Saturday, June 13, 2009

မှန်ကန်သော ဂုဏ်သိက္ခာ(မှားယွင်းသောဘ၀) အပိုင်း-၂




ကျနော်တို့ လူပျိုပေါက်စအရွယ် (အလယ်တန်းကျောင်းသားဘ၀) ရောက်တော့ လူပျိုတွေနောက်လိုက်ပြီး အပျိုလည်ခဲ့ဖူးတာ မှတ်မိသေးတယ်။ အလုပ်သိမ်းပြီး၊ စားသောက်လို့ပြီးရင် လူပျိုတွေ အိမ်နေလေ့ မရှိကြဘူး။ မိုးချုပ်တာနဲ့ အပျိုမအိမ်၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အိမ်တစ်အိမ်မှာ စုပြီး ဟေးလားဝါးလား ပျော်ပါးလေ့ရှိတယ်။

တစ်ခါတစ်လေ သူများအိမ်မှာ ကြက်ခိုး၊ ဘဲခိုးပြီး ချက်စားတတ်ကြသေး..။ အခုထိပါပဲ ဘယ်ကိုပဲ ရောက်ရောက် ကာလဟင်းကို လွမ်းနေတုန်းပဲ…။ စားသောက်ပြီးရင် ပေါက်ကရလေးဆယ်စကားကို ရှောက်ပြောကြတော့တာပဲ…။

ဘယ်မိန်းကလေးက ဘယ်လိုဘယ်ညာ၊ ဘယ်သမီးရည်းစားတွေက ဘယ်သို့ဘယ်လို… အစုံ. အစုံပါပဲ။ တစ်ချို့ ရည်းစားမရှိနိုင်တဲ့ကောင်က စိတ်ဓါတ်ကျ၊ တစ်ချို့ကလည်း မိဘလူကြီးတွေ သဘောမတူ… ပေါက်ကရပေါင်းစုံ အကြံပေးသူက ပေးပေါ့…။ ဒီမှာတင် နာမည်ကြီး ဦးရွှေသွားအကြောင်းက ပါလာတော့တယ်။

ရည်းစားမရနိုင်သူများ၊ ကောင်မလေးအချစ်ကို ရရှိလိုသူများ ဦးရွှေသွားဆီက အဆောင်တောင်းကြ…တဲ့။ ဦးရွှေသွားမှာ မိန်းမကိုညှို့နိုင်တဲ့၊ မိန်းမတစ်ယောက်ကို တို့မိတာနဲ့ အဲဒီမိန်းမက ဦးရွှေသွားကို စွဲလန်းစေတဲ့ အဆောင်လက်ဖွဲ့ ရှိတယ် ဆိုပြီး၊ အဟုတ်ပြောနေကြသလို နောက်ပြောင်သလိုလိုနဲ့ ပြောကြတော့ ကျနော့်နားထဲ စွဲနေတော့တယ်။


လူပျိုလည်တတ်တဲ့ အရွယ်ရောက်မှ ဦးရွှေသွားအကြောင်းကို ပိုသိလာခဲ့တယ်။ အတင်းလား၊ သတင်းလား ကွဲကွဲပြားပြား မသိနိုင်တဲ့ ဦးရွှေသွားဇာတ်လမ်းကို ကြားနေရတော့တယ်။
ရွာထဲက မိန်းမပျိုတွေရော၊ မိန်းမကြီးပါ မကျန် ဦးရွှေသွားကို ကြောက်နေကြတယ်ဆိုပဲ…။ ဦးရွှေသွားရဲ့ တို့ဆေးထိမှာ စိုးရိမ်ကြောက်လန့်လေရဲ့…။ တစ်ခ်ါတစ်လေ ကာလသားတွေရဲ့ စကားဝိုင်းကနေ၊ တစ်ခါတစ်ရံမှာတော့ မိန်းမကြီးတွေရဲ့ စကားဝိုင်း( အတင်းတုတ်) ကနေ ဦးရွှေသွားအကြောင်းကို ကြားနေရတယ်။

ဘယ်သူဘယ်ဝါရဲ့ သားမယားကို မရှောင် စော်ကားချင်တိုင်း စော်ကားနေတော့တာပဲ…တဲ့။

အဲဒီအချိန်မှာမှ ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတဲ့ ဒေါ်နန်းမူနဲ့ ဦးရွှေသွားတို့ရဲ့ တောစပ်က အဖြစ်ကို ပြန်ပြီး ဆက်စပ်တွေးမိတော့တယ်။

ဒေါ်နန်းမူတစ်ယောက် ဦးရွှေသွားရဲ့ တို့ဆေး၊ အဆောင်များ မိခဲ့သလားပေါ့…။

ဒီလူကြီးက အရက်သေစာသောက်ပြီး ရမ်းကားတတ်သူလည်း မဟုတ်။ သူပုံစံက လူကြီးလူကောင်းလိုလို။ သူကြီးရဲ့ လက်ထောက်အဖြစ် ရွာမှာ မောင်းတီးဆော်အော ပေးနေသားပဲ။ အလှူလှည့်ပွဲဆိုလည်း သူက ကြေးစည်တီးအဖြစ် ပါပါနေတာပဲလေ။

သူက မသာအိမ်ဆို မသွားဘူးတဲ့။ သူ့အဆောင် ပျက်မှာစိုးလို့ဆိုပြီး ပြောနေကြတာပေါ့။ သူ့ကြောကုန်းမှာ ထိုးထားတဲ့ အင်းကွက်ကြောင့် မိန်းမတွေ သူ့ရဲ့ညှို့ကွင်းအောက် ရောက်ရသတဲ့..။ သူ့လက်မောင်းမှာ ချည်ထားတဲ့ လက်ဖွဲ့ကြိုးကလည်း အရမ်းစွမ်းကြောင်း လူပျိုတွေဆီက သိခဲ့ရတယ်။ ပြီးတော့ ဆေးအစွမ်း ဖေါက်တဲ့အချိန်ဆို လူသတ်ရမှာ ၀န်မလေးတော့ဘူး .. စသဖြင့်ပေါ့။ မကောင်းဆိုးရွားတွေ ပူးကပ်မှာစိုးလို့ သူ့ခါးမှာ ဓါးမြှောင်တစ်လက် အမြဲဆောင်ထားရကြောင်း……. အစုံပဲ သိရတော့တယ်။

ဒါပေမယ့် ကျနော်တို့ ညဘက် လူပျိုလှည့်ချိန်မှာ သူ့အိမ်ရှေ့ဘက် ဖြတ်သွားဖြတ်လာရင် တရားစာကို အကျယ်ကြီးရွတ်ပြီး ဘုရားရှိခိုးသံကို ကြားရလေ့ရှိတယ်။ လပြည့်လကွယ် မနက်ပိုင်းဆိုလည်း ကြေးစည်တီးပြီး အမျှဝေနေတာလည်း တွေ့ရတတ်တယ်။

အားလုံးထက် သူဘယ်လိုမျိုး မိန်းမတွေကို ညှို့သလဲဆိုတာပဲ ကျနော်တို့လူပျိုတွေ စိတ်ဝင်စားနေကြတယ်။ သူ့ကြောင့် တစ်ချို့သော အိမ်ထောင်သည်တွေ ရန်ဖြစ်ကြ၊ ကွဲပြဲကြရတဲ့အထိ ရှိတတ်တော့ ယောက်ျားကြီးတစ်ချို့ဆို သူ့ကို သတ်မယ် တစ်ကဲကဲပါပဲ…။

ထင်မထားတဲ့ တစ်ရက်မှာ ဦးရွှေသွားရဲ့ ဟိုးလေးတစ်ကျော်ကျော်သတင်းကို ကြားလိုက်ရတယ်။

ဦးရွှေသွားရဲ့အဆောင်လက်ဖွဲ့က အစွမ်းပြလေသလား၊ ကြောကုန်းမှာ ထိုးထားတဲ့ အင်းကွက်ကပဲ ဖေါက်ပြန်လေသလား မဆိုနိုင်။

တစ်ရွာဝင်၊ တစ်ရွာထွက် အထည်လိုက်ရောင်းနေတဲ့ တစ်ခုလပ်မ မခင်နှင်းနဲ့ ဦးရွှေသွားတို့ကို သူ့မိန်းမက လက်ပူးလက်ကြပ် မိသွားတယ်…. တဲ့။

အခု သူကြီးအိမ်မှာ ရောက်နေကြပြီ…တဲ့။ သူကြီးက ရွာနှင်ဖို့ လုပ်နေကြောင်း.. စသဖြင့်ပေါ့။

အထည်အသစ်အဆန်းတွေ လာရောင်းတတ်တဲ့ ဒေါ်ခင်နှင်းကို ကျနော်တို့ မြင်ဖူးနေကျပါ။ ဦးရွှေသွားရဲ့မိန်းမနဲ့ ရင်းနှီးတော့ ဦးရွှေသွားအိမ်မှာ တည်းလေ့ရှိတယ်။ စကားချိုချို၊ နွဲ့နွဲ့နှောင်းနှောင်းတစ်ခုလပ်မ ဒေါ်ခင်နှင်းက ချောတုန်းလှတုန်းရယ်…။

အခုတော့ ဦးရွှေသွားရဲ့ ညှို့ကွင်းမိခဲ့လို့လား..မသိနိုင်။ အဲဒီနေ့မှာပဲ သူကြီးကရော၊ ဦးရွှေသွားမိန်းမကပါ သူတို့နှစ်ယောက်ကို ပေးစားလိုက်ပြီး ရွာကနေ နှင်ထုတ်လိုက်တာကို တစ်ရွာလုံး သိခဲ့တော့တယ်။

နောက်ပိုင်းမှ သိရတာတော့ မြို့ပေါ်က ဒေါ်ခင်နှင်းရဲ့အိမ်မှာ အခြေချကြ သွားကြတယ်ဆိုပဲ။

အဲဒီနှစ်မှာပဲ ကျီးကန်းတို့အဖေလည်း အသည်းခြောက်ရောဂါနဲ့ ဆုံးသွားတယ်။

သူ့ကြောင့် ကျီးကန်းတို့အဖေ အရက်သမားဖြစ်ရရှာတာလို့ ကျနော့်ကြီးမေ ကျိန်ဆဲတာ ကြားခဲ့ရတယ်။ ကျနော့်ကြီးမေနဲ့ ဒေါ်နန်းမူက ငယ်ပေါင်းတွေ။ သူများတွေထက် ဒေါ်နန်းမူအကြောင်းကို ပိုသိနေမယ်လို့ ကျနော် ထင်ပါတယ်။ သူတို့က ပြောမနာဆိုမနာ ရင်းနှီးနေတာ ငယ်ငယ်ကတည်းက မြင်လာခဲ့တာပဲလေ…။

ကျီးကန်းတို့အမေလည်း နောက်ပိုင်းမှ သူများတစ်ကာအိမ်မှာ လည်ပတ်သွားလာမှုရှိတာ သတိထားမိခဲ့တယ်။ အရင်ကဆို အိမ်ပေါ်အိမ်အောက်နဲ့ အလုပ်ရှပ်နေတတ်ပြီး ရှင်းရှင်းနေလေ့ရှိခဲ့တယ်လေ..။ အခုတော့ ပူပင်ကြောက်လန့်စရာများ မရှိတော့လို့လား မသိနိုင်။

သားသမီးတွေလည်း အိမ်ထောင် ကိုယ်စီရှိပြီးလို့ မြေးတောင်ရနေပြီ။ အားလပ်တဲ့ နေ့လည်ခင်းမှာ ကျနော်ရဲ့ကြီးမေအိမ်အောက် စကားလာဝိုင်းဖွဲ့တာ တွေ့ရတတ်တယ်။

တစ်ရက်မှာ ကျနော်ကြီးမေအိမ်ပေါ် စာအုပ်တွေ(ဘကြီး၏ ဗေဒင်စာအုပ်) ဖတ်နေတုန်း ဒေါ်နန်းမူတစ်ယောက် အိမ်အောက်မှာ စပါးလုံးကောက်နေတဲ့ ကြီးမေဆီ လာလည်တာတွေ့ရတယ်။

နှစ်ဦးသားဘာတွေပြောလို့ ပြောနေကြမှန်း မသိပါဘူး။ အတော်ကြာကြာရှိခဲ့တယ်။ ကျနော်လည်း အိပ်ငိုက်လာလို့ မှေးမလို့ ရှိနေတုန်း မထင်မှတ်တဲ့ စကားကို ကြားမိသွားတယ်။ အမှန်တော့ သူတို့ဘာသာ စကြတာလား၊ နောက်နေကြတာလား မသိပါဘူး။ ကြီးမေရဲ့ စကားကို အံသြသင့်စွာ ကြားလိုက်တယ်။

“ (ဖအုပ်ထုပ် ရေးချ)မ နင့်သားအငယ်ကောင်ကို ငါမသင်္ကာလှဘူး။ မိုးသီးတစ်ဝက် ရွှေသွားတစ်ဝက်များ ရောနေသလားမသိဘူး။ ငါ့ကို မှန်မှန်ပြောနော်။”

“ ဟယ်.. ကောက်မ၊ အိုကြီးအိုမနဲ့ နင်ဘာလုပ်မလို့တုန်းဟဲ့..။ “

ကြီးမေက ကျနော်အိမ်ပေါ်မှာ ရှိတာ မေ့နေပုံရတယ်။

သဘောရိုးနဲ့ မေးတာလား၊ အနှစ်နှစ်အလလက သံသယ ရှိခဲ့လို့ သိလိုတာလား မပြောတတ်ဘူး။

ပြီးတော့ ဟိုတုန်းက ဒေါ်နန်းမူတို့အိမ်မှာ စာရင်းငှါးလုပ်ဖူးတဲ့ ဖိုးသောကြာက စပါးကျီနောက် သူတို့ချိန်းတွေ့တာ မြင်ဖူးတယ်ဆိုပြီး ပြောပြဖူးကြောင်း ဒေါ်နန်းမူကို ရှင်းပြနေတယ်။

ကျနော်ရဲ့ ငယ်ငယ်တုန်းက မြင်ကွင်းကို ပြန်မြင်ယောင်လာတယ်။ ကျနော်သံသယ ရှိခဲ့သလို မှန်ကန်နေတယ်လို့ ယုံကြည်လာတယ်။

ကြီးမေရဲ့စကားကို တွေးပြီး ကျနော်ပြုံးမိသွားတယ်။

ကြီးမေတစ်ယောက်တည်း မဟုတ်ပါဘူး၊ ရွာသားအားလုံးနီးပါးက ကလေးဘယ်လိုတည်လာသလဲဆိုတာ အတွေးလွဲနေကြတယ်။ မသိလို့ ဖြစ်မှာပါ။ ကလေးက ယောက်ျားရဲ့ ဆက်ဆံခြင်းကနေ စုစည်းပြီး ကြီးထွားလာတာလို့ ယုံကြည်နေကြဆဲပဲ။ (သုတ်ရည်)တစ်ခါနည်းနည်းစီစုပြီးမှ အကောင်ဖြစ်လာတာပေါ့..။ ဒါကြောင့်ထင်ပ.. ကျီးကန်းကို ဦးမိုးသီးနဲ့ ဦးရွှေသွားတို့ရဲ့ သွေးရောစပ်နေတယ်လို့ တွေးပြီး သံသယရှိပုံရတယ်။

ပြီးတော့ ကြီးမေက နင်ဘယ်တုန်းက ရွှေသွားရဲ့ အနုဆေး မိသွားတာလဲ ဆိုပြီးမေးနေတယ်။

“ အနုဆေးမိတာလား၊ အဆောင်ထိတာလား ငါမသိဘူး။ ငါ့ကို သူသတ်မှာ ငါကြောက်တာပဲ ငါသိတယ်။ “

“ နင်ပဲ ဆေးထိပြီး သူကို လိုက်လျောတာ မဟုတ်ဘူးလား.. ၊” ကြီးမေက ဆက်မေးနတယ်။

“ ဟဲ့.. ကောင်မ။ ငါ့ကို ငါသိပါတယ်ဟယ်။ ငါဘယ်လောက်တောင် သောက၊ ဒုက္ခတွေ ခံစားခဲ့ရသလဲဆိုတာ နင်တို့ မသိကြဘူး။ နင်တို့က ငါ့ကို တော်တော် ကမြင်းတယ်လို့ ထင်နေကြတာ မဟုတ်လား….”

ဒေါ်နန်းမူ ငိုနေပြီဆိုတာ တုန်ရီတဲ့ အသံကနေသိနေရတယ်။

“ ငါ့လင်၊ ငါ့သားသမီးတွေ ဂုဏ်သိက္ခာကျမှာ စိုးလို့ ငါဘယ်လောက်ထိ ငါကာကွယ်ရသလဲတိုတာ နင်တို့ မသိပါဘူး။ “

“ နင်တို့ ဘယ်လို စဖြစ်ကြသလဲဆိုတာ နည်းနည်းလောက် ရှင်းပါဦးဟဲ့… ။ ငါသိတာက နင်တို့ ချိန်းကြတာ ဖိုးသောကြာတွေ့ခဲ့တာပဲ ငါသိတယ်။ “

“ ဖိုးသောကြာက ငါ့အကြောင်း ဘယ်လိုပြောခဲ့လဲ အရင်ပြော… “

“ နင်က နင့်ကိုယ်နင် လုံလှပြီဆိုပြီး တစ်သက်လုံး နေလာတာပေါ့.. ဟုတ်လား။ နင့်အတွက်မို့သာပေါ့ ဖိုးသောကြာကို ငါမနည်း ပိတ်ထားခိုင်းခဲ့တာ..။ အကယ်၍ သူက တစ်ခြားလူတွေကို ပြောပြရင် သူတို့မိသားသားစုကို ပေးကမ်းနေတာတွေ ဖြတ်မယ်၊ ပြသာနာဖြစ်လာရင် သူ့ကိုပဲ ငါတရားစွဲမယ်လို့ ကြိမ်းခဲ့တာ.. “

ဟုတ်လောက်ပါသည်။ ကျနော်တို့ သိတတ်စ အရွယ်ထိ ကြီးမေက ဖိုးသောကြာအမေကို ဆန်ချိန်ဆန်၊ ငါးပိချိန်ဆို ငါးပိ ပေးကမ်းနေကြ။ ဦးဖိုးသောကြာကလည်း ရိုးရိုးသားသားလူစားပေမို့ ကြီးမေစကား နားထောင်ခဲ့ဟန်တူပါတယ်။ လူပျိုတို့သဘာဝ မုန့်ဖို့း၊ အရက်ဖိုးလိုတော့ (စရင်းငှါးတို့ ထုံးစံ) စပါးခိုး၊ ဆန်ခိုးတာလောက်တော့ ရှိမှာပေါ့။

“ သူက အရက်လဲသောက်ဖို့ နင်တို့ စပါးကျီမှာ စပါးတက်ခိုးတုန်း ရွှေသွား ရောက်လာတယ်ဆိုပဲ..။ တစ်အောက်လောက်တော့ နင်လည်း ရောက်လာတယ်။ သူက လူမိမှာ စိုးလို့ ပုန်းနေတာ။ နင့်အသံရော၊ ရွှေသွားအသံပါ ကြားရတော့ သူလည်း တော်တော် ထိတ်လန့်ခဲ့တယ်တဲ့..။ အေး.. နင်တို့ ဘာလုပ်နေကြသလဲဆိုတာ သူအသိဆုံးပေါ့…… “

“ အဲဒီတုန်းက နင့်သမီး အလတ်မ လသားပဲ ရှိဦးမယ်လို့ ငါထင်တယ်.. “

ဟုတ်တယ် ဆိုတဲ့ ရှိုက်သံနဲ့ ဒေါ်နန်းမူ ၀န်ခံသံကို ကြားနေရတယ်။

“ ဒီမယ် အေးပု.. နင် အဲဒီအထိ သိနေမှတော့ အဖြစ်မှန်ကို ငါပြောပြချင်တယ်။ အရင်ကလို နင်ငါ့ကို နားလည်သလိုပဲ ငါ့ဂုဏ်သိက္ခာကို ငှဲ့ကွက်တဲ့အနေနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ ကတိပေးပါလား.. “

“ ဟဲ့… ငါက နင့်သူငယ်ချင်း အရင်းပါကွယ့်..။ မိန်းမသားချင်း ကိုယ်ချင်းစာတရား ရှိပါတယ်။ အဖြစ်မှန်ကို ပြောစမ်း…။ နင် ကမြင်းတာလား… (- စကားလုံးရိုင်းပါက တောင်းပန်ပါသည်) နင် အစော်ကားခံလိုက်ရတာလား… “

“ ငါ… ငါ အစော်ကား ခံလိုက်ရတာပါ။ “

“ ဟယ်.. နင့်နယ်နော်.. ဘာလို့ တရားမစွဲခဲ့တာလည်း.. “

“ အေး.. အဲတာကို ငါပြောပြချင်နေတာ။ ငါ့ကို သတ်မယ်၊ ငါ့ကလေးတွေကို သတ်မယ်၊ ငါ့လင်ကိုပါ သတ်မယ် တစ်ကဲကဲနဲ့.. တစ်ချိန်လုံး ခြိမ်းခြောက်ခံနေရတာ နင်တို့ မသိကြဘူး။ “

“ သူချိန်းတဲ့အခါ ငါမလိုက်လျှောရင် ငါ့အိမ်ဝန်းကျင်မှာ လှည့်ပတ်ရန်ရှာခဲ့တာလည်း နင်တို့ မသိပါဘူး။ အိမ်ဘေးက သူများအိမ်မှာ ဓါးမြှောင်သွေးလိုသွေး၊ ကြက်လည်ပင်းလား၊ ခွေးလည်ပင်းလား လည်ပင်းဖြတ်မယ်ဆိုပြီး လိုက်အော်နေတာ နင်တို့ သတိမထားမိကြဘူး ဟုတ်လား.. “

“ နင်တို့က စစချင်း ဘယ်လိုငြိ ခဲ့ကြလဲ “ ကြီးမေ သိချင်ဇောနဲ့ မေးနေတယ်။

“ ငါ့ သမီးလတ် လေးလ၊ ငါးလထင်တယ်။ အဲဒီတုန်းက မြေနုကျွန်းပေါ်က ရေလိုက်စပါး စိုက်ချိန်…။ မိုးသီးက လယ်တောမှာပဲ အိပ်စောင့်ရတာ နင်သိတာပဲ။ ငါ့က ကလေးကို သူ့အဖွားနဲ့ အပ်ပြီး ဆန်၊ဆီ၊ ငရုပ် ရိက္ခာ လိုက်ပို့ပေးရတယ်လေ…။ “

“ အသွားတုန်းက ဖိုးသောကြာလှေနဲ့ ငါလိုက်သွားတာ…။ အပြန်ဘက်မှာ ဂြိုလ်က စမွှေတော့တာ။ ကလေးငိုနေမှာ စိုးလို့ ညနေအထိ ဖိုးသောကြာကို ငါမစောင့်ခဲ့ဘူး။ အဲဒီမှာ လူယုတ်မာရွှေသွားရဲ့ လှေကြုံနဲ့ အရင် လိုက်ပြန်မိခဲ့တာ…။ “

ရှိုက်သံများဖြင့် ဒေါ်နန်းမူ ရင်နာလွန်းလှပုံရတယ်။

“ သူ့လယ်ခင်းထဲက ထောင်ထားတဲ့ မြုံးကို အရင်ဖေါ်မယ်ဆိုပြီး ကန်ဘောင်မှာ လှေဆိုက်လိုက်တယ်။”

“ အဲဒီမှာ ဟင်းလေးဘာလေးရောချက်ရအောင် ငါးတွေ ကောက်သွားဖို့ သူခေါ်တယ်။ ငါကလည်း ဟင်းအမယ်ရဖို့ ဆိုပြီး ၀မ်းသာအားရနဲ့ ငါးသွားကောက်မိလိုက်တယ်…… “

ဒေါ်နန်းမူ ဆက်ပြီး ပြောမထွက်တော့ပုံရတယ်။ အသံတိတ်သွားတယ်။

“ နင် မအော်ဘူးလား ကောင်မ…။ လယ်ခင်းထဲမှာ လူတွေ မရှိတော့ဘူးလား..။ “

ကြီးမေက အားမလို၊ အားမရ မကျေမနပ်စွာ စောဒက တက်နေတယ်။

“ ငါ အော်ချိန်တောင် မရလိုက်ဘူး..။ ငါးတွေကို ကုန်းကောက်တုန်း သူက ငါ့လည်ပင်းကို ဓါးမြှောင်နဲ့ ထောက်ထားလိုက်တယ်။ ငါလေ…. ရှက်လည်းရှက်၊ ဒေါသလည်းထွက် သူ့ကို အမျိုးမျိုး ဆဲဆို တိုင်းထွာခဲ့သေးတယ်။ မရတော့အဆုံး တောင်းပန်ပါသေးတယ်။ ဒါပေမယ့် သူ့ပုံက ငတ်ပြတ်နေတဲ့ ဘီလူးအတိုင်းပဲ…။ “

“ ငါရှက်လွန်း၊ ခံပြင်းလွန်းလို့ အိမ်မပြန်တော့ပဲ ငါ့ကိုယ်ငါ အဆုံးစီရင်ဖို့ စဉ်းစားမိတယ်…. “

“ ငါသေရတာ သူ့လက်ချက်လို့ လူတွေသိရင် ငါ့ကလေးတွေကိုပါ သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ဖို့ ချိန်းခြောက်တယ်…။ ငါ့ကလေးတွေ မျက်နှာကို ငါမြင်ပြီး… သူ့ကို ကြောက်ပြီးရင်း ကြောက်နေရတော့တယ်။”

“ ငါအသည်းနာလို့ မဆုံးနိုင်တာက ငါ့ကို သူလည်း ပိုင်တဲ့ မယားတဲ့…။ သူတောင်းဆိုသမျှ လိုက်လျှောပေးရမယ်…။ အာခံရဲရင် စမ်းကြည့်ပေါ့တဲ့…။ “

ဒေါ်နန်းမူကိုယ်စား ကျနော်တောင် ရင်နာလာတယ်။ ရွှေသွားကြီးကို သတ်ချင်စိတ် တစ်ဖွားဖွား ပေါ်လာတယ်။

“ အဲဒီတုန်းက နင့်မိဘတွေ ရှိသားပဲ..။ နင် မတိုင်ခဲ့ဘူးလား..။ “

ကြီးမေက အသည်းယားပုံရတယ်။

“ အေးပုရယ်.. နင် ကိုယ်တိုင်ကြုံမှ နင်သိမယ်။ အားကုန်ချိနဲ့နေတဲ့ ငါကို ဓါးမြှောင်နဲ့ ထောက်ထောက်ပြီး လုံးဝပိတ်ထားဖို့ ခြိမ်းခြောက်နေတယ်။ ငါထလို့ မနိုင်လို့ သူပဲ လှေပေါ်ချီတင်ခဲ့ရတယ်…။ “

“ လှေပေါ်ချပြီး သူပဲ ရွာထဲ အရင်ဝင်သွားတယ်။ ငါ အိမ်ရောက်တော့ သူက အိမ်ဘေးဒေါ်စိန်ငို အိမ်မှာ ဓါးမြှောင်ကို ပြန်သွေးနေတယ်…. “

“ ယုတ်မာလိုက်တာ…… “ ကြီးမေရဲ့ ရင်နာသံ…။

“ မသာတီစရာ ငါ့ခန္ဓာကို ငါတွေးပြီး အိမ်ပေါ်တက်ချင်စိတ်တောင် မရှိတော့ဘူး။ ရေတွင်းဘေးမှာ ငါထိုင်ပြီး ရေတွင်းထဲခုန်ချဖို့ စဉ်းစားခဲ့တယ်။ ငါ့အမေက ငါ့ကို အရင်တွေ့ပြီး ကလေးငိုနေပြီ အိမ်ပေါ် မြန်မြန်တက်ဖို့ လှမ်းအော်မှ ငါ သတိ ပြန်ဝင်လာတယ်။ “

“ ကလေးက နို့ဆာလို့ အော်နေတယ်။ နင်ပဲ စဉ်းစားလေ… နင့်ကလေးငိုသံကြားရင် နင်ဘယ်လို နေမလဲ…”

“ သူ့က နင့်ကိုလည်း ပိုင်တယ်ဆိုပြီး အကွက်ရှာ လိုက်ချောင်းနေတော့ပဲလား.. “

“ ဟုတ်တယ်။ လူလှစ်ရင် လှစ်သလို ငါဆီလာပြီး ဘယ်နေရာ၊ ဘယ်အချိန်ဆိုပြီး ခြောက်လှန့်နေတာ..။ “

“ နန်းမူရယ်… ငါတို့ကို စောစောစီးစီးက တိုင်ပင်လိုက်ရင် ပြီးရော…။ သတ်စရာရှိလည်း သတ်။ သေစရာရှိလည်း စောစောသေ လိုက်ရင် အေးရော.. “

မိန်းမသားအချင်းချင်း ကိုယ်ချင်းစာတဲ့ ကြီးမေရဲ့ စေတနာဒေါသ…။

“ နင့်ယောက်ျားမိုးသီးက ဘယ်အချိန်မှ ရိပ်မိသွားလဲ… “

“ ကျီးကန်း သုံးနှစ်သားလောက်မှ သိတာ..။ “

“ ဘုရားရေ… မိုးသီးက အဲလောက်တောင် တုံးတာလား… “

“ ချစ်လွန်း၊ ယုံကြည်လွန်းလို့ နေမှပေါ့…။ ပြီးတော့ ရွှေသွားက သူ့ကို ရင်းရင်းနှီးနှီးပေါင်းတာ နင်တို့ အသိပဲ…။ သိုးရေခြုံတဲ့ ၀ံပုလွေမှန်း မိုးသီး မသိခဲ့ဘူး…။ အဲဒီ ရင်းနှီးမှုကို အသုံးချပြီး ငါ့ကို ကောင်းကောင်း ခြိမ်းခြောက်နေတော့တာ… “

“ တောက်….. သူနဲ့ ရှုပ်တယ်ဆိုတဲ့ ကောင်မတွေလည်း နင့်လိုပဲ အပိုင်ချူလိုက်တာ ဖြစ်မယ်.. “

ကြီးမေက ဒေါသလည်းထွက် ယူကြုံးမရ ဖြစ်နေပုံလည်းရတယ်။

“ မိုးသီးဘယ်လိုလုပ် သိသွားလဲ… “

“ ကျီးကန်းက အသားမဲလို့ အဖေအမေနဲ့ မတူလို့ လူတွေ လှောင်ပြောင်လွန်းကြတဲ့ အချိန်မှာ ထင်တယ်.. “

“ နောက်ပိုင်း သူက ငါ့ကို ဘယ်တုန်းက ကိုယ်ဝန်ဆောင်သလဲ ဆိုတာ မေးတယ်။ ငါက မသိဘူးလို့ပဲ ငြင်းခဲ့တယ်.. “

“ ကျီးကန်းကို မွေးတဲ့လနဲ့ ကိုယ်ဝန်ဆောင်တဲ့လကို သူပြန်စဉ်းစားခဲ့သလား မပြောတတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာ ရွှေသွားရဲ့ ယုတ်မာကြောင်းက တော်တော်ဆိုးရွားနေပြီလေ… “

“ သူက လယ်ထဲမှာ နှစ်လလောက်နေခဲ့တယ်။ ရွာပြန်ရောက်တော့ အလတ်မက ဖျားနာခဲ့သေးတယ်။ သူက ငါ့အနား မကပ်ဖြစ်တာ လေးလလောက် ရှိမလား မှတ်မိတော့ဘူး။ “

“ အင်းပေါ့လေ…. ရက်မပြည့်လမပြည့်ဆိုတော့ သူလည်း ရိပ်မိလောက်တာပေါ့..။ “

“ ငါ့တို့ မိသားစုဂုဏ်သိက္ခာကို သူထိန်းခဲ့ပါတယ်…။ ဒါပေမယ့် အိမ်ထောင်ရေးက အရင်လို စိုစိုပြေပြေ မရှိတော့ဘူး။ မိုးသီးက အဲဒီကတည်းက အရက်သောက်တတ်လာတာ။ သူ့ဟာသူမူးပြီး ရှင်းရှင်းပဲ နေခဲ့တယ်…”

“ အဲဒီနောက်ပိုင်း ငါလည်း ညညဆို အိမ်အောက် မဆင်းရအောင်၊ နေ့ဆိုလည်း လူနဲ့ မပြတ်အောင် သွားသတိနေသတိ နေလာတဲ့တာ နင်တို့ အသိပဲ။ “

“ အင်း.. မိုးသီးက ကျီးကန်းရှင်ပြုပွဲမှာ ဘုကန့်လန့်လုပ်တာ သူသိသွားလို့ကိုး… “

“ ဟုတ်တယ်။ သူ့သွေးမဟုတ်လို့ အဖေမခံနိုင်ဘူးဆိုပြီး အကြီးအကျယ် ရန်ဖြစ်သေးတယ်။ သူ့ကို ငါမနည်း ချော့ယူခဲ့ရတယ်။ သားကြီးနဲ့ သမီးတို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ဖို့၊ ပြီးတော့ မိသားစုဂုဏ်သိက္ခာ စောင့်စည်းပေးဖို့လေ… “

“ ဒါနဲ့ နင့်အဖေအမေ မသိခဲ့ကြဘူးလား.. “

‘ သိကြမယ် ထင်တာပဲ…။ ဖြစ်လာပြီးမှတော့ ဘာမှ မတတ်သာပဲ မသိသလိုပဲနေကြပုံရတယ်။ “

ကြီးမေနဲ့ ဒေါ်နန်းမူတို့ အသံတိတ်သွားကြတယ်။ တစ်အောက်လောက်ကြာမှ ကြီးမေကပဲ

“ ကလေးတွေရော ရိပ်မိကြသေးလား။ “

“ မသိဘူး ထင်တာပဲ…။ မသိပဲ ဒီအတိုင်း ရှိပါစေလို့ ငါ ဆုတောင်းပါတယ်ဟယ်…။ ကလေးတွေကို စိတ်ကွဲပြားမှု မရှိစေချင်ဘူး။ စိတ်သောက မဖြစ်စေချင်ဘူး။ အခုလိုပဲ မောင်နှမ အရင်းလို့ပဲ ယုံကြည်ပြီး ချစ်နိုင်ကြပစေတော့… “

ဒေါ်နန်းမူရဲ့ ရှိုက်သံက နည်းနည်းး ကျယ်လာတယ်လို့ ထင်ရတယ်။

ထမင်းချက်ချိန်ရောက်ပြီဆိုပြီး ကြီးမေကို နှုတ်ဆက်ပြီး သူမ ပြန်သွားတယ်။

ကျနော်လည်း သံသယကင်းတဲ့ သက်ပြင်းရှည်ကြီးကို ချပစ်လိုက်တယ်။ ကြီးမေက ထမင်းချက်ဖို့ အိမ်ပေါ် တက်လာတော့ ကျနော် အိပ်ပျော်နေသလို ဟန်ဆောင်လိုက်တယ်။

ဒါပေမယ့် စိတ်ထဲမှာတော့ အတွေးပေါင်းစုံပါပဲ…..။

ဦးရွှေသွားရဲ့ အစွမ်းထက်တဲ့ အနုဆေး၊ အဆောင်နဲ့ သူ့ကြောကုန်းက ဖေါက်ပြန်တတ်တယ်တဲ့ အင်းကွက်ကို ကျနော် သံသယရှိ သွားတယ်။ အဆောင်နဲ့ အင်းကွက် စွမ်းတာထက် သူ့ရဲ့ဓါးမြှောင်နဲ့ ယုတ်မာလွန်းလှသော စိတ်ဓါတ်ကပဲ ပိုစွမ်းနေသလားပဲ…။

သူ့ရဲ့ ယုတ်မာမှုတွေမှာ မိန်းမပျိုတွေ မပါသလောက်ပဲ။ သူယုတ်မာလိုက်တဲ့ အမျိုးသမီးတွေက အများဖြင့် ကလေးတစ်ယောက်၊နှစ်ယောက် ရပြီး တစ်သားမွေးတစ်သွေးလှတတ်တဲ့ မိန်းမတွေသာများတယ်။

ဖြစ်နိုင်ခြေက ဒီလို မိသားစုရှိခါစ မိန်းမသားတွေမှာ အားနည်းချက်ရှိတာ သူသိပုံရတယ်။ ဒီလို အိမ်ထောင်ရေး အနည်ထိုင်စ မိန်းမသားတွေမှာ သူတို့ဂုဏ်သိက္ခာ၊ လင်ယောက်ျားဂုဏ်သိက္ခာ၊ သားသမီး ဂုဏ်သိက္ခာ၊ မိဘဂုဏ်သိက္ခာ စတဲ့ ထောက်ထားစရာတွေ များလို့ သူ့ရဲ့ ယုတ်မာတဲ့ ကွန်ယက်မှာ အလွန်မရုန်းသာဖြစ်သွားတယ်။

ဂုဏ်သိက္ခာတစ်ခုအတွက် အိပ်မက်ဆိုးကို ဖုံးဖိမေ့ပျောက်ရင်းပေါ့…။

တစ်ခုပဲ တွေးပူမိတယ်။

မြို့ပေါ် ရောက်နေတဲ့ ဦးရွှေသွားကြီးက ရွာက အလှူကြီး၊ ပွဲကြီးဆို ပြန်လာတတ်တယ်။ အဲဒီအချိန်မှာ သူ့ရုပ်ပေါက်နေတဲ့ ကျီးကန်းကို မြင်မိလေမလား…….။

မြင်မိသွားပြီးရင် သူဘယ်လို ခံစားရမလဲ….

ဒါမှမဟုတ် အရင်ကလိုပဲ ဘာသိဘာသာနဲ့ ဂုဏ်သိက္ခာတစ်ပဲသားနဲ့ နေနေဦးမှာလား….။

မသိခဲ့လို့ မသိသလိုပဲ နေနိုင်ပါစေလို့ ကျနော် ဆန္ဒပြုမိတယ်။

ကျီးကန်းလည်း သူ့ကလေး ရှင်ပြုတဲ့အခါကျရင် ဦးမိုးသီး၊ ဒေါ်နန်းမူတို့၏သား ရဟန်းလောင်း ခွန်ထွန်းဖေ အဖြစ်လည်းကောင်း၊ ကျီးကန်းရဲ့သား အတွက် ဦးမိုးသီး၊ ဒေါ်နန်းမူတို့၏မြေး၊ ဦးခွန်ထွန်းဖေ၊ ဒေါ်ထားရီ တို့၏သား ခွန်ရန်နိုင်အား ရှင်သာမဏေလောင်း အဖြစ်လည်းကောင်း ဖိတ်စာရိုက်ပြီး အလှူပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ ပျော်ပါးစည်းကားစွာ ကျင်းပနိုင်ဖို့ ဆန္ဒပြုမိပါကြောင်း…..။

ခမ်းကီး




ဓါတ်ပုံများကို အင်တာနက်စာမျက်နှာများမှ ကူးယူပါသည်။

8 comments:

Anonymous said...

ဖြစ်နိုင်ခြေက ဒီလို မိသားစုရှိခါစ မိန်းမသားတွေမှာ အားနည်းချက်ရှိတာ သူသိပုံရတယ်။ ဒီလို အိမ်ထောင်ရေး အနည်ထိုင်စ မိန်းမသားတွေမှာ သူတို့ဂုဏ်သိက္ခာ၊ လင်ယောက်ျားဂုဏ်သိက္ခာ၊ သားသမီး ဂုဏ်သိက္ခာ၊ မိဘဂုဏ်သိက္ခာ စတဲ့ ထောက်ထားစရာတွေ များလို့ သူ့ရဲ့ ယုတ်မာတဲ့ ကွန်ယက်မှာ အလွန်မရုန်းသာဖြစ်သွားတယ်။

ကျွန်တော့်အတွက် အသိတစ်ခု တိုးသွားစေတဲ့ စကားပါပဲဗျာ ... ကိုတွေ အိမ်ထောင်ကျတဲ့ အချိန်ကျရင်လည်း ကိုယ့်ရဲ့ အိမ်ထောင်ဘက် အမျိုးသမီးကို စိတ်အားမငယ်တတ်အောင် ၊ ကိစ္စတိုင်းကို ရင်ဆိုင်ရဲအောင် ... ယောကျာင်္းလုပ်သူနဲ့ တိုင်တိုင်ပင်ပင် ရှိနိုင်အောင် ပျိုးထောင် ထိန်းကျောင်းပေးဖို့ အသိတရားတစ်ခု ရခဲ့ပါတယ် .. ကျေးဇူးတင်ပါတယ် ကိုခမ်းကီး..
နေဒေးသစ်။

မသက်ဇင် said...

ခမ်းကီးရေ
"မှန်ကန်သော ဂုဏ်သိက္ခာ(မှားယွင်းသောဘ၀)
အခန်းဆက်တွေ ဖတ်သွားတယ်
အားပေးပါတယ်
ခင်မင်လျက်

မငုံ said...

အခန်းဆက် လာဖတ်သွားတယ်။ ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။

အပြုံးပန်း said...

လူ့ဘ၀မှာ အဲဒီလို အဖြစ်တွေ နောက်ထပ် နောက်ထပ် ရှိမလာစေလေအောင်
လူတွေ ပညာနဲ့သီလ ရှိလာကြပါစေလို့ပဲ
ဆုတောင်းရတော့မှာပဲ။

thetpaingthu said...

ဖတ်သွားတယ်..
ဇာတ်လမ်းက ရိုးပေမယ့်... တော်တော်ကောင်းတယ်
စဉ်းစားစရာတွေလည်း အများကြိးရတယ်
ထပ်ရေးဦးနော်

မဆုမွန် said...

ဟူးးး

တော်တော်ယုတ်မာတာပဲနော်..
မိန်းကလေးတွေက တစ်ခုခုဆို ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပြောစရာဖြစ်မှာ သိပ်ကြောက်ကြရတာကိုး..

ကိုယ့်ဘေးက အရင်းနှီးဆုံး ကိုယ့်ခင်ပွန်းကိုလဲ မပြောရဲ မိဘလဲ မပြောရဲတော့ အနိုင်ကျင့်ချင်တိုင်း အကျင့်ခံရတာပေါ့ သနားပါတယ်..စိတ်မကောင်းလိုက်တာ

တကယ်ပြောတာ တကယ့်လို များ တစ်ခုခုဆိုရင်တော့ သူသေ ကိုယ်သေပဲ တကယ်ပြောတာ ယောက်ျားကြီးဖြစ်ပြီး အဲ့သလို အနိုင်ကျင့်တဲ့သူ ကျွန်မ သိပ်မုန်းတယ်

မြစ်ကျိုးအင်း said...

အပိုင်း ၂ ပိုင်းစလုံး အရမ်းဆွဲဆောင်မှုရှိတယ်...။
ခမ်ကီး စဉ်းစားမိတဲ့မှတ်ချက်က ပိုပြီးတော့ တန်ဘိုးရှိတယ်...အိမ်ထောင်ရှင် အမျိုးသားတွေ ကိုယ်တိုင် မိသားစုအတွက် မမေ့သင့်တဲ့မှတ်ချက်ပါပဲ

နွယ်ရိုး said...

တော်တော်လေသွားတယ်၊ ကိုယ်တိုင် အိမ်ထောင်ရက်သားများ ကျရင် ဘယ်လိုမှ စိတ်ချနိုင်တော့မှာမဟုတ်ဘူး...... ဟူး.................. ရွှေမင်းသမီးကို ကျုပ် ထဲထည့်ပြီး ငုံထားလို့ရတဲ့ ဘီလူးလို အစွမ်းရှိရင်လည်း ကောင်းသား။