Friday, June 26, 2009

သစ်ရွက်၊ ရေစက်၊ ခွဲထွက်၊ နှုတ်ဆက်



သစ်ရွက်တစ်ရွက်သည်လည်း ဆေးဖက်ဝင်တတ်သည်
ရေကြည်တစ်ပေါက်သည်လည်း အကျုံးဝင်လှသည်
ဝိုးဝါးမပီ ခံယူချက်နဲ့
လူတစ်ကာကို ၀င်နှုတ်ဆက်
အင်တာနက် ကွန်ယက်တဲ့ သူမမှီ…။

ကံကြမ္မာဝဲဂယက်
နှုတ်ဆက်ဖို့ အကြောင်းဖန်ပြီ
ဝေးရတောမည်…။


အခုတော့လည်း …
တောမြိုင်လယ်က သစ်တစ်ရွက်
လေအနှက်မှာ လွင့်ရပြီ
ရေကြည်တစ်ပေါက်လည်း
ချောင်းရေထဲ ကျခဲ့ပြီ
ဝိုးတစ်ဝါးမပီ သည်ကွန်ယက်မှ
နှုတ်ဆက်ခဲ့ပါသည်..
ကံမကုန်လျှင် ပြန်ဆုံဦးပေါ့
လမ်းကြုံလျှင် ရင်ခုန်ဦးမည်
အခုတော့..
ဟိုး.. အဝေးသို့ချီ။

သစ်ရွက်လည်းဆေးမမည်
ရေကြည့်လည်းစွမ်းမထက်တော့
အင်တာနက်မှ ခွဲထွက်ရတော့မည်မို့
မျက်ရည်များစွာဖြင့်
အားလုံးကို
(ခမ်းကီး)
နှုတ်ဆက်ခဲ့ပါသည်။

(ခမ်းကီး၏ ဘလော့ဂ်စာမျက်နှာဖြင့် အမှတ်တရ ဖြစ်ပါစေ)
ခမ်းကီး
၂၆၊ဇွန်၊၂၀၀၉



12 comments:

သားကြီး said...

ဟာဗျာ...စိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီ
ဘာကိစ္စနှုတ်ဆက်ရတာတုန်း...?
တွေ့တာတောင်မကြာသေး ခွဲဦးမယ်ဆိုတော့
တစ်ဆိတ်မလွန်ဘူးလား..?
အကျိုးအကြောင်းပြောဦးလေဗျာ... :(

မငုံ said...

:( ကိုခမ်းကီး..အဲဒီလိုမလုပ်နဲ့လေ။ အခြေအနေပေးရင် ပေးသလိုတော့ ရေးပါနော့။

Anonymous said...

ကိုခမ်းကီး ဘယ်လို ဖြစ်ရတာလဲဗျာ ....
အကောင်းဆုံးတွေ ဖြစ်လာဖို့ မျှော်လင့်နေပါ့မယ် ....
တစ်နေ့နေ့ တစ်ချိန်ချိန် ... အခြေအနေတွေ ဖန်တီးခွင့်ရှိလာတဲ့ အခါ ပြန်ဝင်လာခဲ့ပါ ...
ကျွန်တော်တို့အားလုံး စောင့်မျှော်နေပါ့မယ် ...
အရာအားလုံး အဆင်ပြေပျော်ရွှင်ပါစေ။
နေဒေးသစ်။

sonata-cantata said...

ခမ်းကီးရေ
ကွန်ယက်ဆိုတာ တွယ်ငြိတတ်တဲ့ သဘောရှိတယ်ဆိုတာ သတိရရင် ပြန်လာပါ။

Anonymous said...

ဟေ့၊ ဘယ့်နှယ်၊ နူတ်ဆက်ရတာတုန်း။

ကိုလူထွေး said...

ခမ်း...မကြီးထဲ ပိတ်မိနေပြီ
ကီး...မရှိတော့ ဘယ်လိုဖွင့်ရမလဲ...

:O)

စိုင်းလိုင်ခမ်း said...

ကိုခမ်းကီး ဘာကြောင့် နူတ်ဆက်ရတာတုန်း စိတ်မကောင်းဘူးဗျာ။

မယ်ကိုး said...

အယ် ဘာဖြစ်လို့  နှုတ်ဆက်တာလဲ။ အကြောင်းမကြား ဘာမကြား။

မိုးခါး said...

ဘာလုပ်မလို့လဲ
ဘယ်သွားမလို့လဲ
နှုတ်ဆက်တယ်ဆိုလည်း ခဏပဲဖြစ်ပါစေနော်
အဆင်ပြေပျော်ရွှင်ပါစေ

မြစ်ကျိုးအင်း said...

မအားလို့ခုမှရောက်ဖြစ်တာ..ရောက်တော့လည်း စိတ်မကောင်းစရာနဲ့ ကြုံရပါတယ်...
ဘလော့ပေါ်မှာတော့ ဒီလိုအဖြစ်တွေက အမြဲတမ်းရှိနေ ပေမယ့် တခါကြားရတိုင်း စိတ်မကောင်းဖြစ်ရတာပါပဲ
အင်းလေ ကိုယ့်အလှည့်လဲ ဘယ်တော့ရောက်မလဲမှ မသိတာ...အဆင်ပြေစွာနဲ့ပြန်လာမယ့်နေ့ကို မျှော်လင့်နေပါတယ်...။
...ခင်မင်သောအားဖြင့်...

မသက်ဇင် said...

ခမ်းကီးရေ
လာဖတ်သွားပါတယ်
"သစ်ရွက်၊ ရေစက်၊ ခွဲထွက်၊ နှုတ်ဆက်"
မနှုတ်ဆက်ပါနဲ့ကွယ်
ခင်မင်လျက်

khin oo may said...

ဘာများဖြစ်လို့လဲ