Wednesday, June 10, 2009

ခမ်းကီးဟုခေါ်သော နာမ်စား




နာမ်၏အစားသုံးသော ပုဒ်ကို နာမ်းစားဟုခေါ်သည်။ ^__^

ခမ်းကီးကိုယ်စား သုံးသာ နာမ်စားအား ခမ်းကီးဟုခေါ်သည်။ ^___^

သူများတွေ ကိုယ်ပိုင်အမည် ရာဇ၀င်လေးတွေ ညွန်းဖွဲ့တာ ဖတ်ရတော့ ခမ်းကီးဆိုတဲ့ နာမ်စားကိုလည်း အမှတ်တရအဖြစ် ဖေါ်ညွန်းချင်လာတယ်။

ပြီးတော့ ခမ်းကီးရဲ့ ပို့စ်ကို အမြဲတမ်း အားပေးနေတဲ့ မမပန်းရဲ့ စိတ်ဝင်တစ်စား တောင်းဆိုမှုလေးကို အသိအမှတ် ပြုသောအားဖြင့်ပေါ့။ ^___^

ခမ်းကီးဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူတစ်ဦးပါ။ ^___^

ကွန်ပြူတာအခြေခံ မရှိပဲ ဘလော့ဂ်လောကထဲ ရောက်လာတဲ့ မအူမလည် တောသားလေးတစ်ယောက်ပေါ့။ ^__^


သူများတွေလို IT ဆိုတဲ့ ကမ္ဘာသစ်ကြီးကို စိတ်ဝင်စားသူတစ်ယောက်ပေါ့။ ဒါပေမယ့် သူများတွေလို ဘွဲ့ရပညာတတ် အတန်းစားထဲက မဟုတ်တော့ IT ဆိုတာ ခရီးကြမ်းထွက်ရသလိုပါပဲ။ ^___^

Mouse ဆိုတာ ကြွက်၊ monitor ဆိုတာ အတန်းခေါင်းဆောင်ဆိုတဲ့ ပညာလေးနဲ့ ကွန်ပြူတာဆိုတဲ့ အရာကို ကိုင်ဖူးစက ပျော်လိုက်ရတာ။ သူ့ရွာသားတွေကို ကြွားချင်လိုက်တာ မျောက်အုန်းသီးရသလို ပါပဲ။ ^__^

ဟိုလိုက်ကလိ၊ ဒီလိုက်ကလိ နိုင်လွန်းလို့ ကွန်ပြူတာပိုင်ရှင်က ဗိုင်းရပ်စ်ကို သတိထားနော်လို့ ပြောတော့၊ ကြမ်းပိုးလိုလို အကောင်ကို စောင့်ကြည့်နေတော့တယ်။ ^___^

www ဆိုတဲ့ wသုံးလုံး အဓိပ္ပါယ်ကို မသိပဲ သူ့ရွာသားတွေဆီ ကွန်ပြူတာပညာရှင်လို ရှိုးထုတ်နေလိုက်တာ မမောနိုင်မပန်းနိုင်ပါပဲ။

စိုက်ကော်လို့ ခြုံပေါ်ရောက်ရတာများ ဆိုပြီး သူများတွေအတင်းတုတ်တာလည်း ဂရုမစိုက်နိုင်တော့ဘူးပေါ့။ ရွာမှာဆို ကွန်ပြူတာဆိုလို့ တီဗွီ၊ စာအုပ်တွေထဲမှာသာ မြင်ဖူးတဲ့ကောင်က…။ ရန်ကုန်မြို့က ကွန်ပြူတာသင်တန်းဆိုင်းဘုဒ်ကို ကြည့်ပြီး စိတ်ကူးနဲ့ ရူးလိုက်ရတာလည်း ပြောမနေနဲ့တော့…။ ^___^

သူများတွေလိုပဲ တောင်ကျော်၊မြေလျှိုးပြီး နိုင်ငံခြားရောက်မှ ကွန်ပြူတာကို လက်တို့ထိဖူးခဲ့တယ်။ မြို့ပေါ်မှာ ခပ်တည်တည်နဲ့ ရှိုးထုတ်တဲ့ တောသားလို အလုပ်ကောင်းကို လိုက်ရှာခဲ့တာ အခုထိ အမှတ်ရစရာပါပဲ။

ကံကောင်းထောက်မလို့လား၊ ပါရမီဟောင်းလေးဘာလေး ရှိခဲ့လို့လားတော့ မသိဘူး။ ကွန်ပြူတာအားထားရတဲ့ အလုပ်ကို ရရှိတော့တယ်။ ကီးဘုဒ်ဆိုရင် တီးဝိုင်းတွေမှာ သုံးတဲ့ပစ္စည်းလို့ သိတဲ့ကောင်ကလေ…. Abcd ကို မနည်း ရှာယူရတယ်။ ^___^

အဲဒီအချိန်ထိ screen ပေါ်မှာ မြန်မာစာပေါ်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ အင်္ဂလိပ်စာလုံးသာ ပေါ်နေတတ်တယ်လို့ ယုံကြည့်နေလျှက်ပေါ့…။ ^___^
ခမ်းကီးရဲ့ ကွန်ပြူတာလက်ဦးဆရာက bossရဲ့သားပါ။ ကံကောင်းလို့ သဘောကောင်း၊ လုပ်ငန်းကောင်းတဲ့ boss နဲ့ လာတွေ့လို့သာပေါ့။ အဲဒီအချိန်က စပြီး ကွန်ပြူတာရှေ့ ထိုင်နေရတဲ့ဝဋ်ကို ခံရပါတော့တယ်။

အင်တာနက်ဆိုတာကြီးကို သဲသဲကွဲကွဲနားမလည်ပဲ သုံးပဲသုံးနေတော့တယ်။ တစ်နေ့မှာပေါ့….

ဟိုပေါက်ကရ၊ ဒီပေါက်ကရ လိုက်နှိပ်ရင်းက (အမှန်က x ပုံကို လိုက်ရှောက်နှိပ်ရင်း) မြန်မာအကြောင်း၊ မြန်မာပုံတွေပါတဲ့ စာမျက်နှာကို နှိပ်မိတော့တယ်။ ^___^ (စူးစမ်းရှာဖွေပေါ့… )

အင်္ဂလိပ်စာလုံးတွေကြားက လေးထောင့်ကွက်ကိုလည်း မြန်မာဖောင့် ဆိုတာ မသိခဲ့ဘူး။ Google ဆိုတဲ့ စာမျက်နှာကို သုံးတတ်တော့မှ Myanmar ဆိုတာကို ရှာကြည့်ချင်လာတယ်။ အဲဒီတော့မှ Myanmar.com ဆိုတာနဲ့ မြန်မာနဲ့ဆိုင်တဲ့ စာမျက်နှာကို စသိခဲ့တယ်။ ^___^

အဟဲ.. ရာဇ၀င်ကို ရှင်းနေလိုက်တာ ခမ်းကီးဆိုတဲ့ နာမ်စားက ဘယ်လိုလဲဆိုတာ အခုထိ မရေးသေးပါလား…။ (တွေးနေရောပေါ့….)

အဲဒီလို မြန်မာစာကို တွေ့ပြီးမှ ခမ်းကီးဆိုတာ စ လို့ ရမှာပေါ့နော..။ ^___^

နှစ်နဲ့ချီပြီး အင်တာနက်ကို သုံးလာခဲ့ပြီး တစ်ရက်မှာပေါ့…….။ (အချိုးက.. )

ပအိုဝ်းလူမျိုးဆိုတော့ အင်တာနက်မှာ ပအိုဝ်းအကြောင်း ရှိမလားဆိုပြီး သိချင်လာတယ်။

အဲဒီမှာတင် google ကိုသွားပြီး Pa-o, Pao, Pa-oh , လိုက်ရှောက်နှိပ်လိုက်တာ (လက်ဦးဆရာ) ခွန်လေဇာရဲ့ (http://khunlazer.multiply.com) ကို စတွေ့မိတယ်။ အဲဒီတုန်းက ၀က်ဘ်ဆိုက်တစ်ခု အဖြစ်သာ သိခဲ့တယ်။ ဘလော့ဂ်ဆိုတာ မသိသေးတာ အမှန်ပါပဲ။

တစ်ခြားသော ဘလော့ဂ်တွေကို တွေ့မိ၊ ဖတ်မိနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်လို့ပဲ နားလည်ခဲ့တယ်။ အဲဒီ ခွန်လေဇာရဲ့ ဘလော့ဂ်မှာတင် သူများတွေ comment ရေးတာ တွေ့မိတော့တယ်။ ( comment ဆိုတာလည်း ဘာမှန်းမသိခဲ့ဘူး)

အဲဒီမှာတင် ကျေးဇူးတင်ကြောင်းကို ရေးချင်လာတယ်…။ အကွက်လေးထဲမှာ ရေးပြီး အက်ဒ်တော့ member ၀င်ရမယ်တဲ့…။

အဲဒီတော့မှ sign up ဆိုတာ တွေ့ဖူးတော့တယ်။ ပြီးတော့ ဆက်ဝင်ပေါ့။ (member ဖြစ်ပြီး ဘာလုပ်လို့ရတယ် ဆိုတာ မသိသေး)

ကျေးဇူးတင်စကားပြောပြီး ဟိုကလိဒီကလိတော့မှ ဘာအကွက်၊ ညာကွက်ကို တွေ့မိသွားတယ်။ ပအိုဝ်းအကြောင်းလေးတွေ၊ ရွာဓလေ့ ပြောပြချင်တော့မှ download ဆိုတာ သိခဲ့ပြန်ရော…။ add, save, edit ဆိုတာနဲ့ နောက်ပိုင်းမှ ရင်းနှီးခဲ့တယ် ဆိုပါတော့။

ဒီမှာတင် Khun Khan Don(ခွန်ခမ်းဒွမ်) ဆိုတဲ့နာမည်လေးကို မွေးဖွာ်းစေခဲ့ပါတော့တယ်။

မြေပြန့်က ပအိုဝ်းဆိုတော့ မြေပြန့်ပအိုဝ်းဆိုတဲ့ အဓိပ္ပါလေးနဲ့ပေါ့……။
အဲဒီ multi စာမျက်နှာကနေပဲ ဟိုလူ့အိမ်၊ ဒီလူ့အိမ်လိုက်လည်ရင်းက ဘလော့ဂ်ဆိုတာကို နားလည်လာခဲ့တယ်။ မျှဝေသိစေလိုတဲ့ အကြောင်းတွေက ရှိနေတော့ ခွန်ခမ်းဒွမ်ဆိုတဲ့ ဘလော့ဂ်လေး ဖြစ်ပေါ် လာခဲ့ပါတယ်။

အခုမှ ခမ်းကီး ဖြစ်ပေါ်လာပုံနဲ့ နီးစပ်လာတယ်…။ ^___^

အဲဒီ multi ထဲမှာတင် တစ်ချို့က ကိုကြီးခမ်းဒွမ်၊ ကိုခမ်းဒွမ်၊ ကိုကြီးခမ်း၊ ရင်းနှီးလာတဲ့ မိတ်ဆွေတစ်ချို့က ကိုခမ်းကြီးပေါ့…။

အဲဒီမှာတင် ခမ်းကြီး ဆိုတဲ့ နာမည်ကို သဘောကျသွားတယ်။

ခမ်းကီးတို့ ပအိုဝ်းဒေသမှာ ဗမာစကားပြော မပီကြပါဘူး။ အမှန်က မပီတာရယ်လို့လည်း မဟုတ်ပါဘူး။ သူ့ဓလေ့၊ သူ့ထုံးစံ လို့ပဲ ပြောရမှာပေါ့။ ဗမာတစ်ဝက်၊ ပအိုဝ်းတစ်ဝက် ရောတဲ့ပုံစံမျိုးပေါ့။ ( ခမ်းကီးရေးတဲ့ ပို့စ်တွေမှာ ဖတ်နိုင်ပါတယ်.. ကြော်ငြာ… ^___^ )

ကြီး ဆိုတာကို ခမ်းကီးတို့ရွာသားတွေက ကီး ဆိုပြီး ပြောကြ၊ ခေါ်ကြာတာ ရှိတယ်။ သားကြီးကို ပိုကီး၊ သမီးကြီးကို ပိုမူကီး၊ မူကီး စသဖြင့် ခေါ်လေ့ရှိတယ်။

ဒီမှာတင် ခမ်းကြီးကို ခမ်းကီး အဖြစ်မွေးထုတ် ပါတော့တယ်။ ^___^

အမှန်တော့ ပအိုဝ်းစကား ကျကျခေါ်စေလိုတဲ့ အမှတ်တရအဖြစ်ပါ။ ခမ်းကီးလို့ တစ်ခါဖတ်လိုက်တာနဲ့ ပအိုဝ်းစကားတစ်လုံးပါပြီးသား ဖြစ်သွားတာပေါ့… ^___^

ခမ်းကီးဆိုတဲ့ နာမ်စားအိမ်လေးကို လာလည်ဖတ်ရှုအားပေးကြတဲ့ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ခမ်းကီးရဲ့ အားနည်းချက်ကြောင့် အဆင်မပြေလှသော ဘလော့ဂ်စာမျက်နှာအတွက်၊ အားနည်းနေသော ပို့စ်များအတွက် တောင်းပန်ပါတယ်။ လိုအပ်တာတွေ၊ မှားယွင်းနေတာတွေကို ထောက်ပြ၊ သင်ပြနိုင်ပါတယ်။

ဒီနေရာမှနေ၍ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ အားလုံးကိုလည်း ကျေးဇူးတင်ပြီး ဂါရ၀ပြုပါတယ်။

ဆက်လက်ပြီး တစ်ခုခုပေးစွမ်းနိုင်သော သိသမျှ၊ မြင်သမျှတွေကို ဝေငှနေပါဦးမယ်လို့….

အားလုံးကို လေးစားစွာဖြင့်

ခမ်းကီး
၁၀၊ဇွန်၊၂၀၀၉


8 comments:

Anonymous said...

ကိုယ်တို့ ကျောက်တန်းရွာလေးမှာတော့
“တကီး” လို့ဆိုတဲ့ နာမည်လူအများကြီးပဲ။
ဆွေမျိုးတွေထဲမှာတောင်ရှိတယ်။
ဘလော့ဂ်လောကမှာတော့ ထူးခြားတဲ့နာမည်ပေါ့ဟာ။
ရေစက်ပါလို့ဆုံရတာ၊ ဆက်လက်အားပေးနေပါအုံးမယ်။
တခါမှ မမြင်ဖူးပေမယ့် Virtual World ထဲမှာ တောင်ပေါ်ကပအိုဝ်းမနဲ့ မြေပြန့်ကပအိုဝ်းလေးတို့ အမှတ်မထင် သိသွားကြတယ်နော်။
ကိုယ့်ဒေသမဟုတ်တဲ့ နိုင်ငံခြားမှာ တာဝန်ကိုယ်စီ ထမ်းဆောင်ကြရင်း ဘ၀ခရီးကို ဒီလိုပဲ ဆက်လက် ဖြတ်သန်းရမှာပဲ။

ကိုလူထွေး said...

ခမ်းကီးက ပအိုဝ်းပေါ့...
ကိုလူထွေးအိမ်မှာ မကြာခဏတွေ့ဖူးပေမယ့် အခုမှ ရောက်ဖြစ်တယ်...

နောက်လဲ မကြာမကြာ လာလည်မယ်နော်

းဝ) ကိုလူထွေး

မဟာဆန် said...

ပအိုဝ်းသာပြောတယ်..မြန်မာစကားပြေကို ရေးချသွားတာများ ဖတ်ရတဲ့သူကို မျက်လုံးထဲ တန်းခနဲ မြင်လာတယ်....တောသားပါလို့ စကားခံပြီး ပြောသွားလိုက်တာများ ညွန့်လို့..စာတွေ ဆက်ရေးဦးနော်..နေ့တိုင်း လည်လည်လာမယ်

Taungoo said...

အိမ်က သူငယ်ချင်းတစ်ယောက်ကလည်း ပအိုဝ်းပဲ။ ဂျပန်မှာလည်း ပအိုဝ်းသူငယ်ချင်းတစ်ယောက် ရှိသေးတယ်။

Ree Noe Mann said...

အကိုကတော့ ပအိုဝ်း တောထဲမှာနေခဲ့ရတော့
လွေမူးကို ဆိုတဲ့ တစ်လုံးတော့ တက်ခဲ့တယ်။

နောက်တစ်လုံးက တော့ ညီလေးက အရမ်း
သရေ့ ပါတယ်ကွာ။

ကိုရီနိုမာန်

ခမ်းကီး said...

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
မကြာခဏ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
အားလုံးကို လေးစားတဲ့
ခမ်းကီး ^___^

Anonymous said...

ဘာမှ မသိတာတွေထဲကမှ သိမြင်လာအောင် ကြိုးစားလာခဲ့တဲ့ ကိုခမ်းကီးကို လေးစားပါတယ် ... ခမ်းကီး အကြောင်းလေး သိသွားပြီ .. နောက်လာမယ့် ပို့စ်တွေအတွက်လည်း အမြဲအားပေးနေမှာပါဗျာ ...
နေဒေးသစ်။

အိမ်လွမ်းသူ said...

ကျမရဲ့အဖေက ပအိုဝ့်စစ်စစ်ပါ..
အဖေ့ရွာမှာက လူနံမည်ရဲ့အရှေ့မှာ လ ခံပြီး ပြောကြတာ ကြားရတယ်.. ဥပမာ ဦးလေးအောင်ကြည်ဆို အတိုကောက် ဟေး..... လအောင်၊ ဟေး....လကြည် ဆိုပြီးခေါ်တတ်ကြတယ်.. ကျမကတော့ ပအိုဝ့်စကားမတတ်တော့ တခါတလေ ရှက်မိတယ်.. ဒါနဲ့စကားမစပ် အဖေ့ရွာသားဆိုပြီး လင့်ထားပါတယ်...