Tuesday, June 16, 2009

တစ်ဦးတစ်ယောက်သော အဖေ



ဝင်လည်နေကြ သူငယ်ချင်းတွေရဲ့ စာမျက်နှာမှာ အဖေနေ့ကို အမှတ်တရ ဂုဏ်ပြုနေကြတာ ဖတ်ရတော့ ၀မ်းသာပီတိ ပွါးမိတာအမှန်ပါ..။

အဖေများစွာတို့ရဲ့ မေတ္တာ၊ စေတနာကို အားကျမိတယ်။

အားလုံးသောအဖေများက သားသမီးတို့ရဲ့ သူရဲကောင်းပီသကြပါပေ့……။

သူများတွေလို ကျနော်တစ်ယောက် အဖေနေ့မှာ ဂုဏ်ပြုထောပနာ ပြုလိုက်ချင်စမ်းပါဘိ….။

ဒါပေမယ့်…..

ကျနော်အတွက် အခက်ခဲဆုံးအရာ ဖြစ်ခဲ့ပါတယ်။



အဖေဆိုတဲ့ သူရဲကောင်းတစ်ဦးရဲ့ စာမျက်နှာက သူငယ်တန်း သင်ခန်းစာမျှသာ ရှိခဲ့လို့ပါပဲ…။

သင်ခန်းစာ မသင်ခဲ့ရသလို အဖေဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ စာမျက်နှာက ရှားပါးခက်ခဲ လှပါပေ့…..။

ဘာပဲဖြစ်ဖြစ်ပေါ့… သူများတွေလို အဖေနေ့ကို နွဲနိုင်အောင်ဆိုပြီး Google ကရတဲ့ Fathers’day နဲ့ အမှတ်တရ ၀င်လိုက်(လုံး) ပါတယ်။

Wikipedia က အမှားကြီးကို မျှဝေပေးနေလေရဲ့..။

( http://en.wikipedia.org/wiki/Father's_Day ) မှာ Juneလရဲ့ တတိယပတ် တနင်္ဂနွေဆိုတော့ နွဲချိန်ရသေးတာပေါ့။

Third Sunday of June အုပ်စုမှာ Myanmar ပါနေတာ တွေ့ရတယ်။ ၀မ်းသာစရာပေါ့။

အနန္တကျေးဇူးရှင်ကို ဦးခိုက်အသိအမှတ်ပြုတဲ့ အပြုအမူကောင်းမို့ အရှေ့၊အနောက် ယဉ်ကျေးမှုဆိုပြီး လက်မခံနိုင်စရာ မရှိလောက်ပါဘူးနော….။

သူငယ်တန်းသင်ခန်းစာမျှရှိသော အဖေရဲ့ စာမျက်နှာဖြင့် အဖေနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

လမ်းလျှောက်တတ်စအရွယ်က အဖြစ်အပျက်လေးပေါ့….။

မြေ၀ိုင်းလက်ဝှေ့ပွဲတစ်ခုမှာ ကျနော်က ဘာမှ မမြင်ရတော့ အဖေက သူ့ပုခုံးမှာ ထမ်းပြီး ပွဲပြီးတဲ့အထိ ကြည့်ခဲ့တယ်။

ပြီးတော့ ရေခဲချောင်းတွေ၊ မုန်တွေ အများကြီး ၀ယ်ကျွေးခဲ့တယ်။ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်တော့ အမေဆူခဲ့သေးတယ်။ သားအဖတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလို့….။
နောက်ဆို အဖေနဲ့ပဲ ပွဲသွားမယ်လို့ ပြောလိုက်တယ်။

ဒါပေမယ့် နောက်နေ့တွေမှာ အဖေ့မျက်နှာကို ကျနော် မမြင်ရတော့ပါဘူး။

အတန်းတွေမှာ၊ ဘ၀တွေမှာ အဖေနာမည်ကို အကြိမ်ကြိမ်ဖြေခဲ့ရပါတယ်။

အဖအမည်= ဦး …….

အလုပ်အကိုင်= (မဖြေတတ်ပါ)

မင်းအဖေ ဘယ်မှာလဲ= (မဖြေတတ်ပါ)

မင်းအဖေ ရှိသေးလား= (မဖြေတတ်ပါ)

မင်းအဖေကို မင်းချစ်လား= (မဖြေတတ်ပါ)

မင်းအဖေကို သတိရလား= ( မပြောတတ်ပါ… )

ဒါနဲ့.. မင်းအဖေ ဘာလို့ အိမ်ကနေ ပျောက်သွားလဲ့တာလဲ= (မသိပါ)

ဘာပဲဖြစ်ဖြစ်ပေါ့…။

မနက်တိုင်း ဘုရားရှိခိုးပြီးရင် အနန္တောအနန္တငါးပါးဂုဏ်တော် ကို သုံးခေါက် ရွတ်ဖတ် ပူဇော် လျှက်ပါ…။

သူရဲကောင်းတစ်ယောက် မဟုတ်ပေမယ့် အနန္တဂိုဏ်းဝင်အဖြစ် ကျနော် ကန်တော့နေလျှက်ပါ။

လူအမျိုးမျိုးဘ၀အထွေထွေမို့ အဖေများစွားထဲက တစ်ဦးတစ်ယောက်သော၊ ကွဲပြားခြားနားသော အဖေပေါ့…။

ခမ်းကီး


6 comments:

သားကြီး said...

ဖတ်ပြီးတော့စိတ်ထဲမှာတမျိုးကြီးပဲ
ဝမ်းနည်းမိသလိုလို ဝမ်းသာမိသလိုလို
ဘယ်လိုဖြစ်မှန်းမသိတော့ဘူး
သေချာတာကတော့ အဖေနေ့အတွက်ဒီပိုစ့်လေး
ကိုဖတ်ပြီးပီတိဖြစ်ရပါကြောင်း

အိမ်လွမ်းသူ said...

အဖေ့အကြောင်း ပဟေဠိဖြစ်ရပါတယ်... ဘာပဲဖြစ်ဖြစ် အဖေ့အကြောင်းပိုစ်လေးဖတ်ရလို့ ဝမ်းသာပါတယ်။

Anonymous said...

ကိုခမ်းကီးရေ .. ရင်ထဲ မကောင်းဖြစ်ရတယ် .. ဘာပဲ ဖြစ်ဖြစ် အဖေကတော့ အဖေပါပဲ ... မိဘကို အမှတ်တရအနေနဲ့ စာမျက်နှာထက်မှာ တင်ပြခဲ့တာကို ကိုခမ်းကီး အဖေ တွေ့မြင်ခဲ့ရရင်လည်း သူ့ကို သတိရနေတဲ့ သားတစ်ယောက် ရှိနေခဲ့တာ သူ ကျေနပ်နိုင်မှာပါ ... အရာအားလုံး အဆင်ပြေပျော်ရွှင်ပါစေ ...
နေဒေးသစ်။

မိုးခါး said...

ဟင်
တမျိုးကြီးပဲဖြစ်သွားတယ် ...........

Anonymous said...

ကိုယ်တယောက်တည်းမဟုတ်ပါဘူးကွယ်၊
ပြီးတော့ ဒါဟာ အားငယ်စရာလဲမဟုတ်။
လူ့လောကမှာ ကိုယ်ဟာ မှန်ကန်စွာ အလုပ်လုပ်ပြီး အကျိုးပြုသူဖြစ်နေရင် အရာရာကို ကျော်လွှားလို့ရပါတယ်၊ ကိုယ်ဆိုရင် ပစ္စုပ္ပါန်ကိုပဲ ကြည့်တော့ အားလုံးအကောင်းပဲ။
(ဆရာ..အဲလေ.. ဆရာမလုပ်သွားတယ်။)

မယ့်ကိုး said...

ဘဝတူတွေမို့  ခံစားရပါတယ်။ ကျွန်မလည်း ရေးစရာမရှိတဲ့ အဖေ့ အကြောင်းကို တစ်နေ့ နေ့ တော့ ရေးဖြစ်လိမ့်မယ် ထင်ပါတယ်။