Friday, May 15, 2009
အတ္တနိဂုံး
အို… ငါ့ခန္ဓာကိုယ် ပေါ့ပါးနေလိုက်တာ။
ကြည့်စမ်းပါဦး…လေထဲလွင့်နေတဲ့ ငှက်မွှေးတစ်မျှင် ပေါ့ပါးနေလိုက်တာ..။
ဒါ.. ဒါဖြင့်… ငါ.. ငါ နေကောင်းသွားပြီပေါ့။
ပြီးတော့.. ပြီးတော့.. ရက်ရှည်လကြာ ငါခံစားလာခဲ့ရတဲ့ ဝေဒနာတွေ ဘယ်ရောက်ကုန်ပါလိမ့်…။
ဟုတ်တယ်။ အခုမှ ဝေဒနာတွေ ပျောက်ပြီး အေးချမ်းနေလိုက်တာ…။
အို… ငါ့သားသမီးတွေ.. ငါ့သားသမီးတွေ…. သူတို့သိရင် တော်တော် ၀မ်းသာကြမှာ.. ။
ငါ့ဝေဒနာ ပျောက်ကင်းကြောင်း ငါပြောပြရမယ်။ သူတို့သိရင် ၀မ်းသာကြမှာ…။
အို… ဟယ်…. သူတို့… သူတို့ ငါဘေးမှာ ၀ိုင်းဖွဲ့နေကြပါလား… ။
ငိုတဲ့သူကငို၊ မျက်နှာညိုးတဲ့သူက ညိုးနဲ့….။
အို.. ငါ့ချစ်သမီးထွေး ဘယ်လိုပြောလိုက်ပါလိမ့်.. အမေရေ… သမီးတို့ကို ထားခဲ့ပြီလား အမေရဲ့…
သူတို့က.. သူတို့က ငါသေပြီလို့ ထင်နေကြပါလား… ။
အို… ငါမသေသေးဘူး.. ငါမသေသေးဘူး..။ သူတို့ကို ငါ ပြောပြမှ..။
အို.. အို… တုန်ချိတုန်ချိနဲ့ လှုပ်ရှားယူရတဲ့ငါ့၊ သူများတွဲထူမှ ထနိုင်တဲ့ငါ.. ပေါ့ပါးနေလိုက်တာ။
ဟင်….
ငါ လှုပ်ရှားပေမယ့် ငါ့ခန္ဓကိုယ်က လှဲလျောင်းနေဆဲပါလား…။
ငါ ဘာဖြစ်နေပါလိမ့်…..။
အို…. ဒါဆို.. ငါ… ငါ.. ငါ။ အို.. မဟုတ်သေးဘူး၊ ငါသေလို့ မဖြစ်ဘူး။ ငါသေလို့ မဖြစ်သေးဘူး…….
ငါ ထပြီးထိုင်နေပြီပဲ…။ သူတို့ငါ့ကို မမြင်ကြဘူးလား။
သမီးထွေးကို ငါလှမ်းပုတ်ပေမယ့် သူ့ကို မထိသလိုနဲ့..။ သမီးကြီးတွေကလည်း ငိုလို့။ သားတွေကလည်း မျက်နှာ ညိုးလို့ပါလား။
အို.. ဘုရားတကာတွေကလည်း ကြေးစည်တီးလို့ပါလား……။
မဖြစ်ဘူး.. ငါသေလို့ မဖြစ်ဘူး။ ငါ့မြေးလေးကို ငါရှင်မပြုရသေးဘူး။ ငါသိမ်းထားတဲ့ ပစ္စည်းဥစ္စာတွေ ငါ့သားသမီးကို ငါမပြောပြရသေးဘူး။ ငါရစရာရှိတဲ့ အကြွေးတွေ ငါ့သားသမီးတွေ မသိကြဘူး။
ငါဝှက်ထားတဲ့ ရွှေတွေ သူတို့ကို ငါမပြောပြ ခဲ့ရဘူး။ ဘုန်းကြီးကျောင်းမှာ လှူဒါန်းဖို့ ငါစိတ်ကူးခဲ့တာ ငါမလှူရသေးဘူး…။
ငါအမြင်ကတ်တဲ့ ချွေးမကြီးက အခုမှ မျက်ရည်မျက်ခွက်နဲ့ပါလား..။ သူ့ကို ငါ့သားနဲ့ လုံးဝသဘောမတူးခဲ့ဘူး။ ရွာစွန်ရွာဖျား အုတ်ကြားမြက်ပေါက် သားသမီးတွေ။ ငါ့သားကို မရအရ ခိုးပြေးယူတဲ့ ကောင်မ..။
အို.. ငါ့သားလတ်အကောင်ရဲ့ မိန်းမကို မတွေ့ပါလား..။ သူ့ခမျှာ ဆိုင်ကြီးဖွင့်ထားတော့ မအားဘူးထင်တယ်။ ငါစိတ်ကြိုက် ပေးစားထားတဲ့ ချွေးမလေး ငါ့ကို စိတ်ကောင်တာ မပြေသေးဘူး။ ငါ့ဆီ အရင်းအနှီးတောင်းတာ ပေးတာနည်းလို့ဆို ပြီး သားပြန်ပြောမှ သိရတာ။
အို.. ငါ့သားအငယ်ကောင်..။ သူက တိုင်းတစ်ပါးရောက်နေတဲ့ကောင်။ ငါ.. ငါ ငါသူ့ကို မမြင်နိုင်တော့ဘူးပေါ့..။ အို.. သားရယ်။ ငါ့သားကို ငါ မြင်ချင်လိုက်တာ…… ။ သူများတွေ နိုင်ငံခြားသွားလို့ ချမ်းသာကြသလို သူလည်း ချမ်းသာပါစေဆိုပြီး ငါပဲ အတင်းသွားခိုင်းခဲ့တာ..။
ငါ့သမီးထွေး ငိုနေလိုက်တာ ငါမကြည့်ရက်လိုက်တာ…။ ငါသဘောမတူတဲ့သူနဲ့ ရည်းစားထားတာ မနည်းထိန်းနေရတာ။ ငါမရှိရင်… ငါ မရှိတော့ရင်…။ အို.. သူ့ရည်းစားဟောင်းနဲ့ ပြန်တွေ့ ပြီပေါ့။ လယ်လုပ်ကိုင်းလုပ် သားသမီးကို ငါသဘောမတူနိုင်ဘူး…။ ငါ.. ဘယ်လို ပြောရပါ့…။
ငါ့သူငယ်ချင်းတွေတစ်ချို့က ငါ့သမီူကို နားချနေကြပါလား….။ အတိုးနဲ့ပိုက်ဆံယူထားတဲ့ မတုတ်ကြီး ငါ့အကြွေးတွေက်ု ပြန်မှ ဆပ်ပါမလား။ ဒီကောင်မကလိုရင်တစ်မျိုး မလိုရင်တစ်မျိုး။ ငါသိပ်အရောမ၀င်ချင်တဲ့ ငါ့ဆွေမျိုးတစ်ချို့လည်း ရောက်လာနေကြပါလား..။
အို… အိမ်ရှေ့မှာ သစ်ပိုင်းသံ၊ လွှဖြတ်သံတွေ ကြားနေရပါလား..
လက်သမားဆရာ ဖိုးစိန်က ငါ့ခန္ဓာကို လာပြီးတိုင်းလို့…
ဘယ်လိုပုံစံအခေါင်းလိုချင်သလဲတဲ့…။ ဘုရား.. ဘုရား…. မသာမြင်ရင် စားမ၀င်တဲ့ငါ… အခေါင်းမြင်ရင် ကြောက်တတ်တဲ့ငါ..။ ငါ့အခေါင်း… တဲ့။ မသာအိမ်က ကြေးစည်သံကို ကြောက်တတ်တဲ့ငါ.. ။ သူတို့က ငါ့ခန္ဓဘေးမှာ ကြေးစည်တွေတီး တရားတွေချနေပါလား..။
ငါ့သားကြီးနဲ့ ငါ့သားလတ်က အုတ်ဂူသွင်းရမလား၊ မီးနဲ့ သဂြိုလ်ရင်ကောင်းမလားဆိုပြီး ဘုရားဒကာနဲ့ တိုင်ပင်လို့။ မသာအလောင်းမီးရှို့တာ မြင်ဖူးကတည်းက ကြောက်နေခဲ့တာ.. ဘုရား.. ဘုရား။ နာတာရှည်နေမကောင်းလည်းဖြစ်၊ လူအိုလည်းဖြစ်တော့ မီးနဲ့သဂြိုလ်တာပဲ ကောင်းတယ်လို့ ဘုရားဒကာ ပြောနေပါလား..။
ဟင်.. အိမ်ခန်းထဲမှာ သေတ္တာသော့ ရိုက်ဖျက်သံပါလား…။
အို… ငှက်မွေးလို ငါ လေထဲမှာ လွင့်မျှောလို့….။
သမီးကြီးနဲ့ သားငယ်ကောင်ရဲ့မိန်းမတို့ ငါသေတ္တာကို ဖျက်လို့။ အလောင်းကို ကြောက်လို့ အိမ်ရှေ့မထွက်ရဲဘူးတာဆိုပြီး ငါ့သမီးကြီးကို ရှင်းပြနေတယ်။ ကြည့်စမ်း.. ငါကဖြင့် သူ့ကို ချစ်လိုက်ရတာ။ အခုတော့ ငါ့ကို ကြောက်တယ်တဲ့….။
ရွှေသားဘယ်လောက်၊ ငွေသားဘယ်လောက် ငါချန်ထားတာကို သိချင်လို့ သမီးထွေးကိုမေးပေမယ့် ဟိုက မသိဘူးလို့ ပြောတာ မယုံလို့တဲ့….။ သော့ထားတဲ့နေရာကို ငါပဲ သိတာ။ သော့ဖွဲ့ရကောင်းလားဆိုပြီး သော့ခလောက်ကို ဖျက်ဆီးနေကြပါလား…။
သူတို့ကို တစ်ယောက်မှ မယုံလို့ ငါ့ရွှေ၊ ငါ့ငွေတွေ ဘယ်လောက်ရှိတာ ငါ့မပြောခဲ့ဖူးဘူး…။ အငယ်မကို ချစ်ပေမယ့် ငါသဘောမတူတဲ့လူနောက် ခိုးရာလိုက်ပြေးမှာ စိုးလို့ ငါဘာမှ မအပ်ထားဘူး။
ကြည့်စမ်း… ကြည့်စမ်း…
ငါ့အလှူအတွက် အငြင်းပွါးနေလိုက်ကြတာ။
သားကတစ်မျိုး၊ သမီးကတစ်ဖုံနဲ့…. ။
ကုန်ချင်သလောက် ကုန်ပါစေဆိုတဲ့လူနဲ့၊ အသင်းငွေလောက်သာ လှူပါဆိုတဲ့ လူနဲ့…။
ငါသိမ်းထားတဲ့ငွေတွေ…. ငါသိမ်းထားတဲ့ရွှေတွေ…. အခုအချိန်မှာ ငါဘယ်လို လုပ်ရလဲ…. ။ သူတို့ သိအောင် ငါဘယ်လို ပြောရမလဲ…။ ငါ့သေတ္တာထဲမှာ ဘာမှ မတွေ့ကြလို့ ရန်စောင်နေကြပြီ။
မတတ်တစ်ခေါက်နဲ့ ရေးထားတဲ့ ငွေတိုးစာရင်းတွေ သူတို့ နားလည်ပါမလား…။ အကြွေးယူထးတဲ့ လူတွေ ပြန်ဆပ်ပါ့မလား…။ အို… ငါမှားတယ်။ ငါ မှားတယ်။
ညနေမိုးချုပ်လေ လူနည်းလေမို့ သူပဲအိပ်စောင့်၊ နင်ပဲ အိပ်စောင့်ဆိုပြီး ငြင်းနေကြပါလား….။ သူလဲကြောက်လို့၊ ငါလဲ ကြောက်လို့… တဲ့။ သားတွေလောက်ပဲ ငါအနားမှာ အိပ်ပေးကြလေရဲ့… ။
ငါလေ… ငါ.. သူတို့ကိုချစ်လိုက်ရတာ။
သူတို့ဖို့ဆိုပြီး စီးပွါးရေးခေါင်းပုံဖြတ်တဲ့ ငါ၊ သူတို့ကောင်းစားဖို့ ဆိုပြီး သူတို့အချစ်ကို ရက်ရက်စက်စက် ခွဲရက်ခဲ့တဲ့ ငါ၊ သူတို့ မျက်နှာ မငယ်ရအောင် ကပ်စေးနည်းမကြီးဆိုပြီး ချွေတာ ခဲ့ရတဲ့ ငါ…။
အခုလည်း ကြည့်ပါဦး… မသာအိမ်မှာ ဖွင့်နေကြ ဇာတ်ထုပ်ကြီးဖွင့်ပြီး ငါ့ကို ၀မ်းနည်းကြေကွဲ နေသတဲ့….။
ညအမှောင်ရိပ်ထဲမှာ ငါလွင့်မျှောရင်း တစ်သက်လုံးနေလာခဲ့တဲ့ ငါအိမ်ကြီးကို ကြည့်ပြီး ငါငိုချင်လာတယ်။ သူတို့တွေ ငါ့နဲ့ အိုးစားခွဲဖို့ဆိုပြီး မြေအိုးလေး ၀ယ်ထယ်ထားလေရဲ့။ တမလွန်မှာ ငါစားဖို့ဆိုတဲ့ မြေထမင်းအိုးတောင် ပါနေသေးတယ်။
ဂနာမငြိမ်တဲ့အသိစိတ်နဲ့အတူ ငါ့မျက်လုံးက ဒေါသထွက်စရာကို မြင်မိလေတယ်။ ကြည့်စမ်း… ငါလုံးဝ သဘောမတူနိုင်တဲ့ အကောင် ငါ့သမီးထွေးကို လာအားပေးနေလေရဲ့။ ငါမရှိတော့ရင် ငါ့သမီး ငါ့စကားကို နားထောင် ပါ့မလား….။
ရိုးသားတယ်ဆိုပေမယ့် ငါ့သမီးကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ထားနိုင်ပါ့မလား…။ တိုင်းတစ်ပါးရောက်နေတဲ့ ငါ့သားရော……။ သူတို့နဲ့ ငါမခွဲနိုင်ဘူး.. ငါမခွဲနိုင်ဘူး…..။
ပြာညို့ညို့ ၊ ခရမ်းရင့်ရင့်စက္ကူကပ်ထားတဲ့ အခေါင်းကို မြင်လိုက်ရတဲ့အချိန်မှာ ငါဘယ်လိုမှ စိတ်မထိန်း နိုင်တော့ဘူး။ ငါအရမ်းကြောက်ခဲ့တဲ့ မသာအခေါင်းထဲမှာ ငါ့ခန္ဓာကိုယ်ကို ထည့်မှာတဲ့…။ သမီးထွေးက ငါကြိုက်တဲ့ အင်္ကျီနဲ့ ထမီတစ်ထည်ကို ငါ့အလောင်းခြေရင်းမှာ ထားပေးနေတယ်။ ကူးတို့ခဆိုပြီး သူတို့တွေ ငွေအကြွေစေ့ကို လိုက်ရှာနေကြတယ်။
ငါ့ယောက်ျားသေတုန်းက အသုဘချရော၊ ပွဲရော တစ်ခါတည်း လုပ်ခဲ့ဖူးပေမယ့် ငါ့အတွက်တော့ သားကြီးက ခုနှစ်ရက်ပြည့် ရက်လည်ပွဲ လုပ်ပေးမယ်ဆိုတာ သိရတော့ ငါပျော်မိသွားတယ်။ ငါတစ်ခါမှ အလှူကြီး မလုပ်ခဲ့ဘူးတာ သူတို့သိကြတာလေ…။ ငါမကျွတ်မှာစိုးလို့ ဆိုတဲ့ သားကြီးစကားကို ကြားမှ စိတ်ချမ်းသာရတယ်။
မွန်းလွဲပိုင်းမှာ ငါ့အခေါင်းကို အိမ်ပေါ်မှ ချတော့ ငါငိုလိုက်ရတာ….။ သမီးထွေးက အပြီးအပိုင် ခွဲရပြီ။ လွတ်ရာကျွတ်ရာ သွားတော့ ဆိုပြီး ငိုကြီးရှိုက်ငင်နဲ့ ရေးအိုးကို ချခွဲပစ်လိုက်တယ်။
ဒီအိမ်ကြီးနဲ့ ငါမဆိုင်တော့ဘူး…. ဒီအိမ်ကြီးကို ငါမပိုင်တော့ဘူး…တဲ့။ ငါ့ငိုသံကို သူတို့ မကြားကြတော့ဘူး..။ ငါ့ငိုသံကို သူတို့ မကြားတော့ဘူး…….။
ငါ့အတွက် နောက်ဆုံးအနေနဲ့ သရဂုဏ်တင်ဖို့ ရဟန်းတွေကို မြင်လေ ငါထိတ်လန့်လေပါပဲ….။
အားလုံးပြုသမျှ ငါ့အတွက် အမျှ.. အမျှ.. တဲ့…။
သားတို့ရေ… သမီးတို့ရေ…. ငါကြေကွဲနေတာ နင်တို့ ဘယ်သိနိုင်တော့မလဲ……
ရှင်ပြုပွဲကြီး နွဲဖို့ ငါစိတ်ကူးခဲ့တဲ့ ငြါ့မးလေးက နားမလည်သေးတဲ့ မျက်လုံးတဲ့ ငါ့အခေါင်းကို လှမ်းကြည့်နေလေရဲ့…။
သင်္ချိုင်းကုန်း အသုဘပို့တော့ သမီးထွေးအကောင်က ကြေးစည်ထမ်းနေပါလား….။ ငါမရှိတော့ ဒီကောင် တော်တော် ၀မ်းသာနေမှာ…။ ငါ့နောက်ဆုံးခရီးမှာ ငါ့မြေးတွေ ပါမလာတော့ပါလား….
မီးသဂြိုလ်ဖို့ စီထားတဲ့ ထင်းပုံကြီးကို မြင်ရတော့ ငါစိတ်တွေ ထိန်းမရတော့ဘူး…
ငါကြောက်တယ်… ငါကြောက်တယ်…
ပြီးတော့ မလွတ်သေးတဲ့ ၀ိညာဉ်တွေ… သူတိုတွေ ပျော်နေကြလို့ရယ်…
ငါ့ကို.. ငါ့ကို ကြိုဆိုနေကြတာ…တဲ့။
ငါ့ကို နောက်ဆုံးအဖြစ် နံ့သာရည် ဖျန်းပြီးတော့ ငါ့သမီးတွေ ပြန်သွားကြပြီ….
ငါ့ခေါ်သံကို သူတို့ မကြားကြတော့ဘူး….
ငါ့သားတွေ ငါ့ခန္ဓာကို ထင်းပုံပေါ်တင်လို့….. ။
ငါ… ငါ…
အို ငါ.. အေးချမ်းပြီး အမြင်တွေ မှုန်ဝါးလာတယ်… ။
ငါ့အမြင်တွေ ၀ိုးဝါးလာနေတယ်…
ငါ..ငါ..
ငါ.. လွင့်မျှောနေ.. လွင့်မျှောနေ……။
ခမ်းကီး
၁၅၊မေ၊၂၀၀၉
Subscribe to:
Post Comments (Atom)
2 comments:
ကောင်းတယ။်
ကွင်းကွင်းကွက်ကွက်နဲ့ သေခြင်းတရား...
ရေးထားတဲ့ရည်ရွယ်ချက်လေးကောင်းတယ်..။
Post a Comment