတ်ကြီး ငါ့အကြွေးတွေက်ု ပြန်မှ ဆပ်ပါမလား။ ဒီကောင်မကလိုရင်တစ်မျိုး မလိုရင်တစ်မျိုး။ ငါသိပ်အရောမ၀င်ချင်တဲ့ ငါ့ဆွေမျိုးတစ်ချို့လည်း ရောက်လာနေကြပါလား..။

အို… အိမ်ရှေ့မှာ သစ်ပိုင်းသံ၊ လွှဖြတ်သံတွေ ကြားနေရပါလား..

လက်သမားဆရာ ဖိုးစိန်က ငါ့ခန္ဓာကို လာပြီးတိုင်းလို့…

ဘယ်လိုပုံစံအခေါင်းလိုချင်သလဲတဲ့…။ ဘုရား.. ဘုရား…. မသာမြင်ရင် စားမ၀င်တဲ့ငါ… အခေါင်းမြင်ရင် ကြောက်တတ်တဲ့ငါ..။ ငါ့အခေါင်း… တဲ့။ မသာအိမ်က ကြေးစည်သံကို ကြောက်တတ်တဲ့ငါ.. ။ သူတို့က ငါ့ခန္ဓဘေးမှာ ကြေးစည်တွေတီး တရားတွေချနေပါလား..။

ငါ့သားကြီးနဲ့ ငါ့သားလတ်က အုတ်ဂူသွင်းရမလား၊ မီးနဲ့ သဂြိုလ်ရင်ကောင်းမလားဆိုပြီး ဘုရားဒကာနဲ့ တိုင်ပင်လို့။ မသာအလောင်းမီးရှို့တာ မြင်ဖူးကတည်းက ကြောက်နေခဲ့တာ.. ဘုရား.. ဘုရား။ နာတာရှည်နေမကောင်းလည်းဖြစ်၊ လူအိုလည်းဖြစ်တော့ မီးနဲ့သဂြိုလ်တာပဲ ကောင်းတယ်လို့ ဘုရားဒကာ ပြောနေပါလား..။

ဟင်.. အိမ်ခန်းထဲမှာ သေတ္တာသော့ ရိုက်ဖျက်သံပါလား…။

အို… ငှက်မွေးလို ငါ လေထဲမှာ လွင့်မျှောလို့….။

သမီးကြီးနဲ့ သားငယ်ကောင်ရဲ့မိန်းမတို့ ငါသေတ္တာကို ဖျက်လို့။ အလောင်းကို ကြောက်လို့ အိမ်ရှေ့မထွက်ရဲဘူးတာဆိုပြီး ငါ့သမီးကြီးကို ရှင်းပြနေတယ်။ ကြည့်စမ်း.. ငါကဖြင့် သူ့ကို ချစ်လိုက်ရတာ။ အခုတော့ ငါ့ကို ကြောက်တယ်တဲ့….။

ရွှေသားဘယ်လောက်၊ ငွေသားဘယ်လောက် ငါချန်ထားတာကို သိချင်လို့ သမီးထွေးကိုမေးပေမယ့် ဟိုက မသိဘူးလို့ ပြောတာ မယုံလို့တဲ့….။ သော့ထားတဲ့နေရာကို ငါပဲ သိတာ။ သော့ဖွဲ့ရကောင်းလားဆိုပြီး သော့ခလောက်ကို ဖျက်ဆီးနေကြပါလား…။

သူတို့ကို တစ်ယောက်မှ မယုံလို့ ငါ့ရွှေ၊ ငါ့ငွေတွေ ဘယ်လောက်ရှိတာ ငါ့မပြောခဲ့ဖူးဘူး…။ အငယ်မကို ချစ်ပေမယ့် ငါသဘောမတူတဲ့လူနောက် ခိုးရာလိုက်ပြေးမှာ စိုးလို့ ငါဘာမှ မအပ်ထားဘူး။

ကြည့်စမ်း… ကြည့်စမ်း…

ငါ့အလှူအတွက် အငြင်းပွါးနေလိုက်ကြတာ။

သားကတစ်မျိုး၊ သမီးကတစ်ဖုံနဲ့…. ။

ကုန်ချင်သလောက် ကုန်ပါစေဆိုတဲ့လူနဲ့၊ အသင်းငွေလောက်သာ လှူပါဆိုတဲ့ လူနဲ့…။

ငါသိမ်းထားတဲ့ငွေတွေ…. ငါသိမ်းထားတဲ့ရွှေတွေ…. အခုအချိန်မှာ ငါဘယ်လို လုပ်ရလဲ…. ။ သူတို့ သိအောင် ငါဘယ်လို ပြောရမလဲ…။ ငါ့သေတ္တာထဲမှာ ဘာမှ မတွေ့ကြလို့ ရန်စောင်နေကြပြီ။

မတတ်တစ်ခေါက်နဲ့ ရေးထားတဲ့ ငွေတိုးစာရင်းတွေ သူတို့ နားလည်ပါမလား…။ အကြွေးယူထးတဲ့ လူတွေ ပြန်ဆပ်ပါ့မလား…။ အို… ငါမှားတယ်။ ငါ မှားတယ်။

ညနေမိုးချုပ်လေ လူနည်းလေမို့ သူပဲအိပ်စောင့်၊ နင်ပဲ အိပ်စောင့်ဆိုပြီး ငြင်းနေကြပါလား….။ သူလဲကြောက်လို့၊ ငါလဲ ကြောက်လို့… တဲ့။ သားတွေလောက်ပဲ ငါအနားမှာ အိပ်ပေးကြလေရဲ့… ။

ငါလေ… ငါ.. သူတို့ကိုချစ်လိုက်ရတာ။

သူတို့ဖို့ဆိုပြီး စီးပွါးရေးခေါင်းပုံဖြတ်တဲ့ ငါ၊ သူတို့ကောင်းစားဖို့ ဆိုပြီး သူတို့အချစ်ကို ရက်ရက်စက်စက် ခွဲရက်ခဲ့တဲ့ ငါ၊ သူတို့ မျက်နှာ မငယ်ရအောင် ကပ်စေးနည်းမကြီးဆိုပြီး ချွေတာ ခဲ့ရတဲ့ ငါ…။

အခုလည်း ကြည့်ပါဦး… မသာအိမ်မှာ ဖွင့်နေကြ ဇာတ်ထုပ်ကြီးဖွင့်ပြီး ငါ့ကို ၀မ်းနည်းကြေကွဲ နေသတဲ့….။

ညအမှောင်ရိပ်ထဲမှာ ငါလွင့်မျှောရင်း တစ်သက်လုံးနေလာခဲ့တဲ့ ငါအိမ်ကြီးကို ကြည့်ပြီး ငါငိုချင်လာတယ်။ သူတို့တွေ ငါ့နဲ့ အိုးစားခွဲဖို့ဆိုပြီး မြေအိုးလေး ၀ယ်ထယ်ထားလေရဲ့။ တမလွန်မှာ ငါစားဖို့ဆိုတဲ့ မြေထမင်းအိုးတောင် ပါနေသေးတယ်။

ဂနာမငြိမ်တဲ့အသိစိတ်နဲ့အတူ ငါ့မျက်လုံးက ဒေါသထွက်စရာကို မြင်မိလေတယ်။ ကြည့်စမ်း… ငါလုံးဝ သဘောမတူနိုင်တဲ့ အကောင် ငါ့သမီးထွေးကို လာအားပေးနေလေရဲ့။ ငါမရှိတော့ရင် ငါ့သမီး ငါ့စကားကို နားထောင် ပါ့မလား….။
ရိုးသားတယ်ဆိုပေမယ့် ငါ့သမီးကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ထားနိုင်ပါ့မလား…။ တိုင်းတစ်ပါးရောက်နေတဲ့ ငါ့သားရော……။ သူတို့နဲ့ ငါမခွဲနိုင်ဘူး.. ငါမခွဲနိုင်ဘူး…..။

ပြာညို့ညို့ ၊ ခရမ်းရင့်ရင့်စက္ကူကပ်ထားတဲ့ အခေါင်းကို မြင်လိုက်ရတဲ့အချိန်မှာ ငါဘယ်လိုမှ စိတ်မထိန်း နိုင်တော့ဘူး။ ငါအရမ်းကြောက်ခဲ့တဲ့ မသာအခေါင်းထဲမှာ ငါ့ခန္ဓာကိုယ်ကို ထည့်မှာတဲ့…။ သမီးထွေးက ငါကြိုက်တဲ့ အင်္ကျီနဲ့ ထမီတစ်ထည်ကို ငါ့အလောင်းခြေရင်းမှာ ထားပေးနေတယ်။ ကူးတို့ခဆိုပြီး သူတို့တွေ ငွေအကြွေစေ့ကို လိုက်ရှာနေကြတယ်။

ငါ့ယောက်ျားသေတုန်းက အသုဘချရော၊ ပွဲရော တစ်ခါတည်း လုပ်ခဲ့ဖူးပေမယ့် ငါ့အတွက်တော့ သားကြီးက ခုနှစ်ရက်ပြည့် ရက်လည်ပွဲ လုပ်ပေးမယ်ဆိုတာ သိရတော့ ငါပျော်မိသွားတယ်။ ငါတစ်ခါမှ အလှူကြီး မလုပ်ခဲ့ဘူးတာ သူတို့သိကြတာလေ…။ ငါမကျွတ်မှာစိုးလို့ ဆိုတဲ့ သားကြီးစကားကို ကြားမှ စိတ်ချမ်းသာရတယ်။

မွန်းလွဲပိုင်းမှာ ငါ့အခေါင်းကို အိမ်ပေါ်မှ ချတော့ ငါငိုလိုက်ရတာ….။ သမီးထွေးက အပြီးအပိုင် ခွဲရပြီ။ လွတ်ရာကျွတ်ရာ သွားတော့ ဆိုပြီး ငိုကြီးရှိုက်ငင်နဲ့ ရေးအိုးကို ချခွဲပစ်လိုက်တယ်။

ဒီအိမ်ကြီးနဲ့ ငါမဆိုင်တော့ဘူး…. ဒီအိမ်ကြီးကို ငါမပိုင်တော့ဘူး…တဲ့။ ငါ့ငိုသံကို သူတို့ မကြားကြတော့ဘူး..။ ငါ့ငိုသံကို သူတို့ မကြားတော့ဘူး…….။

ငါ့အတွက် နောက်ဆုံးအနေနဲ့ သရဂုဏ်တင်ဖို့ ရဟန်းတွေကို မြင်လေ ငါထိတ်လန့်လေပါပဲ….။

အားလုံးပြုသမျှ ငါ့အတွက် အမျှ.. အမျှ.. တဲ့…။

သားတို့ရေ… သမီးတို့ရေ…. ငါကြေကွဲနေတာ နင်တို့ ဘယ်သိနိုင်တော့မလဲ……

ရှင်ပြုပွဲကြီး နွဲဖို့ ငါစိတ်ကူးခဲ့တဲ့ ငြါ့မးလေးက နားမလည်သေးတဲ့ မျက်လုံးတဲ့ ငါ့အခေါင်းကို လှမ်းကြည့်နေလေရဲ့…။

သင်္ချိုင်းကုန်း အသုဘပို့တော့ သမီးထွေးအကောင်က ကြေးစည်ထမ်းနေပါလား….။ ငါမရှိတော့ ဒီကောင် တော်တော် ၀မ်းသာနေမှာ…။ ငါ့နောက်ဆုံးခရီးမှာ ငါ့မြေးတွေ ပါမလာတော့ပါလား….

မီးသဂြိုလ်ဖို့ စီထားတဲ့ ထင်းပုံကြီးကို မြင်ရတော့ ငါစိတ်တွေ ထိန်းမရတော့ဘူး…

ငါကြောက်တယ်… ငါကြောက်တယ်…

ပြီးတော့ မလွတ်သေးတဲ့ ၀ိညာဉ်တွေ… သူတိုတွေ ပျော်နေကြလို့ရယ်…

ငါ့ကို.. ငါ့ကို ကြိုဆိုနေကြတာ…တဲ့။

ငါ့ကို နောက်ဆုံးအဖြစ် နံ့သာရည် ဖျန်းပြီးတော့ ငါ့သမီးတွေ ပြန်သွားကြပြီ….

ငါ့ခေါ်သံကို သူတို့ မကြားကြတော့ဘူး….
ငါ့သားတွေ ငါ့ခန္ဓာကို ထင်းပုံပေါ်တင်လို့….. ။

ငါ… ငါ…

အို ငါ.. အေးချမ်းပြီး အမြင်တွေ မှုန်ဝါးလာတယ်… ။

ငါ့အမြင်တွေ ၀ိုးဝါးလာနေတယ်…

ငါ..ငါ..

ငါ.. လွင့်မျှောနေ.. လွင့်မျှောနေ……။

ခမ်းကီး
၁၅၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Thursday, May 14, 2009

ကြွယ်ဝချမ်းသာစေသောနည်း?

လူအမျိုးမျိုး ဘ၀အထွေထွေထဲက ချမ်းသာလိုတဲ့နည်း၊ လာဘ်လာဘ ပေါကြွယ်လိုနည်း ကိုယ်စီရှိကြမှာပါနော်။

အကြောင်းအမျိုးမျိုး ချမ်းသာနေတဲ့လူ ရှိကြသလို၊ ချမ်းသာဖို့ရန် နည်းလမ်းစုံ ရှာဖွေနေဆဲ လူတွေလည်း ရှိကြမှာပါပဲ။

ဒေးလ်ကာနက်ဂျီရဲ့နည်းကို သုံးပြီး ချမ်းသာတဲ့လိုတဲ့ လူတွေရှီသလို၊ အင်ဒရူး ကာလ်နက်ဂျီရဲ့နည်းကို သုံးပြီး ချမ်းသာတဲ့လူတွေလည်း ရှိကြမှာပါနော်။

သို့သော်.. အကြောင်းအမျိုးမျိုးကြောင့်လည်း ထူးဆန်းတဲ့ ချမ်းသာနည်းကို ရှာဖွေသူလည်း ရှိကြမှာပါ။

ဒီနေ့တော့ ပေါ့ပေါ့ပါးပါး ပို့စ်အဖြစ် ထိုင်းနိုင်ငံသားတစ်ချို့ရဲ့ ချမ်းသာနည်းကို လေ့လာကြည့်ရအောင်။

ဘာသာရေးမဟုတ်၊ ဓလေ့ထုံးတမ်းလည်း မဟုတ်တဲ့ မိမိယုံကြည်မှုနဲ့ မိမိကံတရားအရပေါ့။

အခွင့်အရေးကို အရယူတဲ့လူလို့ လှလှပပ တင်စားလိုက ရနိုင်ပါရဲ့။

သူတို့တွေ ထူးဆန်းသော အရာအပေါ် ဘာတွေ လုပ်နေသလဲဆိုတာ ပုံပါအတိုင်း ကြည့်ကြတာပေါ့နော...။

အချို့သော တင်ပြမှုမျှသာပါ။ အားလုံးကို တင်ပြခဲ့ရင် ဖတ်မကုန်မှာစိုးလို့ပါ။

(သိဖူးမြင်ဖူးသည်ရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ)



ထူးဆန်းသောဥအား ဤသို့ ပူဇော်၏။



လက်ဝါးပုံထစ်နေသော ဤသရက်သီးမှ ချဲအတိတ်ယူကြရအောင်




သာမန်ဥထက် များစွာကြီးသော ထူးဆန်းသောဥကြီး




ဤထူးဆန်းသောဥကြီးသည် ချဲဂဏန်းပေးပါစေသား..




အိမ်မြှောင်နီထံပါး ချဲဂဏန်းရလိုပါ၏။




လာဘ်လာဘ ပေးသည်ဆိုသော အိမ်မြှောင်နီ



လေးစားစွာဖြင့်
ခမ်းကီး
၁၄၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Tuesday, May 12, 2009

သားဖေဖေ့ကို သိကြပါသလား





“ ဟလို.. ဟလို.. ဂျပန်နိုင်ငံကလာကြတာလား.. “

“ ဂျပန်နိုင်ငံကဆိုရင် ဒီဓါတ်ပုံထဲကလူကို သိပါသလားခင်ဗျာ “

“ သူက ကျနော်ရဲ့အဖေပါ။ တွေ့ရင် ပြောပေးပါ။ သားသူ့ကို တွေ့ချင်တယ်.. တွေ့ရင် ပြောပေးပါဗျာ။”

“ ဦးဦးတို့ ဒေါ်ဒေါ်တို့က ဂျပန်နိုင်ငံကလားဗျာ… ။ ဒီပုံထဲက ကျနော်အဖေကို သိကြပါသလားဗျာ။ “


ထိုင်းနိုင်ငံ ဖိကျစ်ဆိုတဲ့ မြို့ထဲက ၀ပ်ထာ့လွန်ဆိုတဲ့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ရင် ကိုးနှစ်သားအရွယ် ကောင်ကလေးတစ်ယောက် ဓါတ်ပုံလေးကို ကိုင်ပြီး ဘုရားဖူးကို လိုက်ပြနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

သူက ဂျပန်နိုင်ငံကလာတဲ့ ဘုရားဖူးအဖွဲ့ကိုရွေးပြီး ဓါတ်ပုံထဲကလူနဲ့ သိနိုင်ကောင်းပါရဲ့ အထင်နဲ့ လိုက်မေးနေတာ ဖြစ်ပါတယ်။

ရက်လအတန်ကြာလာပေမယ့် သူလိုက်မေးနေတဲ့ ဓါတ်ပုံထဲကလူကို သိတဲ့လူ တစ်ယောက်မှ မတွေ့သေးပါဘူး။ ဒါပေမယ့် သူဆက်ပြီး လိုက်မေးနေဦးမှာပါတဲ့..။

သူက အမေထိုင်း၊ အဖေဂျပန် ကပြားလေးပါ။ သူ့အဖေဂျပန်ကြီးက တစ်နေ့နေ့ကျရင် ဒီဘုန်းကြီးကျောင်းကို ရောက်လာလိမ့်မယ်လို့ သူ့အမေက ပြောထားလို့ပါတဲ့။

ဘုန်းကြီးကျောင်းဝင်းမှာ ဘေးမဲ့ငါးရောင်းနေတဲ့ သူ့ကြီးမေက ဒီနည်းနဲ့ပဲ သူ့အဖေကို တွေ့နိုင်မယ်လို့ ထင်ထားတော့ သူ့တူလေးကို အပြစ်မဆိုသာခဲ့ပါဘူး။

သူ့ညီမငယ် နန်းထစ်တစ်ယောက် ဘန်ကောက်မြို့တော်မှာ အလုပ်လုပ်ဖို့ဆို ပြီး အိမ်ကထွက်သွားတာ ဆယ့်ခြောက်နှစ်အရွယ် ကတည်းကပါ။ လေးငါးနှစ်လောက် ကြာပြီးမှ သူမချစ်သူ ဂျပန်လေးကို အိမ်ကလူတွေနဲ့ သိကျွမ်းဝင်ဖို့ တစ်ကြိမ်ခေါ်လာပြဖူးပါတယ်။

နောက်သုံးနှစ်အကြာမှာ နန်းထစ်တစ်ယောက် လေးလသားအရွယ် ခေငိုနဲ့ အိမ်ကို ပြန်ရောက်လာပြန်တယ်။ ဒါပေမယ့် နောင်ရေးအတွက် ငွေရှာရဦးမယ်ဆိုပြီး ခေငိုကို ထားခဲ့ပြီး နန်းထစ်တစ်ယောက် ဘန်ကောက်မြို့ကို ထွက်သွားခဲ့ပြန်တယ်။

ဒီကြားထဲမှာ နန်းထစ်တစ်ယောက် အိမ်စရိတ် သုံးလေးကြိမ်လောက် ပို့လာဖူးပါတယ်။ ခေငို သုံးနှစ်အရွယ်မှာ နန်းထစ်တစ်ခေါက် ပြန်လာပြီးနောက်ပိုင်း ပျောက်သွားလိုက်တာ လွန်ခဲ့တဲ့ ၂၀၀၈ အထိပါလို့ ခေငိုရဲ့ ကြီးမေက မျက်ရည်ရွှဲရွှဲနဲ့ ဇာတ်ကြောင်းပြန်နေတယ်။

နန်းထစ်တစ်ယောက် ကျန်းမာရေးချုချာလွန်းလို့ အိမ်ပြန်ရောက်လာတာပါ။ ခေငို့အဖေ ဂျပန်ကြီး သူမကို ပစ်ထားခဲ့တာ ကြာခဲ့ပြီလို ပြောပြခဲ့တယ်။ အခုတော့ သူမမှာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါနဲ့မို့ ခေငိုမဲ့ နောက်ဆုံးအချိန်အဖြစ် နေချင်လို့ ပြန်လာခဲ့ခြင်းပါလို့ သူမမိသားစုကို ရှင်းပြခဲ့တယ်။

ခေငိုလေးက သူအမေ့ကို ရေပတ်တိုက်ပေး၊ ထမင်းတွေခွံ့ကျွေး၊ သန့်ရှင်းမှုမကျန် အကုန်လုပ်ပေးခဲ့ပါတယ်။ သူ့အမေက ခေငို့အဖေနဲ့အတူ ဒီဝပ်ထာ့လွန်မှာ သစ္စာအတူပြုဖူးခဲ့ကြတယ်။ ဒါကြောင့် သူ့အဖေ ပြန်လာဖြစ်အောင် ပြန်လာရမယ်လို့ ခေငို့ကို ပြောပြခဲ့တယ်။

ဒါပေမယ့် ခေငို့အတွက် သူ့အဖေရဲ့ ဓါတ်ပုံတစ်ပုံကိုပဲ အမွှေပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက နန်းထစ်ဆုံးခဲ့တယ်။

အမိမဲ့သွားတဲ့ ခေငိုတစ်ယောက် သူ့အဖေအားကိုးရှိသေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းပဲ သူ့အဖေကို လာရှာနေတော့တယ်။

“ ဓါတ်ပုံထဲကလူကို သိကြပါသလား .. သားရဲ့အဖေကို သိကြပါသလား.. “

“ ကျနော်က သူ့ရဲ့သားပါ။ အဖေက ဒီကျောင်းကို ပြန်လာရမယ်လို့ အမေက ပြောခဲ့တယ်.. “

“ သားရဲ့အဖေကို သိကြပါသလား….. “

(ထိုင်းနိုင်ငံထုတ် ၁၂၊မေ၊၂၀၀၉ရက်နေ့ သတင်းစာများမှ သတင်းအား ခံစားရေးသားပါသည်။)


ခမ်းကီး
၁၂၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Saturday, May 9, 2009

အမေသို့...





အမေသို့ ….

*-* ချစ်သူက ကျနော့်ကို လူဆိုး… တဲ့။

-*-သူငယ်ချင်းတွေက ကျနော့်ကို လူပို…တဲ့။

**အမေအိုက
ကျနော့်ကို သားလိမ္မာလူပျိုချော …တဲ့လေ။


--သောကအမောကြားမှာ
ပျားသကာချိုတစ်စက်
အမေမြွက်စကား
သား.. အစဉ်ကြားလျှက်ပါအမေ။

ခရီးဆက်တစ်ကိုယ်တော်
အဝေးဆီမှမှန်းမျှော်
ကျေးဇူးတော် အနန္တကို
ချစ်သား ကန်တော့လိုက်ပါသည် … အမေ။


(အမေကိုလွမ်းတုန်း ရေးမိတဲ့ စပ်မိစပ်ရာ ရမ်းကဗျာလေးပါ...)

ခမ်းကီး
၉၊မေ၊၂၀၀၉

ဆက်လက်ဖတ်ရှူရန်...

Thursday, May 7, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့




ကျနော်တို့ဆီမှာတော့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ညောင်ရေသွန်းပွဲတော်နေ့အဖြစ်တော့ သိကြပြီးသား ဖြစ်မှာပါ။

(“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံဝင် နန်းနိဗ္ဗာန်” လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့ သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာမြတ်စွာဘုရားထံတော်မှ “ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့ ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ ဘုရားအလောင်းတော် အမိဝမ်းမှ ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်လို့ ဘုရားဖြစ် တော်မူခြင်း၊ မဟာဗောဓိပင် ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့ သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ လမြတ်ကဆုန်လို့ တင်စားခေါ်ဆိုကြပါတယ်။) (http://udanthit.blogspot.com)


နိုင်ငံတစ်ကာမှာ ဒီကဆုန်ညပြည့်နေ့ကို ဘယ်လို သတ်မှတ်ကြသလဲဆိုတာ မသိသေးသော မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ထပ်ဆင့် မျှဝေ အသိပေးလိုပါတယ်။ သိပြီးသူများအဖို့လည်း ထပ်ဆင့် ရယူခြင်းပေါ့။

The United Nations Day of Vesak လို့ ကုလသမဂ္ဂက သတ်မှတ်ခေါ်ဝေါ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အဖြစ်လည်း ခေါ်ဆို သမုတ်ကြပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ the International Council of the United Nations Day of Vesak (ICUNDV) 2009, ဒီ ဗုဒ္ဓနေ့၊ အပြည့်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကမ္ဘာ့ ဗုဒ္ဓဘာသာညီလာခံကြီးကို ကျင်းပနေပါတယ်။ ခြောက်ကြိမ်မြောက် ညီလာခံပွဲကြီးလည်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှန်း အကြမ်းဖက်ခြင်း မရှိစေရန်၊ လူသားအချင်းချင်း စာနာထောက်ထားကြရန်၊ အစရှိသည်ဖြင့် ကမ္ဘာတစ်ဝှန်း ငြိမ်းချမ်းရေး အစစ်အမှန် ရှိဖို့ပါ။

မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၊ ရဟန်းများ၊ သီလရှင်များလည်း တက်ရောက်နေပါတယ်။

သတင်းအချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။










KARMA AND THE GLOBAL CRISIS: NO MORE WAR
07.05.2009
International Buddhists observe Vesak and world issues
at United Nations Conference Center
BANGKOK, May 6 – “The followers of all world religions want peace, to seek peace and to say ‘No’ to all those who would abuse religion to escalate conflict in the world,” a prominent Thai Buddhist leader told a Buddhist and United Nations audience convened to consider ‘The Buddhist Approach to the Global Crisis.’
“There must be no more war or conflict in the name of religion,” Most Ven. Phra Dhammakosajarn, Chairman of the United Nations Day of Vesak and Rector of Thailand’s Mahachulalonnradjavidyalaya University asserted Wednesday at Bangkok’s United Nations Conference Center.
‘Festival’ and ‘celebration’ at the words being used to describe the International Council of the United Nations Day of Vesak (ICUNDV) 2009, but it must be noted that a broad spectrum of the world’s Buddhists have convened in Bangkok this week to consider a world in crisis, with multiple crises – crises of economy, environment and political life – and how to respond, with metta (faith) and with compassion, in a world which often seems absent of both.
Thailand’s Prime Minister Abhisit Vejjajiva, fresh from political threats and civil disorder in the Thai capital and elsewhere, the forced postponement and rescheduling of an Association of Southeast Asian Nations (ASEAN) regional summit with China, India and other ‘dialogue partners’, and recently-returned from representing Southeast Asian regional economic concerns to the highest international forums in Europe, will share his faith, his understanding and his compassion for his country with an anticipated 2,000-plus Buddhists from over 70 countries who have convened in and near Bangkok this week.
He is expected to address the leadership response required in countries from both faithful and purely secular approaches.
‘Karma and the credit crunch’ is how one publication referred to what is at once a Buddhist-economics summit, an environmental summit, and a political crisis and peacemaking summit, where leaders, scholars, academics and ‘everyday’ Buddhist monks and laypeople are deeply engaged with applying their faith to the global crisis.
The Thai prime minister, a youngish Buddhist-influenced political leader with both a faith and world issue-oriented outlook, speaks to Buddhists from 71 countries worldwide today as they put the final touches of a Bangkok Declaration expected to guide Buddhists worldwide as they depart Thailand and disperse to a world in crisis.
Phra Dhammakosajarn stressed that the Bangkok Declaration is intended as an action-oriented commitment to be followed through in facing the world’s problems from a Buddhist faith perspective.
The ICUNDV Bangkok Declaration will be announced Wednesday afternoon before some 2,000 Buddhist participants, Thai government and United Nations officials.

Source : Thai News Agency http://enews.mcot.net



No. Organization ICUNDV Status
1. The Most Ven Jagarabhivamsa VIP
2. Most Ven. ASHIN NYANISSARA DEL
3. U VELURIYANYANA DEL
4. U THONDARA DEL
5. U KAWVIDA DEL
6. PANNOBHASA DEL
7. KANCANA DEL
8. ASHIN SUCARITA DEL
9. ASHIN KARUNYA DEL
10. ASHIN A YUPALA DEL
11. DAW KUSALAVATI DEL
12. DAW PAVANA HTERI DEL
13. U NYO GYI OBS
14. U KYAW YIN OBS
15. Ven Aggamahapandita Dr. Nandamalabhivamsa DEL
16. Dr. Jenny Ko Gyi DEL
17. Ven Dr. Panditavarabhivamsa DEL
18. Mr. Myint Swe DEL
19. DEL
20. Prof Dr (Mrs) New New Yi DEL
21. Daw Janakamalini DEL
22. Ma Kusalaveti DEL
23. Ma Pavanatheri DEL




ဆက်လက်ဖတ်ရှူရန်...

Saturday, May 2, 2009

နှလုံးသား အာဟာရ

အပျော်ကြီး ပျော်ပြီးလို့..
သောကဗျာပါဒ ဝေနေလို့...
အေးအေးလူလူနဲ့ သီးချင်းကောင်းလေး တစ်ပုဒ်လောက် နားထောင်ချင်တာနဲ့
ရွာက ဘုရားထီးတင်ပွဲတုန်းက ရိုက်ထားတဲ့ ဗွီဒီယိုကို ဖွင့်ကြည့်တော့ မန္တလေးသိန်းဇော်ရဲ့ သီချင်းကို နားထောင်မိသွားတယ်။
သေသေချာချာကို နားထောင်ဖြစ်လိုက်တယ်။ ဂီတရော စာသားပါပေါ့။
စိတ်ကို ကြည်နူးစေခဲ့တာ အမှန်ပါပဲ။ မိတ်ဆွေတို့လည်း တစ်ခါတစ်လေများ စိတ်ကြည်နူးစရာ သီချင်းလေးနားထောင်ချင်ခဲ့ရင် နားထောင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။
ဗွီဒီယိုအခွေမရှိလို့ youtube ထဲရှာပြီး တင်ပေးလိုက်ပါတယ်။


သီချင်းသာစားပါ ထည့်ပေးလိုက်ပါတယ်။

လာမည့် ကဆုန်လပြည့်နေ့အတွက်ပါ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကြည့်နူးပြုံးပျော်နိုင်ပါစေ...

ခမ်းကီး






မြတ်ဆုမွန်


ဗုဒ္ဓဘုရားဟောကြားသော ဗျာဒိတ်အတိုင်း တည်ပါစေသော်

သာသနာတစ်ဝက် ရာဇာတစ်ဆက် တည်တံ့ခိုင်မြဲ ရှည်ကြာစေသော်

ဘုရားမြတ်ရှင်သက်တော်ထင်ရှား ဗျာဒိတ်တော်တရား တည်စေသော်

နှစ်ထောင်ငါးရာတစ်ဝက် ငါးထောင်ဆက် ရှည်ပါစေသော်

ကျွတ်ထိုက်ကုန်ကြ ဝေနေယျာ ကျွတ်တမ်းလွှတ်တမ်း ၀င်စေသော်

လူမင်းရာဇာ နတ်မင်းဒေ၀ါ ကြည်သာရွှင်ပျ ရှိစေသော်

တိုင်းသားပြည်သူ ဗိုလ်လူအများ ကြည်သာရွှင်ပျ မျှစေသော်

မင်းခသူအပေါင်း ညီညာဖြဖြ ရှိကြပါစေသော်

တိုင်းနိုင်ငံပြည်ရွာ အေးချမ်းသာယာရှိစေသော်

ရွှေဘုန်းပြန့်ရာ မြေမျက်နှာ သာသနာဘာသာ လင်းစေသော်

ရာဇာဓမ္မာမင်းနှစ်ဖြာ နေလိုလလို မျှစေသော် …..

(အစအဆုံး တစ်ခေါက်ပြန်ဆို)

ရေးဆို-မန္တလေးသိန်းဇော်

ဆက်လက်ဖတ်ရှူရန်...